“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 10, 2010

နယ်စပ်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေသည့် အဖွဲ့များနှင့် ကင်တားနား တွေ့ဆုံ



ရဲရင့် / ၀၉ သြဂုတ် ၂၀၁၀
မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်မရသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေမှန်များကို သိရှိနိုင်ရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် လာရောက်တွေ့ဆုံခဲ့သည်။

မစ္စတာကင်တားနားသည် ပြီးခဲ့သည့် စနေနေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရုံးသို့ လာရောက်ခဲ့ရာတွင် နအဖ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေမှန်များကို အချက်အလက်မှတ်တမ်းများဖြင့် ကင်တားနားအား ပေးအပ်ခဲ့သည်ဟု အဖွဲ့၏တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ဒီတခေါက်လာတာက မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရှာဖွေဖို့ နယ်စပ်ဒေသကို လာတာဖြစ်တယ်။ ဒီကိုလာရတဲ့အကြောင်းက သူဟာ မြန်မာနိုင်ငံထဲကိုဝင်ခွင့်မရဘူး။ လာမယ့် အောက်တိုဘာလောက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သူက အစီရင်ခံစာ တစောင် တင်ရမှာဖြစ်တယ်။ အဲဒီအတွက် အချက်အလက်တွေ စုဆောင်းဖို့လာတာဖြစ်တယ်” ဟု ပြောသည်။

မစ္စတာ ကင်တားနားနှင့် ဆွေးနွေးရာတွင် နိုင်ငံရေးအကျဉ်းသားများအကြောင်း၊ မြန်မာပြည် အကျဉ်းထောင်အခြေအနေများနှင့် နှိပ်စက်ညှဉ်းပန်းမှုအကြောင်းတို့ကို အဓိကပြောဆိုခဲ့ကြသည်ဟု ဦးဘိုကြည်က ပြောသည်။

“အခု လတ်တလော နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ကိုညီညီထွန်းတို့၊ ကိုဖြိုးဝေအောင်တို့အကြောင်းနဲ့ ခရမ်းဘက်က ရဲစခန်းတခုမှာ လည်ပင်းကို အလှီးခံရတဲ့ ကလေးတွေအကြောင်းကို အသေးစိတ်တင်ပြခဲ့တယ်။ ပြီးတော့ မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသားတွေကို နှိပ်စက်တဲ့ကိစ္စတွေကို အသေးစိတ်တင်ပြနိုင်ခဲ့တယ်။ အဲဒါအပြင် နယ်စပ်ဒေသမှာ တိုင်းရင်းသားတွေ၊ အတိုက်အခံအဖွဲ့ အစည်းတွေကို ထောက်ခံလို့ဆိုပြီး နအဖစစ်သားတွေက ဖမ်းဆီးသတ်ဖြတ်နေတာတွေအပြင် စစ်အခြေစိုက်စခန်းတွေမှာ ဖမ်းဆီးထားတာတွေကိုလည်း တင်ပြခဲ့တယ်။ ဒီနယ်စပ်ဒေသတွေမှာလည်း တနေရာနဲ့တနေရာ ပုန်းအောင်းပြေးလွှားနေရတဲ့ ရွာသားတွေအကြောင်း၊ ကလေးတွေအကြောင်းနဲ့ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရတဲ့ကိစ္စတွေကို အသေးစိတ် တင်ပြခဲ့တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ညီလာခံတခုတွင် ကင်တားနားတင်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် အစိုးရ၏မူဝါဒများကြောင့်ဖြစ်ပြီး စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ရိုးရိုးတန်းတန်း ဖြစ်ပွားနေခြင်းမဟုတ်ဘဲ လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့်ရာဇ၀တ်မှုကို နအဖက ကျူးလွန်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည့်အတွက် နအဖက ၎င်းကို ပြည်ဝင်ခွင့် မပေးခြင်းဖြစ်သည်ဟု သိရသည်။

အဓိက ၎င်း၏ အစီရင်ခံစာအတွက် တကယ့်အခြေအနေများကို ထင်ဟပ်စေမည့် သတင်းအချက်အလက်အမှန်များကို လေ့လာနိုင်ရန်အတွက် နယ်စပ်သို့ လာရောက်ခြင်းဖြစ်သည်ဟု ကင်တားနားက နယ်စပ်ရှိ လူ့အခွင့်အရေးအဖွဲ့များကို ပြောသည်။

မစ္စတာ ကင်တားနားသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အပါအ၀င် အခြား တိုင်းရင်းသားလူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်း အချို့တို့နှင့်လည်း သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */