“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 19, 2010

ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်

မင်းနိုင်သူ Thursday, August 19, 2010
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ယနေ့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ ပါဝင်သော အစည်းဝေးတရပ်ကို ဒုဥက္ကဌ ဦးတင်ဦးနေအိမ်တွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ကျနော်တို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ခရီးသွား နေသူတွေ ကလွဲပြီး ကျန်တဲ့သူတွေ အားလုံး တက်တယ်။ နောက်ပြီး ဗဟိုဦးစီး အဖွဲ့ဝင် တွေလည်း တက်တယ်။ ဒီအစည်း အဝေးကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေ တွေဟာ ဒီမိုကရေစီနဲ့ လူ့ခွင့်အရေးတွေ ရရှိဖို့ ဘယ်လိုမှ ဦးတည်နိုင်မှာ မဟုတ်တဲ့ အတွက် ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ဖို့ ဆုံးဖြတ် လိုက်တယ်။ နောက်တခုက ရွေးကောက်ပွဲ ဥပေဒေ တွေမှာ ဖော်ပြထား တဲ့အတိုင်း မဲဆန္ဒရှင် လူထုအနေနဲ့ မိမိဆန္ဒအတိုင်း မဲမပေးဘဲ နေပိုင်ခွင့် ရှိတယ်လို့ NLD က သုံးသပ်တယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အခန်း (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဎ) တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ဟူသော အပိုဒ်၌ “ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုသည်”ဟု ဖော်ပြထားသည်။

NLD အနေဖြင့် လူထုနှင့်လက်တွဲ၍ ရှေ့ဆက်ပြီး မည်သို့ လုပ်ဆောင်သွားမည် ဆိုသည်ကိုမူ အသေးစိတ် မပြောနိုင်သေး ကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း လွန်ခဲ့သည့်လက ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ပုဒ်မ ၃ အရ တားမြစ်ချက်များကို မည်သူမဆို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အနှစ်၂၀ အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သြဂုတ်လ အစောပိုင်း မြန်မာ့အလင်း သတင်းစာတွင် ဥပဒေလေ့လာသူတဦး အမည်ခံ ဆောင်းပါးရှင်းက ရေးသားခဲ့သည်။

ယင်း ဥပဒေ ပုဒ်မ ၃ သည် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး၊ အမျိုးသား ညီလာခံ
လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သော ဥပဒေ တရပ်ဖြစ်ကြောင်း ဥပဒေလေ့လာသူ တဦး အမည်ခံ ဆောင်းပါးရှင်က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက်ချခဲ့သည်။

ထို့နောက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဝင်ရပ်တည်ခွင့်ပယ်ဖျက်ခံရသည့်အပေါ် NLD ပါတီက နအဖကို ဧပြီ ၂၉ ရက်တွင် တရားစွဲဆိုခဲ့သော်လည်း ရန်ကုန်တိုင်းတရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချ ထားခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီရှိပြီး ပါတီ ၄၀ ကို မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။

မှတ်ပုံတင်ကျပြီးသော ပါတီ ၄၀ အနက် ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က ပါတီဝင်အင်အားစာရင်း တင်ပြခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါဝင် ၁၈ ပါတီသည် ပါတီဝင်အင်အားစာရင်း တင်ပြခဲ့ပြီး ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */