သောကြာနေ့၊ 19 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်
စစ်အစိုးရ၏ရွှေလီမြစ် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံလုထု၏လယ်ယာများစွာ အဓမသိမ်းယူခြင်းခံခဲ့ရ ပြီး သဘာဝသစ်တော များစွာပြုန်းတီးသည့်အပြင်လျှပ်စစ်စီမံကိန်းပြီးဆုံးသော်လည်း ပြည်သူများ လျှပ်စစ်မီးမသုံး ရကြောင်း တရုတ်နယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။
ယခုနှစ်မေလ လားရှိုးအခြေစိုက် ရမခ (အရှေမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က နမ့်ခမ်းမြို့ကျားဖြူခန်းမ၌ မြို့ခံများအား “ရွှေလီမြစ်ရေအားလျှပ်စစ်စီမံကိန်းပြီးဆုံးလျှင် ဒေသခံများကို ဦးစားပေး ဝေငှပေးမည်” ဟု ပြောကြားခဲ့သော်လည်း ယခုအခါရေအားလျှပ်စစ်စီမံကိန်းရာနှုန်းပြည့်နီးပါး ပြီးစီးသွားသည့် တိုင် လျှပ်စစ်မီးကို မန္တလေး၊ မုံရွာ၊
စစ်ကိုင်း နှင့် စစ်အစိုးရ နေပြည်တော်သို့သာ ပို့ဆောင်ပေးနေကြောင်း၊ မြို့ခံ များတရုပ်မီးကိုတာအားထားနေရကြောင်း - အသက် ၄၀ ကျော် တည်းခိုခန်း ပိုင်ရှင်တဦးက သျှမ်းသံတော်ဆင့် ကို ဤကဲ့သို့ပြောပြသည်။
“နမ့်ခမ်းမြို့အတွင်းမှာ ရေအားလျှပ်စစ်စက်ရှုံဆည် နှစ်နေရာတည်ဆောက်တယ်။ တခုက တရုတ်ပြည်ကို လုံးဝ ရောင်းပေးဖို့။ နောက်တခုက ရွှေလီလွင်ပြင်ဒေသခံတွေကို ပေးမယ်လို့ပြောတယ်။ ဒါပေမယ့်ဒေသခံတွေကတော့ အစိုးရမီးကိုအားမထားရဲဘူး၊ ဘာလို့လဲဆိုတော့ငွေကုန်ကြေးကျများပြီး မီးအားအဆင်မပြေမှာစိုးလို့မီတာဘောက် လျှောက်တဲ့သူအယောက် ၄၀ ကျော်လောက်ဘဲရှိတယ်။”
မီတာဘောက်တလုံးလျှင် ကျပ်ငွေ ၆၀၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး လျှပ်စစ်မီးရလာလျှင် ယွမ်ငွေပေးရသည့် တရုပ် မီးကိုဖြတ်တောက် လိုက်မည်ဟုပြောကြောင်း၊ မီတာဘောက်တလုံး ၅ - ၆ သောင်းဟုဆိုသော်လည်း ဟိုကြေးဒီ ကြေး နှင့် ပေါင်းလိုက်ပါက ၄-၅ သိန်း အထိ ကုန်ကျနိုင်ဖွယ်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပြပါသည်။
မူဆယ်မြို့မဈေးမှ အသက် ၃၀ ကျော် နမ့်ခမ်းသားဈေးသည်တဦးကလည်း- “နမ့်ခမ်းက ရွှေလီမြစ်ရေအား ကနေ လျှပ်စစ်မီးထုတ်သုံးနေတာကြာပြီ။ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး နဲ့ ပျဉ်းမနားနေပြည်တော်ဘက်ကိုဘဲပို့ပေးနေတာ။ လျှပ်စစ်ဦးစီးမှူးကတော့ စမ်းသပ်ကာလလို့ပြောတယ်။ ဒါတော့မတရားဘူး၊ ဆောက်လုပ်တုန်းက ဒေသခံတွေကို အဓမလုပ်အားပေးခိုင်း၊ လယ်ယာတွေသိမ်း၊ နေအိမ်တချို့ပြောင်းပေးရတယ်။ မိုးတွင်းရေကြီးရင် ရွာကြီး ၄-၅ ရွာ သွားလာရေးခက်ခဲကုန်တယ်။ နိုဝင်ဘာလဆန်းပိုင်းက ရွှေလီမြစ်ရေလျှံလို့ နမ့်ပေါ်ချောင်းပါရေတက်ပြီး မူဆယ် - ပန်ခမ်းလမ်း ၂ ရက် လုံးလုံးသွားလာလို့တောင်မရဘူး၊ ဒါတောင် မိုးသိပ်မကြီးသေးဘူး” - ဟုဆို၏။
ရွှေလီမြစ် မန်တတ်ရေအားလျှပ်စစ်သည် နမ့်ခမ်းမြို့အနောက်တောက်ဘက် ၁၇ မိုင်အကွာတွင်ရှိပြီး၊ ဆည်တည် ဆောက်စဉ် အဓမ လုပ်ပေးခိုင်းခြင်းခံရသော ဒေသခံပလောင်လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ရသည်။
“အခု မန်တတ် ရွှေလီရေအားလျှပ်စစ်ဟာလည်း လောပိတရေအားလျှပ်စစ်နဲ့ တပုံစံဘဲ၊ ဟိုတုန်းကလည်း ဒေခံ တွေကို လျှပ်စစ်မီးအပြည့်အ၀ခံစားစေရမယ်လို့ဆိုပြီး ချော့မော့ပြောလုပ်အားပေးခိုင်းတယ်။ စီမံကိန်းပြီးတော့ လျှပ်စစ်မီးကြိုးသာ ရွာပေါ်ဖြတ်သွားတယ်။ လူထုဘ၀ကတော့ထူးမခြားနားဘူး၊ ကျောင်းသားတွေလဲ ဆီမီးခွက်နဲ့ ဘဲ လုံးပမ်းနေရတုန်း” ဟု သျှမ်းပြည်အရေးလေ့လာသော ပုဂ္ဂိုလ်တဦးကဆိုပါသည်။
Saturday, December 20, 2008
ရွှေလီမြစ်လျှပ်စစ်စီမံကိန်း လယ် ယာ သဘာဝသစ်တော ဖျက်ဆီး ဒေသခံများလျှပ်စစ်မီးမရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment