http://phopa-dwm.blogspot.com/2011/06/blog-post_14.html#more -reported by -eimmet mahotpar
တရုတ်အစိုးရက ရေပြင်ပိုင်နက် အငြင်းပွားမှုဟာ သက်ဆိုင်ရာ နိုင်ငံနှစ်ခုရဲ့
အရေးဖြစ်တာကြောင့် တခြားနိုင်ငံတွေ၊ ဒေသအဖွဲ့ အစည်းတွေ လက် ရှောင်နေဖို့
သတိပေးသံ ထွက်လာတာကို ကြားရ တဲ့အခါ အလွန်အံ့သြမိပါတယ်။ မဆိုင်သူ ဘေးဖယ်
ကြားညပ်သွားမယ် ဆိုတဲ့သဘောပါ။
ဗီယက်နမ်အနေနဲ့ ဒီအကြပ်အတည်းကို တစ်ကိုယ် တော် ကြိတ်တာထက်စာရင် သူ့ဘက်က
ရပ်တည် နိုင်မယ့် တခြားအစိုးရတွေကို ပါဝင် ပက်သက်စေ ချင်ပုံ ရပါတယ်။
ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနဲ့ ထိပ်တိုက် တွေ့တော့မှာမို့
စာရွက်တွေပေါ်က စစ် ရေး၊ နိုင်ငံရေး ထောက်ပံ့မှုကို လိုအပ်နေပါတယ်။
ဗီယက်နမ်ရော၊ တရုတ်ရော တစ်ပါတီစနစ်နဲ့ မောင်းနှင်နေတဲ့
ကွန်မြူနစ်နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း
စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကပါ
အာရုံစိုက်ခံလာရတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။
နိုင်ငံခြောက်နိုင်ငံလောက် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့
တောင်တရုတ်ပင်လယ်ထဲက ရေပြင် ပိုင်နက်မှာ ဗီယက်နမ်ဘူမိ
တိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်းလှေတွေက ၀င်တိုက်ခဲ့လို့ နှစ်နိုင်ငံ
တင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆို ဗီယက်နမ်ရဲ့ ဟနွိုင်းနဲ့
ဟိုချီမင်းမြို့ကြီးတွေမှာ တရုတ်ဆန့် ကျင်ရေးဆန္ဒပြပွဲတွေ
ပေါ်ပေါက်လာပါတယ်။ ဗီယက်နမ် ကွန်မြူနစ်အစိုးရက အဲဒီဆန္ဒပြမှုတွေကို
ခွင့်ပြုထားပြီး တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေနဲ့
တရုတ်အစိုးရကိုပါ ရည်ရွယ် ချက်ထားတဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ
ဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ
စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပြီး ဗီယက်နမ်ရဲ့
စစ်ရေးလေ့ကျင့်မှုမှာ သေနတ်ကျည်ဆံ အစစ်တွေကို အသုံးပြု သွားတယ်လို့လည်း
နောက်ဆုံးသိရှိရပြီး တရုတ်စစ်တပ်က ဒီလကုန် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာ
လေ့ကျင့်မှုတွေ စတင်မှာ ဖြစ်ပါတယ်။
ခွင့်ပြုချက်မရဘဲ ရေနံရှာဖွေဖို့ကို လက်သင့်မခံနိုင်ဘူးလို့ တရုတ်က
ပြောဆိုလိုက်ပြီး သံသယဖြစ်ဖွယ် မရှိတဲ့ အချုပ်အချာအတွက် သေချာပေါက်
ကာကွယ်သွားရလိမ့်မယ်လို့ ဗီယက်နမ်က တုန့်ပြန် လိုက်ပါတယ်။ အာဆီယံနိုင်ငံ
တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အရေးကို အာဆီယံ အသင်းကြီးက ဘယ်လို
သဘောထားပေး ပါဝင်ပက်သက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဗီယက်နမ်- တရုတ်အရေးကို မြန်မာပြည်သူတွေလည်း နားစွင့်နေကြပြီး
ဘယ်သူလွန်တယ် ဘယ်သူ မလွန်ဘူးဆိုပြီး သုံးသပ်သံတွေ ထွက်ပေါ်လာပါတယ်။
အများစုက ဗီယက်နမ်ဘက်က ရပ်တည်ကြပြီး တရုတ်လှေတွေက အသားလွတ် သွားတိုက်
ရန်စတာလို့ ထင်မြင်နေကြပါတယ်။ အားနည်းတဲ့ နိုင်ငံဘက်က ဖေးမတဲ့စိတ်အပြင်
တရုတ်နိုင်ငံနဲ့ ပက်သက်လို့ မြန်မာလူမျိုးတွေရဲ့ ရှုထောင့်က
တစ်မျိုးတစ်မည် ဖြစ်လာပုံလည်း ရပါတယ်။
မြန်မာနဲ့ တရုတ်အစိုးရတို့ မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့်
တိုးမြှင့်လိုက်ပြီး မကြာခင် ဗီယက်နမ် ၀န်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်
ဒု- ၀န်ကြီးချုပ်လည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။
စီးပွားရေးစာချွန်လွှာ မြောက်များစွာကို လက်မှတ်ရေးထိုးသွားကြပါတယ်။
မြန်မာနဲ့ တရုတ်ဟာ အစိုးရချင်း နီးနီးကပ်ကပ် ဖြစ်လွန်းတဲ့အပြင်
တရုတ်ကွန်မြူနစ်ပါတီနဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ တို့လည်း အပြန်အလှန်
ကူညီဆက်သွယ်မှုတွေ လုပ်လာတာကို တွေ့ရပေမယ့် အာဆီယံ တစ်နိုင်ငံဖြစ်တဲ့၊
ဘက်မလိုက် မူဝါဒ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်- တရုတ်
ရေပြင်ပိုင်နက် အရေးအခင်းမှာ ကြားနေပြီး မျှမျှတတ ရပ်တည်သွားတာကို
မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။
အာဆီယံနိုင်ငံတွင်း အဖွဲ့ဝင်ဖြစ်လာဖို့ မြန်မာနိုင်ငံကို ဗီယက်နမ်က
နိုင်ငံရေးအရ ကျားကန်ပေးခဲ့ ဖူးပါတယ်။ အနောက်အုပ်စုရဲ့ စီးပွားရေး
ပိတ်ဆို့မှုတွေကြောင့်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့
မူဝါဒတွေကြောင့် မြန်မာဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြီးနဲ့ အခုလို
ပူးကပ်လွန်းသွားရတာလို့ ဝေဖန်ကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။
တရုတ်နိုင်ငံကြီး အခုလို စီးပွားရေး ကြီးထွားလာပြီး နိုင်ငံရေးနဲ့
စစ်ရေးမှာ ကမ္ဘာ့ရှေ့တန်းကို တမုဟုတ်ချင်း ချဉ်းနင်းလာတာကို
သွားရည်တမြားမြားနဲ့ အားကျနေကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။
တရုတ်ရဲ့ စီးပွားရေး အားကောင်းမောင်းသန် ဖြစ်လာရတာဟာ လွန်ခဲ့တဲ့ (၂၅)
နှစ်လောက်က စပြီး တရုတ် အစိုးရ ခေါင်းဆောင် အဆက်ဆက်ရဲ့ တရုတ်ပြည်
တရုတ်သားတွေ အပေါ်ထားတဲ့ တကယ့်ရိုးသားတဲ့ စိတ်ရင်း စေတနာကြောင့်ပါ။
ဗီယက်နမ်လည်း ထို့အတူပါဘဲ။ အခုလောက် မြန်မြန်ဆန်ဆန်ကြီး
ကွန်မြူနစ်စနစ်အောက်မှာ စီးပွားရေး အင်မတန် သန်စွမ်းခဲ့ရတာ ဗီယက်နမ်
ခေါင်းဆောင်တွေရဲ့ ဉာဏ် အမျှော်အမြင်ကြီးမှုနဲ့ ပြည်သူတွေ အပေါ် ထားတဲ့
ရိုးစင်းဖြောင့်မှန်တဲ့ စိတ်ကောင်းစေတနာကြောင့်ဘဲ ဖြစ်ပါတယ်။
ဒီနှစ်နိုင်ငံစလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ သူတို့
အမျိုးသားအကျိုးစီးပွားအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့ အချက်က
အမေရိကန်နိုင်ငံနဲ့ စိမ်းလန်းတဲ့ဆက်ဆံရေး ရှိနေဖို့ပါဘဲ။ မြန်မာပြည်သူတွေ
အနေနဲ့ မြန်မာ- အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုလားနေကြ တာဟာ
ယုတ္တိရှိသလို ချိန်ခါလည်း သင့်နေပါပြီ။ သိသိကြီးနဲ့ ခံနေရတဲ့ ဘ၀များမှ
လွန်မြောက်လိုပါပြီ။
တရုတ်လုပ်ငန်းရှင်အချို့ ရန်ကုန်စက်မှုဇုန် မြေများကို စတင်ဝယ်ယူ
တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာလူမျိုးအချို့နှင့် ပူးပေါင်း၍
ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေကွက်များအား ကျပ်သိန်းထောင်ချီ ပေး၍
ဝယ်ယူနေကြကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ရှင်များထံမှ
သတင်းရရှိသည်။ ယင်းကဲ့သို့ ဝယ်ယူခြင်းကြောင့် မင်္ဂလာဒုံစက်မှုဇုန်၊
ပုလဲစက်မှုဇုန်များရှိ မြေကွက်များမှာ လအနည်းငယ်အတွင်း ဆယ်ဆနီးပါး
ဈေးတက်လာခဲ့ပြီး တစ်ဧကလျှင် ကျပ်သိန်း နှစ်ထောင်နီးပါးအထိ အရောင်းအဝယ်
ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။
ထိုမြေကွက်များအား တရုတ်လုပ်ငန်းရှင် တစ်ဦးလျှင် အနည်းဆုံး ဧက ၂၀ အထိ
ဝယ်ယူနေကြပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က သိန်းရာဂဏန်းပင်
ဝယ်ချင်သူမရှိသည့် မြေကကွက်များဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မှ
အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ “လုပ်ခွင့်ရတဲ့ အချိန်မှ ဝယ်ရင်
ဈေးတက်မှာစိုးလို့ အခုကတည်းက ကြိုပြီးဝယ်ထားကြတာပါ”ဟု ယူနတီ အိမ်ခြံမြေ
အကျိုးဆောင် ကုမ္ပဏီမှ ဦးဇော်ဇော်က ရှင်းပြသည်။ ယခုနှစ်
အိမ်ခြံမြေဈေးကွက်၌ လုံးချင်းအိမ်မြေများ၊ မြေကွက် များ၊
စက်မှုဇုန်မြေကွက်များ အရောင်းအဝယ်ကောင်းခဲ့ပြီး၊ မြေကွက်များတွင်
ရင်းနှီးမြှုပ်နှံမှုကလည်း ကျပ်သိန်းသောင်းဂဏန်းမှ ကျပ်သိန်းရာဂဏန်းအထိ
အရောင်းအဝယ် ဖြစ်နေကြောင်း မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ
မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။ ယခု အရောင်းအဝယ် ကောင်းနေသည့်
စက်မှုဇုန်မြေကွက်များသည် ကားလမ်းမကြီး ဘေးတွင်ကျပ်သိန်း ၂,၀၀၀ အထိရှိပြီး
အတွင်းလမ်းများတွင် ကျပ်သိန်း ၇၀၀ မှ သိန်း ၁,၀၀၀ ကြားရှိသည်။
ယင်းမြေကွက်များကို စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်စဉ်က လယ်သမားများထံမှ
တစဧကလျှင် ကျပ်သောင်း ဂဏန်းဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။
KIA ဒေသ တိုက်ပွဲ ဆက်လက်ဖြစ်ပွား (ဒုဗိုလ်မှူးကြီးယော်ထုံနှင့် မေးမြန်းခန်း)
http://moemaka.com/index.php?option=com_content&task=view&id=9143&Itemid=1
အစိုးရတပ်နဲ့ ကေအိုင်အိုအကြား တိုက်ပွဲကြီးတွေ မနေ့ညနေကစလို့
ရပ်စဲနေပေမယ့် တိုက်ပွဲငယ်တွေ ကြိုကြား ဆက်လက် ဖြစ်ပွားပါတယ်။
နှစ်ဘက်အကြား တိုက်ပွဲငယ်တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာပါ
ကူးစက်နေပါတယ်။
ကချင် ကျေးရွာတွေက ဒုက္ခသည်တွေ တရုတ်-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေး
တိမ်းရှောင်လာနေကြပြီး လိုင်ဇာ ကေအိုင်အို ဌာနချုပ်ကို
မနေ့ကလေးရာနီးပါးရောက်နေကြသလို လမ်းတလျှောက်မှာလည်း ဒုက္ခသည် ထောင်ချီပြီး
နယ်စပ်ကို ထွက်လာနေကြတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
အစိုးရတပ်တွေဘက်ကရွာသားတွေကိုနယ်စပ်ကိုမသွားဖို့ခြိမ်းခြောက်
ပြောဆိုတာတွေရှိတယ်လို့ ကေအိုင်အို တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း
ကေအိုင်အို သတင်းထုတ်ပြန်ရေး ကော်မတီက ဒု-ဗိုလ်မှူးကြီးယော်ထုံကို
မေးမြန်းထားပါတယ်။
မေး - ကေအိုင်အိုနဲ့ အစိုးရကြား တိုက်ပွဲ နောက်ဆုံး အခြေအနေကို ပြောပြပါလားခင်ဗျ။
ဖြေ - လောလောဆယ် ငြိမ်နေတယ်။ မနေ့ညနေကတည်းကငြိမ်နေတယ်။ ဒါပေမယ့်
ချောင်ကြိုချောင်ကြားမှာတော့ ရှိတာပေါ့။ မပြောပလောက်ပါဘူး။
မေး - အခုတိုက်ပွဲတွေက ပြန်ရပ်တယ် ဆိုတာ ကေအိုင်အိုနဲ့
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒါမှမဟုတ် နိုင်ငံတော်အစိုးရနဲ့
သဘောတူပြီးတော့ ရပ်တာလား။ တဖက်သတ် ရပ်တာလား။ ဘယ်သူ့ဘက်က စရပ်တာလဲ။
ဖြေ - ဘယ်သူမှမရပ်ဘူး။ နှစ်ဖက်စလုံးက အပစ်အခတ်မလုပ်ဘဲနဲ့ နေတဲ့သဘောပါပဲ။
မေး - တိုက်ပွဲတွေက ရွှေလီဘက်ကိုပါ ကူးစက်တယ်လို့ ကြားတယ်။
ဖြေ - ရွှေလီ၊ နမ့်ခမ်းကို သွားတဲ့လမ်းလေ။ မန်တလင်းလမ်းမှာ
နည်းနည်းဖြစ်တယ်လို့ ကြားတယ်။ မပြင်းထန်ဘူး။ ခဏပဲ ပြီးသွားတာ။
မေး - ကေအိုင်အိုတပ်နဲ့ အစိုးရတပ်နဲ့ဖြစ်တာက တရုတ်နိုင်ငံက ရေကာတာ
ဆောက်လုပ်ရေးဒေသတွေမှာ ကေအိုင်အိုတပ်တွေကို အစိုးရဘက်ကနေ ရှိမနေစေချင်ဘူး
ဆိုပြီးတော့ ဝေဖန်တယ်။ ဗိုလ်မှူးကြီးတို့က ဘာပြောချင်လဲ။ ဒီဟာ
ဖြစ်နိုင်ခြေရှိလား။
ဖြေ - သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ ဆိုတာ အတိအကျ ပြောလို့
မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ပြောသလို ဘယ်တော့မှ
ဖြစ်မလာဘူး။ အမြဲတမ်း ကျနော်တို့ဘာသာ နေနေတယ်။ ဒါကြောင့် အဓိက
ရည်ရွယ်ချက်က ဘာလဲ၊ ကျနော်တို့ မသိဘူး။ ရေအားလျှပ်စစ်ကို
အကြောင်းပြပြီးမှ ကျနော်တို့ကို သူတို့လိုချင်တဲ့ ပုံစံ ရအောင် လုပ်တဲ့
သဘောပဲ။
ကျနော်တို့သုံးသပ်တာကျတော့ အဲဒီ တာပိန် ရေအားလျှပ်စစ်ထဲမှာ သူတို့
လာတိုက်တယ်။ လာတိုက်ပြီးမှ ကျနော်တို့ဘက်က အခက်ကြုံလာလို့ရှိရင် တခြား
အားနည်းတဲ့နေရာမှာသူတို့အဲလိုလုပ်ဖို့အလားအလာ ရှိသလိုပါပဲ။ ကျနော်တို့
သုံးသပ်ကြည့်တာတော့။ သမ္မတ ဦးသိန်းစိန် အရင်တုန်းက အစိုးရအဖြစ်
အရွေးမခံရခင်တုန်းက ကေအိုင်အိုကို အပြတ်ရှင်းမယ် ဆိုပြီး ပြောတယ် ဆိုတဲ့
အချက်တွေ ကျနော်တို့ ကြားရတယ်။ အဲဒါ အကောင်အထည် ဖော်သလားလို့
ကျနော်တို့လည်း နည်းနည်းတော့ ထင်တာပေါ့။
ဒါပေမယ့် အဲဒီဟာကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ခုလို တနေရာ၊
နှစ်နေရာလောက်နဲ့တော့ အလုပ် မဖြစ်ဘူး။ အဲဒါကြောင့် သူတို့ အဓိက
ရည်ရွယ်ချက်က ဘာလဲဆိုတာ အခုထက်ထိက မသိရသေးဘူး။
မေး - ကာကွယ်ရေး ဦးစီးချုပ် အသစ် မင်းအောင်လှိုင် တက်လာတော့ သူကလည်း
တိုက်ရည် ခိုက်ရည် ရှိတာကို ပြချင်တဲ့အတွက် ကေအိုင်အို ဒုတိယအင်အား
အကောင်းဆုံးကို တိုက်တာလို့ ဝေဖန်တာ ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။
ဖြေ - ဒါကတော့ ကျနော်တို့ မပြောတတ်ဘူး။ သူတို့ကကျနော်တို့ကို
တိုက်ချင်နေတာ တော်တော် ကြာပြီ ထင်တယ်။
မေး - ကေအိုင်အိုနဲ့ အစိုးရကြား တိုက်ပွဲတွေမှာ တိုက်ပွဲ ဆက်တိုက်ရေး
မတိုက်ရေးနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်မှာ အယူအဆ မတူတာတွေ ဖြစ်တယ်လို့
ကျနော်တို့ ကြားသိနေရတယ်။ အဲဒါ ဘယ်လောက်ထိ မှန်တယ်လို့ ဗိုလ်မှူးတို့ကော
ကြားထားလဲ။
ဖြေ - ဘယ်လောက် မှန်တယ် ဆိုတာ အတိအကျတော့ မပြောတတ်ဘူး။ နဲနဲပါးပါးတော့ ကြားတယ်။
မေး - တိုက်ပွဲဖြစ်တာ လေးငါးရက် ရှိပြီ ဆိုတော့ စစ်ပြေးဒုက္ခသည်တွေ
အခြေအနေက ဘယ်လို ရှိလဲ။
ဖြေ - စစ်ပြေး ဒုက္ခသည်တွေက ဗန်းမော်နား တဝိုက်မှာ ရှိတဲ့
ပြည်သူပြည်သားတွေ အကုန်လုံး လိုင်ဇာဘက်မှာ မနက်ကတည်းက အခုထက်ထိ
လာနေတုန်းပဲ။ မနက် စစချင်းတုန်းက ၁ဝဝ တောင် မပြည့်ဘူး။ ဒါပေမယ့်
မနေ့ညကဆိုရင် သုံးလေးရာ ဖြစ်လာပြီ။ ဒီနေ့တော့ ထောင်နဲ့ချီပြီး ရှိလာမယ်
ထင်တယ်။
မေး - ဘယ်နေရာတွေကအဓိကထားပြေးလာတာရှိလဲ။
ဖြေ - အဓိကနယ်စပ်မှာစုပြုံနေကြတယ်။ လိုင်ဇာတဝိုက်မှာပေါ့။ ကျနော်တို့
တရုတ်ပြည်ဘက် ဝင်သွားတာလည်း နည်းနည်းပါးပါး ရှိတယ်။
ဒါပေမယ့်ဒီလိုင်ဇာမှာကကျနော်တို့နည်းနည်းပဲဖြစ်သေးတယ်။
အဲဒါကြောင့်ဒီမှာပဲလာနေကြတယ်။ ကားလမ်းတလျှောက်က ရွာတွေက တယောက်
နှစ်ယောက်ပဲ ရှိတော့တယ်။ အကုန်လုံး ဒီမှာ တက်ပြေးလာကြပြီ။ ဘာလို့လဲ
ဆိုတော့ စစ်တပ် ရှိတဲ့နေရာကျတော့သူတို့က ပြည်သူတွေကိုလည်း
မထွက်ခိုင်းဘူး။ ထွက်ပြေးရင် ကျနော်တို့ ပစ်သတ်မယ်။ ရွာကိုလည်း
မီးရှို့ပစ်မယ်လို့ပြောတယ် တဲ့။
မေး - အဲတော့ တရုတ်ပြည် အစိုးရက ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့
အကူအညီတွေ တရုတ်ပြည်ထဲမှာ ဒုက္ခသည်စခန်းတွေ ဆောက်ပေးတာ ရှိသလား။
ဖြေ - အခုထက်ထိတော့ တရုတ်ပြည်နယ်စပ်ကို သွားတဲ့သူတွေ အနေနဲ့ ကိုယ့်
ခင်ရာခင်ရာပေါ့။ ဟိုဘက်လည်းဆွေမျိုးရှိတာကို။ အလုံးအရင်းနဲ့ ဟိုဘက်သွားတာ
မဟုတ်သေးဘူး။ အဲဒီ လူအများစုက လိုင်ဇာမှာပဲ ရောက်နေကြတယ်။
မေး - ဗိုလ်မှူးကြီးတို့က ဒုက္ခသည်တွေကို ဘယ်လိုမျိုး ကူညီ စောင့်ရှောက်နေလဲ။
ဖြေ - ကျနော်တို့အနေနဲ့ စားရေးသောက်ရေး၊ နေထိုင်ရေးတွေ ကျနော်တို့စီမှာ
စီစဉ်ပေးထားတယ်။
မေး - ဗိုလ်မှူးတို့ဆီကို လူသားချင်းစာနာတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေကော
လာပြီးတော့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက လူတွေကော
လာကြည့်တာရှိပြီလား။
ဖြေ - အခုတော့ ဘယ်သူမှ မလာသေးဘူး။
မေး - ဒီနေ့မနက် လေးနာရီ ငါးဆယ့်ငါးမှာ မိုးကောင်း၊နမ္မတီးကြား၊
ရထားကူးတံတား ဗုံးကွဲတယ်တဲ့။ အဲဒါကော အန်ကယ်တို့ ကြားပြီးပြီလား။
ဖြေ - ကြားတော့ ကြားတယ်။ ဘယ်သူ လုပ်တယ်ဆိုတာ အခုထက်ထိ သတင်း မရသေးဘူး။
မေး - မနေ့ညက ၇နာရီမှာ ဝိုင်းမော်ဘက်က တံတားမှာဗုံးကွဲတယ်၊ အဲဒါကော။
ဖြေ - အဲဒါတော့ နန့်ချောင်းတံတားမှာ ဗုံးကွဲတာ ရှိတယ်။ ကေအိုင်အေ
စစ်သားတွေကြောင့်တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲဒီဒေသခံတွေပဲ
ဖြစ်နိုင်တယ်။
မေး - အခု နယ်စပ်မှာ တရုတ်တပ်တွေ နေရာ ချထားတယ် ကြားလို့။
ဖြေ - တရုတ်တပ် ချထားတာတော့ မတွေ့ဘူး။ အဲဒီ တရုတ် နယ်ခြားစောင့်တပ်နဲ့
ရဲနဲ့ သူတို့ကတော့ အမြဲတမ်း ရှိတယ်လေ။ သူတို့ ဟိုဘက်က ထူးခြားချက်တော့
မရှိဘူး။ ခါတိုင်းတော့ နယ်ခြားဖြတ်လက်မှတ်ပေါ့။ အဲဒါတွေ မပါရင်တော့ လုံးဝ
ဖြတ်ခွင့်မရှိဘူး။ ဒါပေမယ့် အခု လောလောဆယ်တော့ ကျနော်တို့ လူကြီးတွေနဲ့
ဆွေးနွေးထားတော့ မပါရင်လည်း ဟိုဘက်ဖြတ်ခွင့် ပေးလိုက်တာပေါ့။Rest of your post
Thursday, June 16, 2011
ချိန်ခါသင့်ပါပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment