“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 21, 2010

ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ

ကျွန်တော်သည် ၁၉၉၅ ခုတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်တစ်ဦးဖြစ်ခဲ့ပါသည်။ မည်သူ တစ်ဦးတစ်ယောက် ၏ တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ တကယ်တိုးတက်ရေးအတွက် လုပ်ဆောင်မည်ဟု အထင်ရှိကာ ဝင်ခဲ့ခြင်း ဖြစ်ပါသည်။ အခွင့်အရေးကို မျှော်ကိုး၍ ဝင်ရောက်ခဲ့ခြင်းလည်း မဟုတ်ပါ။ ကျွန်တော် အသင်းဝင်စဉ်က အသင်းသား အလွန်ပင် နည်းပါးပါသေးသည်။ တစ်မြို့နယ် လုံးတွင်မှ ဦးရေ ၃၀ ကျော်မည် မထင်ပါ။ နောက်ပိုင်းတွင် ကျောင်းရှိကျောင်းသား အားလုံး မဝင်မနေရ ဖြစ်လာပါသည်။ ဘာမှလည်း မလုပ်ဘဲ အခွင့်အရေးတွေ ဇွတ်ပေးထားပါသည်။ အဆောက်အဦးများ ဆောက်ကာ အခိုင်အမာကြီးဖြစ်လာသည်။ ထိုအချိန်က မီးရထားဝန်ကြီး ဦးဝင်းစိန်က ခေါင်ဆောင် ဖြစ်သည်။ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်ကြသည် ကျွန်တော် မသိတော့ပါ။ တိုးတက်ရေး ဘာမှ မလုပ်သောကြောင့် ဖြစ်သည်။ နောက်ပိုင်း ကြံ့ဖွံ့ရုံးများသို့ ကွန်ပျူတာများရောက်၊ ကားလိုင်းများရောက် စသည်ဖြင့် တဖြည်းဖြည်းနယ်ချဲ့ ဝါးမြိုလာသည်။ ထောက်ခံပွဲ ဘာညာဆို အုပ်စုလိုက် ချီတက်ခိုင်းကြသည်။ ဆိုင်းဘုတ်ကိုင်ကြရသည်။ စာရွက်များပေးကာ အော်ခိုင်းသည်။ များသောများဖြင့် ကျောင်းမှ ကလေးငယ်များဖြစ်သည်။ ကျောင်းက ဆရာမ များကို ကြောက်၍ လိုက်ကြရခြင်း ဖြစ်ပါသည်။ စိတ်မပါလည်း လိုက်ရသည်။ မဆိုချင်လည်း ဆိုကြရပါသည်။

နောက်ပိုင်း အစိုးရ ထောက်ခံပွဲ၊ ဘာညာရှုံ့ချပွဲဆိုလျှင် ဘာမှ နားမလည်သော ကျောင်းသားလူငယ်လေးများကို စားပေါက်ချောင်၍ ဝင်နေသော ကြံ့ဖွံ့ မြို့နယ်အဆင့် လူကြီးများက ခိုင်းစားကြတော့သည်။ ဝတ်စုံလည်း သီးသန့်ချုပ်ပေးနေရန် မလိုပါ။ ကျောင်းတစ်ကျောင်းလုံး ကျောင်းဝတ်စုံ ဝတ်လာရမယ်ဟု ဆိုကာ ကားဖြင့် တင်ပြီး ခေါ်သွားခြင်း ဖြစ်ပါသည်။
ကြံ့ဖွံ့ အဖွဲ့ဝင်များကို အထူးအခွင့်အရေးများပေးပြီး ထောက်လှမ်းရေးသင်တန်းများပေးခြင်း၊ စည်းရုံးရေး သင်တန်းများပေးခြင်း ကို လုပ်လာကြသည်။ ၂၀၀၃ ခု နှစ်တွင်တော့ အဆိုးဆုံးအမှုကို ပြုခဲ့ကြသည်။
ဒီပဲယင်း လူသတ်ပွဲ ဖြစ်သည်။ ထိုလူသတ်ပွဲ မတိုင်မီ ကျွန်တော်တို့ ကြံ့ဖွံ့လူငယ်များ၊ အထူးသဖြင့် နယ်မှ ကြံ့ဖွံ့ရုံးတွင် ကပ်ရပ်နေရသည့် အဆင့်ဖြင့် ကျွေးမွေးထားသူ၊ မွေးမြူထားသူများကို မလိုက်မနေရ စနစ်ဖြင့် အတင်းအဓမ္မ ကားတင်ခေါ်သွားပြီး။ ဆန့်ကျင်ရေး လုပ်ခိုင်းခြင်းပင်ဖြစ်သည်။ လမ်းဘေးတွင် သူတို့ကိုင်ခိုင်း သည့် ဆိုင်းဘုတ်ကိုင်ရသည်။ သူတို့ အော်ခိုင်းတာကို လူနည်းနည်းဖြင့် အသံကျယ်ကျယ် ထွက်အောင် အသံချဲ့ စက်များ သုံးကာ အော်ကြရသည်။ ခဲဖြင့်ပေါက်ကြရသည်။ ပြည်သူများ၏ တန်ပြန်မှုကြောင့် အချို့ ကျောင်းသား ငယ်များ (ကြံ့ဖွံ့အရေခြုံ ပေးခြင်း ခံရသူများသည်) ခဲစာ မိကြသည်။ အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ရသည်။ ဖြူစင်သော အပြစ်ကင်းသည့် နယ်အဝေးမှ ကျောင်းသားပေါင်းများစွာ မသိနားမလည်ဘဲ ဒုစရိုက်နယ်ထဲ အသွတ်သွင်းခံကြရပါသည်။

တစ်နိုင်ငံလုံးတွင်း ကျောင်းများ၌ အသင်းမဝင်မနေရ ပုံစံများဖြည့်ခိုင်းကာ အသင်းဝင်ခိုင်းသည်။
ထိုကဲ့သို့
(၁) တရားမျှတမှုကင်းသော
(၂) ကိုယ်ကျိုးအတွက် ရက်စက်တတ်အောင် လေ့ကျင့်ပေးသော
(၃) အထက်လူကြီး ကြည်ဖြူပြီးရော မတရားချင်နေ လုပ်တာလုပ် မိမိကောင်းစားမည် ဟူသည့် စိတ်ဓာတ်ဆိုးများကို မွေးမြူပေးသော
(၄) နိုင်ငံတော်၏ ဘဏ္ဍာကို ခပ်တည်တည် သုံးပြီး ပြည်သူကို ပြန်လည် ဂုတ်သွေးစုပ်သော

အသင်းအဖွဲ့တွင် မသိနားမလည်၍ ပါဝင် ပါတ်သက်ခဲ့သော မန္တလေးတိုင်း၊ မန္တလေးမြို့၊ မဟာမြိုင်မြို့နယ်နေ ကျွန်တော် မောင်အောင်မင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးမှ လုံးဝ နှုတ်ထွက်ပါ ကြောင်း။

နောင်တများစွာဖြင့်
မောင်အောင်မင်း

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */