အောင်သက်ဝိုင်း Sunday, 14 November 2010 19:21 ဆောင်းပါး
နေ့လယ် မွန်းတည့်ချိန် နေခြစ်ခြစ်တောက် ပူနေပြီဖြစ်ပေမယ့် ထောင်သောင်းချီ မရေမတွက်နိုင်တဲ့ လူတွေက အရိပ် အမိုး အကာ မပါတဲ့ ကားလမ်းမကြီးပေါ်မှာ မတ်တတ်ရပ်သူက ရပ်၊ ထိုင်သူက ထိုင်နဲ့ နေပူဒဏ်ကို အံတုနေကြတယ်။
လူထု မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
လူတွေ အားလုံးမျက်နှာမှာ ချွေးတွေက ရေတံခွန်အလား တဒီးဒီးစီးကျ ပင်ပန်းနွမ်းနယ်နေကြတယ်။ ဒါပေမယ့် သူတို့ရဲ့မျက်လုံး တွေ က နေမင်းကြီးလို အရောင်တောက်ပ လွန်းတယ်။ အချို့လူတွေက သစ်ပင်တွေပေါ်မှာ။ အချို့လူတွေက ကားခေါင်မိုး တွေ ပေါ်မှာ ။ အချို့လူတွေက မြင့်မားလှတဲ့ ခြံစည်းရိုးတွေပေါ်မှာ။ အချို့လူတွေက မြင့်မားလှတဲ့ ခြံစည်းရိုးသံတိုင်တွေကို ယီးလေးခိုလို့ နေတယ်။
ကင်မရာကိုင်ထားတဲ့ သတင်းထောက်၊ ပြည်သူတွေကလည်း နေရာတိုင်းမှာ ရှိနေတယ်။ သင်္ကန်းကို ခေါင်းပေါ်တင်ထား တဲ့ သံဃာတော်တွေ၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အို၊ အဘိုးအိုတွေ၊ ဖိနပ်ကို ခါးကြားညှပ်လို့ ပူခြစ်နေတဲ့ ကတ္တရာ လမ်းမပေါ် ငုတ်တုတ်ထိုင်နေသူတွေက ဒုနဲ့ဒေး။ သူတို့ရဲ့မျက်လုံးတွေ အကုန်လုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို့ ဆိုင်းဘုတ် ထောင်ထားတဲ့ နှစ်ထပ် အိမ်ဝင်းထဲ ဆီကိုပါ။
သူတို့ အားလုံး စောင့်မျှော်နေသူက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။
နေ့လယ် ၁၁ နာရီ ၃၀ မိနစ် ကျော် ရှိနေပြီဖြစ်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တည်ရှိရာ ကားလမ်းမကြီးပေါ်မှာ လူများ တဖြည်းဖြည်း ပိုပို များလာ တယ်။ မနေ့ကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ နေ့လယ် ၁၂ နာရီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် တည်ရှိရာ ရွှေဂုံတိုင်မှာ ပထမ ဆုံး သော မိန့်ခွန်းပြောကြားမယ်လို့ ပြောဆို ထားတာ ကြောင့် ပြည်သူတွေ လာရောက် စုဝေးနေတာပါ။
အချို့လူတွေက We Love Su ဆိုတဲ့ စာတန်းပါ စာရွက်တွေကို ကိုင်ဆောင်ထားကြပြီး အချို့လူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင် ထားကြတယ်။ “အမေစု” ”ဒေါ်အောင်ဆန်းစုကြည်” “ကျန်းမာပါစေ” ဆိုတဲ့ ပြိုင်တူ အော်ဟစ် သံတွေ ကလည်း မကြာခဏဆိုသလို လူအုပ်တွင်းက ထွက်ပေါ်နေတယ်။
အော်ဟစ်သံတွေနဲ့ လူအုပ်ကြီး လှုပ်လှုပ်ရွရွ၊ ၀ရုန်းသုန်းကားဖြစ်လာပြီဆိုရင် “စည်းကမ်းရှိပါ” “စည်းကမ်းရှိပါ” ဆိုတဲ့ အသံတွေက လူအုပ်အတွင်းက ပြိုင်တူထွက်ပေါ်လာတယ်။ အဲဒီအခါ လှုပ်လှုပ်ရွရွဖြစ်သွားတဲ့ လူထုက ပြန်ငြိမ်သွားတယ်။
လက်ခုပ်သံတွေကလည်း အချိန်တိုင်းလိုလို တဖြောင်းဖြောင်းနဲ့ ထွက်ပေါ်နေတယ်။ ပုံမှန် ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ လာရောက် သတင်းယူ၊ ဓာတ်ပုံရိုက်လေ့ရှိတဲ့ စစ်အစိုးရ ဘက်တော်သား အရပ်ဝတ်ရဲတွေ၊ စစ် ထောက်လှမ်းရေး တွေ လည်း ပျောက်ချင်းမလှ ပျောက်နေတယ်။ ဒါပေမယ့် အနီးအနား ဓမ္မာရုံ နှစ်ထပ် ကျောင်းဆောင်ပေါ်ကနေ ကင်မရာတွေနဲ့ ဓာတ်ပုံ၊
ဗီဒီယို ရိုက်ကူးနေတဲ့ ယူနီဖောင်းဝတ် ရဲအရာရှိတွေ တော်တော်များများ ရှိနေတယ်။
ကဗျာဆရာ ဖျာပုံနီလုံဦး ရေးဖွဲ့ထားတဲ့
အောင်ဆန်းသွေး ဇာနည်
အနာဂတ် မြန်မာပြည်
ဒီမိုနှင့် လူ့ အခွင့်အရေး
ဒေါင်းမိခင် ရဲရဲတောက်
ဖောက်ထွက်မယ်လေး....။
စတဲ့ “အောင်ပွဲရသည့်တိုင်” ကဗျာထဲက စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ကိုင်ဆောင်ရင်း “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့ အုပ်စုလိုက် ကြွေးကြော်နေသူတွေလည်း တွေ့နေရတယ်။ လူတွေ အားလုံးက တက်ကြွ လှုပ်ရှားနေကြတယ်။ လူတိုင်းမှာ အပြုံးတွေကိုယ်စီ တွေ့မြင်နေရတယ်။
နေ့လယ် ၁၂ နာရီမှာတော့ “ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီ” ဆိုတဲ့ အသံတွေနဲ့ လူတွေ ပြေးလွှား နေကြတယ်။
အသံချဲ့စက်က မိန့်ခွန်းပြောနေပေမယ့် ထောင်သောင်း ချီရှိတဲ့ လူအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံက မလွှမ်းမိုးနိုင်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးရှေ့ဝန်းကျင်မှာ ထိုင်နေတဲ့ လူတွေကလွဲရင် လူအများစုက ဒေါ်အောင်ဆန်းစုကြည် အသံကို
မကြားရဘူး။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို ကောင်းကောင်းကြားနေရတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည် စကားတခွန်း ဆုံးတိုင်း လက်ခုပ်တွေ တီးကြတဲ့အခါ အသံကိုမကြားဘဲ အဖွဲ့ချုပ်ရုံးနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတဲ့ လူတွေက လက်ခုပ် လိုက်တီး ကြတယ်။
နေ့လယ် ၁၂ နာရီအချိန်ကစပြီး လက်ခုပ်သံတွေက သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တဖြောင်း ဖြောင်း ပေါ်ထွက်နေတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို လမ်းလျှောက်လာတဲ့ လူတန်း ရှည်ကြီးတွေကလည်း မနည်းလှ။
“အသံလည်း မကြားရဘူး။ မြင်လည်း မမြင်ရဘူး။ ဒါပေမယ့် ကျေနပ်တယ်။ ဒီလူတွေက ပိုက်ဆံ ပေးလို့လာတာလည်း မဟုတ်ဘူး။ အခွင့်အရေးပေးလို့လာတယ်မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာ နဲ့ လာကြတာ။ မမြင်ရတဲ့ သံယောဇဉ်နဲ့ လာကြတယ်။ တို့တော့ကျေနပ် တယ် ဟေ့”ဟု ရန်ကုန်မြို့သို့ မန္တလေးမှ လာရောက်ခဲ့သူ အသက် ၆၀ ကျော်အရွယ် ဦးကြည်ထွန်း ဆိုတဲ့ မန္တလေးသား တဦးက ပြောတယ်။
assk-press-conference-since-02
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက်နားထောင်တဲ့ လူထု ပရိသတ် (ဓာတ်ပုံ - ရိုက်တာ)
သူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီဆိုတာနဲ့ မန္တလေးကနေ ရရာကားစီး လာပြီး မိန့်ခွန်း လာနားထောင်တာပါတဲ့။ ဦးကြည်ထွန်းလိုပဲ အနယ်နယ်အရပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ကို မြင်ချင်လွန်းလို့၊ တွေ့ချင်လွန်းလို့ လာရောက်ကြတဲ့ နယ် ဒေသခံ ကလည်း လူအုပ်ထဲမှာ အများအပြား ရှိနေပါတယ်။
လူအုပ်ထဲမှာ သံဃာတော်တွေလည်း မနည်းလှပါဘူး။ ရွှေတိဂုံဘုရား ခြေတော်ရင်းက ကျောင်းတိုက် တခုမှာ သီတင်းသုံး နေထိုင် တဲ့ သံဃာတပါးက သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လွန်းလို့ ဆွမ်းမစားဘဲ နေ့လယ် ၁၁ နာရီ ကတည်းက လာ စောင့်နေတယ် လို့ ဆိုပါတယ်။
လူအုပ်နားမှာ ဈေးလာရောင်တဲ့ ကွမ်းယာသည်၊ ငုံးဥပြုတ်သည်၊ ရေသန့် ရောင်းသူတွေ အပါအ၀င် လမ်းဘေးဈေးသည် ရာပေါင်း များစွာကိုလည်း တွေ့မြင်ရတယ်။
အပြာရောင် ရင့်ရင့် အင်္ကျီနဲ့ ချိတ်ထဘီကို မြန်မာ ဆန်ဆန် ၀တ်ဆင်ထားပြီး လည်ပင်းမှာ စံပယ် ပန်းတကုံး ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို မမောနိုင်မပန်းနိုင် ဆက်တိုက် မိန့်ခွန်းတွေ ပြောနေတယ်။
ပြည်သူတွေအားလုံး ကျေနပ်နေကြတယ်။ ပြည်သူတွေအားလုံး ရယ်မောပျော်ရွှင်နေကြတယ်။ ပြည်သူတွေ အားလုံး ပီတိ ဖြစ်နေကြတယ်။ ပြည်သူတွေအားလုံး လက်ခုပ်တီးနေကြတယ်။
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့ ကြွေးကြော်သံ၊ လက်ခုပ်သံတွေနဲ့အတူ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမှန်တရားချစ်စိတ်တွေ ပြန်လည် နိုးထ လာချေပြီ … ။Rest of your post



0 comments:
Post a Comment