12/14/2008
မောင်သစ်အောင် (နိရဉ္စရာ) ပြိုပျက်သွားသော ရှေ့ဟောင်းစေတီတော် နေရာတွင် အသစ်တဖန် စေတီတော် တဆူအား ပြန်လည် တည်ဆောက်ရန် အတွက် အုတ်မြစ်ချပွဲ အခန်းအနား တရပ်ကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ဒီဇင်္ဘာလ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အုတ်မြစ်ချပွဲ အခမ်းအနားသို့ မောင်တောမြို့ အောင်ဗလ ဆရာတော် အပါအ၀င် ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့မှ ဆရာတော်များ၊ ရပ်မိရပ်ဖများနှင့် တခြား ဖိတ်ကြားထားသူ လူပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ စေတီတော် အုတ်မြစ်ချပွဲသို့ တက်ရောက်လာသူများက ဆရာတော်များထံတွင် ငါးပါးသီလ ဆောက်တည်ကြပြီးနောက်
စေတီတော် ပန္နက်ချမည့် နေရာအား နံ့သာရည်များ ပက်ဖျန်းကြသည်။
၎င်းနောက်ပိုင်း မောင်တောမြို့မှ ကြွရောက်လာသော အောင်ဗလ ဆရာတော်ကြီးမှ စေတီတော် အလယ်ဗဟိုမှ အုတ်ကို စတင် ချပြီး တခြား အုတ် (၈) ချပ်ကို တက်ရောက်လာသူ ဆရာတော်များ အပါအ၀င် မြို့မိ မြို့ဖများက အသီးသီးချကြသည်။ ၎င်းအပြင် အရံ အုတ်ချပ် (၉) ချပ်ကိုလည်း မြို့ခံ များက ပန္နက်နေရာများတွင် အသီးသီး ချကြသည်။
ယင်းနောက်ပိုင်းတွင် စေတီတော် အုတ်မြစ်ချမည့် နေရာတွင် တက်ရောက်လာသူများက ရွှေငွေ စိန် ကျောက် အစရှိသည့် ပစ္စည်းများကို ဌာပနာ အဖြစ် ထည့်သွင်းကြသည်။
ဖလောင်းချိတ်မြို့ရှိ ထိပ်ကျင်းတောင် စေတီတော်မှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တည်ထားကိုးကွယ်ထား သော စေတီတော်တဆူဖြစ်ြပီး ဒေသခံ ကျူးကျော်သူများ၏ လက်ချက်ကြောင့် ၂၀၀၀ ခုနှစ်အတွင်းက ပြိုပျက်ခဲ့ရသည်။
ယခု တဖန် စေတီတော်ကို ဖလောင်းချိတ်မြို့သူ မြို့သားများက ဘာသာ လူမျိုး မတိမ်ကော မပျောက်စေရန် ရည်ရွယ်ပြီး ယခုနှစ်တွင် ပြန်လည် စတင် တည်ဆောက်ကြခြင်း ဖြစ်သည်။
မောင်တောမြို့မှ ကြွရောက်လာသော အောင်ဗလကျောင်း ဆရာတော်ကြီးမှ ထိပ်ကျင်းတောင် စေတီ နာမည်မှာ တုံးတိတိ ဖြစ်နေသဖြင့် အဆိုပါ စေတီတော်အား အဘယသုခ ထိပ်ကျင်းတောင် စေတီတော်ဟု ခေါ်ဆိုရန် သမုတ်သည်။
ယခုတည်ဆောက်မည့် စေတီတော် ဥာဏ်တော်အမြင့်မှာ ပေ ၃၀ ကျော်ရှိမည်ဖြစ်ပြီး အဆိုပါ စေတီတော်အား ဖလောင်းချိတ်မြို့ လေးဘက် လေးတန်က မြင်ရမည် ဖြစ်သည်။
စေတီတော် တည်ဆောက်မည့် အချိန်မှာ ၄ လခန့် လိုမည် ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြီးစီးမည် ဖြစ်သည်။ စေတီတော် အတွက် ကုန်ကျမည့် ငွေမှာ တာကာ ၁၀ သိန်းခန့်ရှိမည် ဖြစ်ပြီး အဆိုပါ လိုအပ်ငွေကို ဖလောင်းချိတ် မြို့သူ မြို့သားများ သာမက နိုင်ငံတကာရောက် ရခိုင်အမျိုးသားများကလည်း ထည့်ဝင်လျက် ရှိကြသည်။
စေတီတော်အား ရခိုင်ပြည်နယ်မှ ပန်းပုဆရာတော် တဦးမှ တည်ဆောက်မည် ဖြစ်ပြီး စေတီတော်ပုံစံ လက်ရာမှာ ရခိုင် ခေတ်ဟောင်းနှင့် ခေတ်သစ်ကို ရောမွေထားသော ပုံစံဖြစ်သည်ဟု သိရှိရသည်။
ကော့စ်ဘဇားမြို့လယ်တွင် အဆိုပါ ထိပ်ကျင်းတောင် စေတီတော် အပါအ၀င် ငခူတောင်တန်း စေတီများနှင့် မြစ်နားကျောင်း စေတီတော်တို့မှာ ရှေ့ဟောင်းသမိုင်းဝင် စေတီတော်များ ဖြစ်ကြပြီး ရှေ့ရခိုင် ဘုရင်လက်ကပင် တည်ဆောက်ခဲ့သော စေတီများ ဖြစ်ကြသည်။
Sunday, December 14, 2008
ကော့ဘဇားရှိ ထိပ်ကျောင်းတောင် စေတီတော် ပြန်လည် တည်ဆောက်ရန် အုတ်မြစ်ချ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment