“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, December 30, 2008

ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ

Monday, 29 December 2008 ဖြိုးကြီး

ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော်ကို မဲဆောက်မြို့ရှိ ဆာသူးလေ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း (၆၀) ကျော်ရှိသည့်အနက် ကျောင်းပေါင်း (၃၀) နှင့် ထိုင်းစာသင်ကျောင်း (၄) ကျောင်းမှ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။

“ထိုင်းနဲ့ မြန်မာကလေးတွေ ချစ်ကြည်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်မှုကို မြင်ချင်တယ်၊ သူတို့အချင်းချင်း အသိပညာ အတတ်ပညာတွေကို ဖလှယ်ဖို့၊ နောက်တခုက ထိုင်းကျောင်းက ဆရာ/ဆရာမတွေရော ရွှေ့ပြောင်းမြန်မာကျောင်းက ဆရာ/ဆရာမတွေရော ပူးပေါင်းပြီးတော့ ပညာရေးလုပ်ငန်းတွေကို ဆက်လက်ပြီးတော့ လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်”ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက ပြောသည်။

အဆိုပါပွဲတော်တွင် ဘာသာစကားခြားနားမှုမရှိဘဲ ထိုင်းကျောင်းသားကျောင်းသူများနှင့် မြန်မာကျောင်းသားကျောင်းသူများ အားလုံး အမူအယာကိုကြည့်ရုံဖြင့် နားလည်နိုင်သည့် ကစားနည်းများကို (BMWEC) က စီစဉ်ထားကြောင်း မြန်မာရွှေ့ပြောင်းဒေသ ဆရာ/ဆရာမများအစည်းအရုံး အတွင်းရေးမှူး ဒေါ်စန္ဒာဝင်းက ပြောသည်။

“ဒီပွဲကို ကျောင်းတိုင်းက လာကြတယ်၊ သူငယ်ချင်းတွေ ကိုယ်မသိတဲ့သူတွေကိုလဲ အခုသိရတော့ ပျော်ပါတယ်၊ အရင်တုန်းက ဒီလိုမျိုးပွဲတွေကို မတွေ့ဖူးပါဘူး၊ သမီးက မြန်မာပြည်မှာတော့ ကျောင်းမနေခဲ့ရဘူး”ဟု ပွဲတော်သို့ ရောက်လာသည့် (SAW) မြန်မာစာသင်ကျောင်းမှ လေးတန်းကျောင်းသူတဦးက ပြောသည်။

(BMWEC) အနေဖြင့် ယခင်က ပွဲတော်များ ကျင်းပခဲ့သော်လည်း ယခုအကြိမ်ကျင်းပရာတွင် ထိုင်းကျောင်းသားကျောင်းသူများ ပါဝင်လာသည့်အတွက် မြန်မာကလေးငယ်များအနေဖြင့် ထိုင်းကျောင်းသားများ နေပုံထိုင်ပုံများကို လေ့လာခွင့်ရမည်ဖြစ်ပြီး ဆရာမများအနေဖြင့်လည်း ပြုပြင်စရာရှိသည်များကို လမ်းညွှန်ပေးနိုင်မည်ဖြစ်ကြောင်း ဆရာမ ဒေါ်စန္ဒာဝင်းက ဆက်ပြောသည်။

“ကျောင်းသားဘဝဆိုတာ ဒီလိုပါလား၊ ကျောင်းသားဘဝမှာ လူမျိုး နိုင်ငံ ခွဲခြားတယ်ဆိုတာလဲ မရှိဘူး၊ ဘာသာခွဲခြားတာလဲမရှိဘူး ဆိုတာကို ကလေးတွေ သိသွားစေချင်တယ်၊ သူတို့အချင်းချင်း ကိုယ်အမူအယာနဲ့ပဲပြောပြော၊ ပြောတတ်လို့ပဲပြောပြော ကျမတို့ရရှိတဲ့ ရလဒ်က ကလေးအချင်းချင်းဟာ အတူတူပါပဲ”ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသရှိ မြန်မာကလေးငယ်များသည် ထိုင်းကလေးများအား အလိုလို အားငယ်ကြောက်ရွံ့မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ မကြာခဏ ပူးပေါင်းပေးခြင်းအားဖြင့် ထိုင်းကလေးငယ်များနှင့် ရင်းနှီးချစ်ကြည်မှုများ ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော်ကို ယနေ့မှ စတင်ကာ ဒီဇင်ဘာ (၃၀) ရက်နေ့အထိ နှစ်ရက်အကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=152:2008-12-29-15-19-59&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */