တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် နယ်လှည့် ဓမ္မကထိက ဆရာတော် ဥုးသုမင်္ဂလ ဟောကြားဆုံးမတော်မူသော တရားတော်များကို နာယူရန်အတွက် ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများ၊ မြို့မိမြို့ဖများမှ ၂၃.၁၂.၂၀၀၈ ရက်နေ့တွင် ထားဝယ်မြို့၏ ကျက်သရေဆောင်ဖြစ်တော်မူသော၊ တရားနာပရိသတ်များ တရားနာယူရန်အတွက် နေရာ ကျယ်ကျယ်ပြန့်ပြန့်ရှိသော လောကမာရဇိန်ဘုရားကြီးဝင်းတွင် ကျင်းပရန် စီစဉ်ထားရှိပါသည်။ ထို့ကြောင့် ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီး၏ ဂေါပကအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံရာတွင် ဘုရားဂေါပက ဥက္ကဋ္ဌမှ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ ဖြူးဆရာတော် ဦးနရပတိ၊ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ တို့၏ တရားပွဲများကို ဘုရားကြီးဝင်းအတွင်းတွင် ပြုလုပ်ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် တားမြစ်ခဲ့ပါသည်။ ကျန် ဘုရားဂေါပကအဖွဲ့ဝင်များမှ တရားပွဲကျင်းပခြင်းကို ခွင့်ပြုပေးလိုသော်လည်း ဥက္ကဋ္ဌမှ အကြောက်အကန် ကန့်ကွက်သောကြောင့် တရားပွဲ ကျင်းပခွင့် မရရှိခဲ့ပါ။ ထို့အတွက် မြို့မိမြို့ဖများမှ ထပ်မံ၍ အနူးအညွတ် မေတ္တာရပ်ခံခဲ့သော်လည်း ဂေါပကဥက္ကဋ္ဌမှ ခါးခါးသီးသီး ငြင်းဆန်သောကြောင့် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကျင်းပမည့် ဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲကို ထားဝယ်မြို့၊ မြို့မယဉ်ငေးရိပ်သာ ကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ရန် ပြောင်းရွှေ့စီစဉ်ခဲ့ရပါသည်။
ထို့အတွက် ထားဝယ်မြို့သူမြို့သားများမှ ဘုရားကြီးဂေါပကဥက္ကဋ္ဌဖြစ်သူအား စိတ်ပျက်လက်ပျက် ဖြစ်လျက်ရှိကြောင်း ကြားသိရပါသည်။ ဆရာတော်၏ တရားကို နာယူမည်ဟု ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုကြသော တရားနာမည့် ပရိသတ်အပေါင်းမှ ထိုတားမြစ်ကန့်ကွက်ရသည့် အကြောင်းရင်းကို အမျိုးမျိုး ဝေဖန်လျက်ရှိကြပါသည်။
ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌဆိုသူမှာ ရှေ့နေတစ်ဦးဖြစ်သော ဦးသန်းဆွေ (ခ) ဦးဖိုးထူး ဖြစ်ပါသည်။ ၎င်းသည် အမျိုးသားညီလာခံတွင် ထားဝယ်ဒေသခံ ကိုယ်စားလှယ်ဖြစ်ပြီး စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်) ကလောင်အမည်ဖြင့် မဂ္ဂဇင်းများတွင် သမိုင်းဖြစ်ရပ်များဟု ရေးသားနေသူလည်းဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်အဖြစ် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော်လည်း ၎င်း၏အစစ်အမှန် ကိုးကွယ်မှုမှာ ၃၇ မင်း နတ်များကို ကိုးကွယ်မှုပင်ဖြစ်သည်။ ၎င်း ဦးသန်းဆွေသည် တောင်ပြုံးနတ်ကန္နားပွဲတော်၏ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါသည်။
၎င်းအနေဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ဖြစ်သောကြောင့် အာဏာပိုင်များ၏ စေခိုင်းချက်ကြောင့် တားမြစ်ရခြင်းလား။ ဆရာတော်များမှ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ၏ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်ရာတွင် နတ်ကိုးကွယ်မှုအစရှိသော အယူဝါဒ လွဲများ ကို အမှားကိုပြင် အမှန်ကို ရောက်ရှိရန် ဝေဖန်ထောက်ပြခြင်းကို မကြိုက်မနှစ်သက်ခြင်းကြောင့်လား။ ထားဝယ်မြို့ နတ်ကတော် လောက၏ ခေါင်ချုပ်၊ တောင်ပြုံးပွဲတော်၏ အကြီးအကဲတစ်ဦးဖြစ်သောကြောင့် နတ်ကိုးကွယ်မှု၏ လွဲမှားမှုများကို ဝေဖန်ထောက်ပြ ဆုံးမညွှန်ပြတော်မူသော ဆရာတော်များ၏ အဆုံးအမကို နာသာခံခက် ဖြစ်နေသောကြောင့်လားဟု မြို့ခံများမှ ဝေဖန်ပြောကြားလျက် ရှိပါသည်။ ဤကဲ့သို့ မှန်ကန်တည့်မတ် သဘောထားမှန်ကန်သူများရှိရမည့် နေရာတွင် လွဲမှားနေသူများ ရောက်ရှိနေကြခြင်းကြောင့် သာသနာ့အကျိုး၊ နိုင်ငံ့အကျိုး ဆုတ်ယုတ်ကျဆင်းလျက်ရှိရာတွင် ယခု ဦးသန်းဆွေ (ခ) ဦးဖိုးထူးအပါအ၀င် ၎င်းကဲ့သို့သော ဗုဒ္ဓဘာသာအရေခြုံလူများအား အလွန်တရာ ဆိုးဝါးလွန်းသော ဓမ္မန္တရာယ်များသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြောင်း အထင်အရှား တွေ့မြင်နေရပေသည်။
Monday, December 22, 2008
ထားဝယ်မြို့မှ ဓမ္မန္တရာယ်များ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment