ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု အန်ဒီအက်ဖ်ခေါင်းဆောင် ပြောကြား -ဝီရ / ၀၃ သြဂုတ် ၂၀၁၀
အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲတရပ် ဖြစ်မြောက်စေရန် အုပ်ချုပ်သူ စစ်အစိုးရအဆက်ဆက်က ပြဋ္ဌာန်းထားသော ကန့်သတ်အမိန့်ဥပဒေများကို ဥပဒေပညာရှင်တို့က ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ခွင့်ရရေးအတွက် အသနားခံစာ တင်ပြရမည်ဟု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားမှုနှင့်ပတ်သက်၍ နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရသူ အန်ဒီအက်ဖ်ပါတီဝင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
၎င်းက “ထောင်ဒဏ်လည်း အပြည့်ခံခဲ့ရပြီးပြီလေ။ ပြစ်ဒဏ်ပြည့်သွားလို့ လွတ်လာကြတယ်။ သာမန်လူတယောက်အနေနဲ့ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေကို ကန့်သတ်သလို အခုဖြစ်ရပ်က ပြနေတယ်။ ဒါ့အပြင် အနှစ် (၂၀) ကျော်လာပြီ ဖြစ်ပေမယ့် မဝင်ရဘူးလို့ ကန့်သတ်ထားဆဲ ဖြစ်တယ်။ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်လာဖို့ဆိုရင် တချို့သော ဥပဒေတွေကို ပယ်ဖျက်သင့်တာ ပယ်ဖျက်သွားဖို့ လိုတယ်။ ဒီလိုဥပဒေမျိုးတွေရဲ့ သက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ ပညာရှင်တွေက စူးစမ်းလေ့လာပြီး ပြန်သုံးသပ်သွားဖို့ လိုအပ်နေပြီလို့ ကျနော် ပြောချင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ (၁၂၁၊ ၁၂၂၊ ၁၂၄) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ဖူးသူ လက်ရှိ အန်ဒီအက်ဖ်ခေါင်းဆောင်များ ဖြစ်သော ဒု-ဥက္ကဋ္ဌ ဦးတင်အောင်၊ ဦးခင်မောင်ဆွေ၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ (၄) ဦးသည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ အသနားခံစာတင်ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက်တွင် နေပြည်တော်၌ ခေါ်ယူတွေ့ဆုံပြောကြားခဲ့သည်ဟု သိရသည်။
အသနားခံစာတင်ပြရန် တောင်းဆိုခြင်းခံရသူ အန်ဒီအက်ဖ် ခေါင်းဆောင် (၄) ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရွေးကောက်ခံရသည့် အန်အယ်လ်ဒီပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ခေါ် နဝတစစ်အစိုးရက အာဏာလွှဲပြောင်း မပေးခြင်းကြောင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းစဉ်က ၎င်းတို့ (၄) ဦးလည်း ပါဝင်ခဲ့၍ အဆိုပါအမှုဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
ဦးခင်မောင်ဆွေက “အသနားခံစာကို အမြန်ဆုံး တင်နိုင်ဖို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ဝင်ပြိုင်ခွင့်ပြုမလား၊ မပြုဘူးလားဆိုတာ မသေချာပါဘူး။ မရခဲ့ဘူးဆိုရင်တော့ လွတ်လပ်မှု၊ တရားမျှတမှု စတဲ့အချက်တွေနဲ့ ဒီရွေးကောက်ပွဲဟာ ဆန့်ကျင်သွေဖည်သွားနိုင်တယ်” ဟု ပြောသည်။
၎င်းတို့တင်ပြရမည့် အသနားခံစာတွင် အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတော် အကြည်အညိုပျက်စေရန် အလားတူ ပတ်သက်မည်မဟုတ်ကြောင်း စသည့် အဓိကခံဝန်ချက် (၂) ရပ်လည်း ပါရှိရမည်ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌမှတဆင့် အထက်သို့ ဆက်လက် ဆွေးနွေးရမည်ဖြစ်၍ အန်ဒီအက်ဖ် ခေါင်းဆောင်တို့က မျှော်လင့်ချက် သိပ်မထားကြောင်း သိရသည်။
“ကော်မရှင်ဥက္ကဋ္ဌက အသနားခံစာကို စိစစ်ပြီး အထက်ကို ဆက်တင်ပြရဦးမယ်ဆိုတော့ သိပ်မမျှော်လင့်ဘူး။ ဒါပေမယ့် တဖက်မှာ အန်ဒီအက်ဖ်ပါတီက ကျနော်တို့နာမည်တွေနဲ့ နိုင်ငံရေးမှတ်ပုံတင်ခွင့် ကျထားပြီးသား ပါတီဖြစ်တယ်။ ပါတီထဲက ဆက်လုပ်လို့ရတဲ့ တာဝန်ကနေ ဒီမိုကရေစီ ထွန်းကားရေးအတွက် ကျနော်တို့ဆက်လုပ်သွားမှာပါ” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) သည် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့ကတည်းက ပါတီမှတ်ပုံတင်ခွင့်ကျခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေး ပြောကြားခဲ့သည့် ဥပဒေသည် ၁၉၉၁ ခုနှစ် လွှတ်တော်အမတ်များအတွက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု၊ သတင်းထိန်ချန်မှုတို့ဖြင့် ပြစ်မှုထင်ရှားခဲ့လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့်မရှိကြောင်း၊ အဆိုပါဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက် ဥပဒေ၌လည်းကောင်း ဖော်ပြထားရှိခြင်းမရှိ၍ အန်ဒီအက်ဖ် အနေဖြင့် ဥပဒေကြောင်းအရ လျှောက်လဲသွားရန်ရှိကြောင်း သိရသည်။
အန်ဒီအက်ဖ်ပါတီသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ရှိ ဒဂုံလွင်လမ်းမ၌ ပါတီ၏ ဌာနချုပ်ကို သြဂုတ် (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် (၁၀၀) ခန့် ရရှိထားပြီဟု သိရသည်။
နအဖစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၆) ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် ပါတီများ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သြဂုတ် (၃) ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
သို့သော် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၀) အနက် ရွေးကောက်ပွဲကော်မရှင်သို့ အင်အားစာရင်း တင်ပြပြီးသည့် နိုင်ငံရေးပါတီ (၁၀) ခုသာ ရှိသေးကြောင်း သိရသည်။ Rest of your post
Wednesday, August 04, 2010
ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment