“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 25, 2010

မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရမ် အာဏာရပါတီပြော

ဆလိုင်းထွန်း | အင်္ဂါနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျသည့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် မီဇိုရမ်ရှိ အာဏာရ ကွန်ဂရက်ပါတီက မြန်မာစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေလိုကြောင်း ယနေ့ ပြောဆိုသည်။

“ဒီမိုကရေစီ နည်းလမ်းတကျနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် ကျနော်တို့ပါတီအနေနဲ့ ပိုပြီးတော့ ကြိုဆိုမယ်။ ရွေးကောက်ပွဲကို အများကြီး သံသယရှိတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်မှာ တကယ်စိုးရိမ်တယ်” ဟု ကွန်ဂရက်ပါတီ သတင်းနှင့် ပြန်ကြားရေးဌာန ဥက္ကဋ္ဌ Pu P.C. Lalruata က ပြောသည်။

misorem

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း မီဇိုရမ်ပြည်နယ်သို့ သွားနေကြသည့် မြန်မာခရီးသည်များ
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လွတ်လပ်မျှတမှု ရှိစေရေးအတွက် ကုလသမဂ္ဂကို အနီးကပ် စောင့်ကြည့်ခွင့် ပေးသင့်ကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်အထက် စစ်အစိုးရ မရှိသင့်ကြောင်း ၎င်းတို့က ထောက်ပြပြောဆိုသည်။

“ပြည်သူတွေကို လွတ်လွတ်လပ်လပ် ထားပြီးမှ ရွေးကောက်ပွဲကို ကျင်းပရင် လွတ်လပ်ပြီး တရားမျှတနိုင်မယ်။ အခု ဖြစ်နေပုံက ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် လုပ်နေတာနဲ့ မတူဘူး။ မျက်နှာသစ်တာလောက်ပဲလို့ မြင်တယ်” ဟု ကွန်ဂရက်ပါတီမှ လွှတ်တော်အမတ် Pu C.L Ruala ကလည်း မှတ်ချက်ပေးသည်။

နှစ်ပေါင်းများစွာ ပြည်သူလူထု လွတ်လပ်မှု ဆုံးနေခဲ့ရာမှ ရွေးကောက်ပွဲ ကျင်းပမည်ကို ဝမ်းမြောက်သော်လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကာ ပါဝင်စေသင့်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

“ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်သင့်တယ်။ မလွှတ်ရင်တောင် ထောင်ထဲကနေ ရွေးကောက်ပွဲကို ပါဝင်နိုင်ခွင့်တော့ ရှိသင့်တယ်။ ဒီမှာတော့ ထောင်ထဲက လူတွေ ရွေးကောက်ပွဲ ပါဝင်ခွင့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် မလွှတ်ဘဲ ရွေးကောက်ပွဲ လုပ်တာ မကောင်းဘူး” ဟု အတိုက်အခံပါတီ မီဇိုအမျိုးသားတပ်ဦး (Mizo National Front) အမတ်ဟောင်း Pu Vanlalzawma က ပြောသည်။

ကွန်ဂရက်အမတ် Pu C.L Ruala ကလည်း “၉ဝ ပြည့်နှစ်တုန်းက မဲအနိုင်ရသူကို အာဏာလွှဲမပေးဘူး။ အခုလည်း စစ်တပ်လက်အောက်မှာ ကျင်းပမယ်ဆိုတော့ ကောင်းမယ်လို့ လုံးဝ မထင်ဘူး။ လွတ်လွတ်လပ်လပ်နဲ့ စည်းရုံးခွင့်ပေးရင် ရွေးကောက်ပွဲက မျှတမှု ရှိနိုင်မယ်” ဟု ပြောသည်။

အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သဖြင့် မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံမှု ပေးနိုင်ကြောင်းနှင့် ဒီမိုကရေစီနည်းကျ မကျင်းပပါက ထောက်ခံဖွယ်မရှိကြောင်း မီဇိုရမ်ပြည်နယ် ပါတီခေါင်းဆောင်များက ဆိုသည်။

အိန္ဒိယအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မှာ အဓိက လိုအပ်ချက် ဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံ တရုတ်နှင့်လည်း ချိန်ခွင်လျှာညှိနေသောကြောင့် ဆက်ဆံရေး ကောင်းမွန်လိုကြောင်း Pu C.L Ruala ပြောသည်။

သူက ဆက်ပြီး “မြန်မာပြည်သူတွေရဲ့ အခက်အခဲဆိုရင် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းပဲဖြစ်ဖြစ် သန်းပေါင်းများစွာ ပေးနေတယ်။ မြန်မာမှာ သဘာဝဓာတ်ငွေ့တွေ ဘယ်လောက်ရှိလဲသိတော့ အိန္ဒိယကလည်း လိုအပ်နေတော့ ဒီအတိုင်း ပစ်ထားဖို့ ခက်ခဲတယ်။ တရုတ်ကလည်း မြန်မာကို အဓိက ပစ်မှတ်ထားနေတော့ တရုတ် တလက်ကိုင်ဖြစ်မသွားအောင် အိန္ဒိယက တတ်နိုင်သလောက် အားထုတ်နေတာ” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ သောင်းကျော် ရွှေ့ပြောင်းလုပ်သားအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */