ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၈ ရက်၊ ၂၀၀၈ ခုနှစ်။
လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းလာသည့် မြန်မာစစ် အစိုးရတပ်ဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ)တို့ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရစစ်တပ်မှ တဦး ဒဏ်ရာရရှိသည်ဟု ကေအဲန်ပီပီ ဒု-စစ်ဦးစီးချုပ်က ပြောသည်။
"ဖြစ်တာကတော့ ဒီမနက်မှ ဖြစ်တာ အဲဒီ မယ်စဲ့မြို့နယ်မှာ။ ဒီမနက် ၈ နာရီ။ (နအဖ) ၄၂၉ က တပ်သားတယောက် ထိခိုက်တယ်လို့တော့ ကြားတယ်။ သူတို့စခန်းဘေးနားမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်လို့ပြောတယ်။ ဆယ်မိနစ်လောက်။" ဟု
ကေအဲန်ပီပီ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။
မြန်မာစစ်အစိုးရတပ်ဖွဲ့သည် ကယား (ခေါ်) ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလာချိန်တွင် ကေအဲန်ပီပီတပ်ဖွဲ့များနှင့် တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။
"၂၀၁၀ မှာ မဲထည့်ဖို့ပေါ့။ သူတို့က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရွာသူရွာသားတွေကို လိုက် စည်းရုံး နေတယ်လေ။ အဲဒီအချိန်မှာ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ ဒီမနက်မှာ တပွဲပေါ့။ သုံးရက်နေ့က တပွဲပေါ့ မော်ချီးဘက်မှာ။ "
ကေအဲန်ပီပီအနေနှင့် လူထု မဲမထည့်ရန်အတွက် စည်းရုံးဆောင်ရွက်ရန် ပြင်ဆင်နေသည်။
ဒီဇင်ဘာလဆန်းအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ မြန်မာစစ်တပ်မှ တပ်သားတဦး ဒဏ်ရာ ရှိပြီး ကေအဲန်ပီပီ ဘက်မှ ထိခိုက်ဒဏ်ရာရှိခြင်း မရှိဟု သိရသည်။
Tuesday, December 09, 2008
စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်ဖွဲ့နှင့် ကေအဲန်ပီပီ တိုက်ပွဲဖြစ်ပွား
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment