ရေးသူ- မောင်အေးဝင်း
ဘယ်တော့လုပ်မယ်လို့ မကြေငြာသေးတဲ့၊ လာတော့မယ်လို့ ထင်နေကြတဲ့၊ ရွေးကောက်ပွဲအတွက် လှုပ်ရွလှုပ်ရွ ဖြစ်နေကြတာ ကြားနေရလို့၊ အဝေး တနေရာကနေ ဗမာပြည်ရဲ့ အနှစ် (၆၀) အတွင်း ရွေးကောက်ပွဲ သမိုင်းတွေကို ပြန်ကြည့်မိပါတယ်။ ကိုယ်တို့ပြေ ကိုယ်တို့ရွာမှာ ဘယ်လိုရွေးကောက်ပွဲတွေ လုပ်ခဲ့ပါသလဲ။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပြည်ထောင်စု အစိုးရဟာ ပထမဦးဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကြီးကို ၁၉၅၁ ခုနှစ်မှာ ပြုလုပ်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေငြာပြီး ၁၈ လအကြာ၊ ၁၉၄၉ ခုနှစ် ဇွန်လမှာ ကျင်းပဖို့ပါဘဲ။
မကျင်းပနိုင်ပါဘူး။ လုံခြုံမှု အာမခံချက်မရှိလို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ (၂) နှစ်ကြာသွားပါတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ် ဇွန်လမှာမှ စတင် ကျင်းပနိုင်ပါတယ်။ ရွေးကောက်ပွဲကာလဟာ (၆) လလောက် ကြာခဲ့ပါတယ်။ ဒါတောင် တချို့ မဲဆန္ဒနယ်တွေမှာ မဲမပေးနိုင်ခဲ့ပါဘူး။
အဲဒီ ရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စုအစိုးရဟာ ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာကို ချိုးဖောက်တဲ့ အပြုအမူတွေ အမြောက် အမြား ပြုလုပ်ခဲ့တယ်။ လက်နက်ကိုင် ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ သတ်ဖြတ်မှုတွေ၊ မဲခိုးမှုတွေ၊ မဲပုံးပျက်စီးမှုတွေလည်း အများကြီးပါဘဲ။ "ရွေးကောက်ပွဲကိုလည်း အကြိမ်ကြိမ် အလီအလီ ကျင်းပခြင်း ပြုခဲ့ရာ၊ မဲဆန္ဒ နှစ်နယ်၌ ရှုံးနိမ့်သွားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးတို့သည် နောက်အကြိမ် ကျင်းပသော မဲဆန္ဒနယ် များတွင် အရွေးခံခြင်းပင် ပြုခွင့် ရရှိခဲ့ကြလေသည်" လို့ ဆရာဗန်းမော်တင်အောင်က "ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း" စာအုပ်မှာ ဖော်ပြထားပါတယ်။
သခင်တင်ဟာ ပထမအသုတ်ရွေးကောက်ပွဲမှာ သာယာဝတီခရိုင်က ၀င်ရွေးတာ ရှုံးသွားပါတယ်။ ဒုတိယအသုတ်မှာ ဖြူးမဲဆန္ဒနယ် က ၀င်ရွေးပြီး အမတ်ပြန်ဖြစ်ပါတယ်။
အဲဒီ ရွေးကောက်ပွဲကြီး ပြီးတော့ စပ်ရွှေသိုက်နေရာမှာ သမ္မတအသစ်ရွေးဖို့ အမျိုးသားလွှတ်တော်ကို သမ္မတလောင်းနှစ်ဦး တင်သွင်း လာပါတယ်။ တဦးက ကိုလိုနီဆန့်ကျင်ရေး ၀ံသာနု ကာလတုန်းက ဂျီစီဘီအေ အသင်းကြီးဥက္ကဌကြီး (ဟိုတုန်းက အခေါ် သမ္မတကြီး) ဖြစ်တဲ့ မွန်အမျိုးသား ဦးချစ်လှိုင်ဖြစ်ပြီး နောက်တဦးက တောင်သူလယ်သမားသူပုန် ကာလတုန်းက သူပုန်ခေါင်းဆောင်ကြီး ဆရာစံကို ကြိုးပေးခဲ့တဲ့၊ နယ်ချဲ့တို့အပေါ် အမှုတော်ထမ်း ကောင်းလို့ အင်္ဂလိပ်က ဆာဘွဲ့ပေး သူကောင်းပြုခံရတဲ့ ဦးဘဦး ဖြစ်တယ်။ ပြည်ထောင်စု အစိုးရဟာ ဦးဘဦးကို နာမည်ရှေ့က "ဒေါက်တာ" ဘွဲ့ ဆင်မြန်းပြီး နိုင်ငံတော် သမ္မတခန့်လိုက်ပါတယ်။
"အလွန်ကျဉ်းမြောင်းသည့် ဖဆပလ ဆိုရှယ်လစ်တို့သည် ဦးချစ်လှိုင်အား လက်မခံဘဲ၊ မိမိတို့ ကြိုးဆွဲရာကမည့်၊ ရွေးကောက်ပွဲတွင် မိမိတို့အား ကူညီခဲ့သည့် ဆာဘဦးကို ဇွတ်အတင်း တင်ခဲ့ပါသည်..." [ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေး- ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ]။
ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အရွယ်ရောက်ပြီး မဲဆန္ဒပေးနိုင်သူ ၈ သန်းရှိရာမှာ (၁) သန်းခွဲလောက် သာ မဲပေးနိုင်ခဲ့တာမို့ နှစ်ဆယ်ရာနှုန်းတောင်မပြည့်ပါဘူး။
အာဏာရ ဖဆပလအစိုးရဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်အရ၊ ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပပေးရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာရပါတီထဲမှာ အကွဲအပြဲတွေ အတော်ပြင်းထန်နေတာ တွေ့နေရပါပြီ။ ဦးကျော်ငြိမ်း နဲ့ ဦးနု အပြန်အလှန်ပေးစာ (၁၉၅၆ ခု ဇူလိုင် ၃ ရက်) ကို ကြည့်ရင် သိသာပါတယ်။ ၀န်ကြီးချုပ်ဦးနုနဲ့ သခင်တင်က တအုပ်စုနဲ့ ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဌ ဦးဘဆွေ နဲ့ ဦးကျော်ငြိမ်းက တအုပ်စု ဖြစ်ပါတယ်။ နုတင်- ဆွေငြိမ်း တိုက်ပွဲလို့ နံမည်တွင်ခဲ့ပါတယ်။
ဒီတချီ ရွေးကောက်ပွဲကို အလီလီအလာလာ လုပ်မနေတော့ပဲ တချီထဲနဲ့ အပြတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ် ၁၀ ခု ကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ထားရပါတယ်။ သတ်ဖြတ်မှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါ်ခဲ့ပါတယ်။
အာဏာရပါတီဟာ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကိုယူပြီး ပြည်တွင်းစစ် အမြစ်ဖြုတ်ရေး ရည်ရွယ်ချက်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ "ပြူစောထီး" ဆိုတာကို မွေးထုတ်ထားပါတယ်။ အဲဒီ ခါးပိုက်ဆောင် ပြူစောထီး တွေဟာ အတိုက်အခံတွေကို ညှင်းဆဲ ရုံမက၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ရမ်းကားချင်တိုင်း ရမ်းကားလာပါတယ်။ ရှမ်းပြည်နယ်မှာ ပအို့ဝ်အမတ် ဦးအောင်သာသတ်မှု၊ မင်းလှ လေးလောင်းပြိုင်၊ မြိတ် မပို သတ်မှုတို့ဟာ နာမည်ကျော်ခဲ့ပါတယ်။
ဒီ ဒုတိယအကြိမ် ရွေးကောက်ပွဲက ပထမအကြိမ်ထက် ၂ ဆနီးပါး တိုးတက် မဲပေးတာ တွေ့ရတယ်။
အာဏာရပါတီတွင်းတိုက်ပွဲဟာ နုတင်-ဆွေငြိမ်း ဆိုပြီး ပြောင်ကွဲသွားပါတယ်။ သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလ လို့ ဖြစ်သွားပါတယ်။ စစ်တပ်တွင်းက တည်မြဲဖဆပလကို လိုလားတဲ့ အင်အားစုတွေဟာ ဦးနုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစီလာပါတယ်။ ၁၉၅၈ စက်တင်ဘာ ၂၈ လောက်တွင် စစ်တပ်က အာဏာသိမ်းမယ်လို့ ကောလာဟလတွေ ထွက်လာပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၆ မှာတော့ ၀န်ကြီးချုပ်ဦးနုဟာ သူနဲ့ ဗိုလ်ချုပ်နေ၀င်း တို့ အပြန်အလှန် ပေးစာ နှစ်စောင်ကို ရေဒီယိုကနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပေးစာ ဆိုလိုရင်းက သူက ၀န်ကြီးချုပ်ရာထူးက ထွက်ပေးပြီး ဗိုလ်ချုပ်နေ၀င်းကို ၀န်ကြီးချုပ်ရာထူး ယူဖို့ ဖြစ်ပါတယ်။ အာဏာသိမ်းတော့မယ့် ဗိုလ်ချုပ်နေ၀င်းကို အကင်းပါးတဲ့ ဦးနုက သူ့သဘောနဲ့သူ လွှဲပေးလေဟန် တိုင်းပြည်ကို ကြေငြာလိုက်ပါတယ်။
တည်မြဲဖဆပလက စစ်တပ်ကို အာဏာလွှဲခြင်းအား ထောက်ခံရုံမက သူကပင် စစ်တပ်ကို အာဏာသိမ်း ခိုင်းသယောင် သတင်းလွှင့်ကြပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းကတော့ "ထိုသို့ သတင်းလွှင့်မှုကြောင့် (၀ါ) ဦးကျော်ငြိမ်း၏ စကားလုံးများအတိုင်း ရေးရလျှင် စစ်တပ်အတွက် အငှားတရားခံ လိုက်ခဲ့မှုကြောင့် ....." လို့ ၁၆ နှစ်နိုင်ငံရေး အတွေ့အကြုံ စာအုပ်ထဲ ရေးထားပါကြောင်း။
[ကိုးကားစာအုပ်များ။ ၁။ ဗန်းမောင်တင်အောင်- ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
၂။ ဗိုလ်ချုပ်အကို ဦးအောင်သန်း- ၁၆နှစ် နိုင်ငံရေးအတွေ့အကြုံ။
၃။ နုတင် နှင့် ဆွေငြိမ်း ဘယ်သူမှန်သလဲ။]
ရေးသားသူ မာယာ Blog ပိုင်ရှင် ကိုအေးဝင်းပါ
Sunday, August 08, 2010
ရွေးကောက်ပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment