“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 10, 2011

ဖိအားအောက်က NLD စာသင်ကျောင်းများ

သဲသဲ | ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၃ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထူထောင်ထားသော အခြေခံပညာ အခမဲ့ အခြေခံပညာ စာသင်ကျောင်းအဖြစ် ကြေညာလိုက်ပြီးနောက် ကျောင်းအတွက် လိုအပ်နေသော အဆောက်အအုံ ပြုပြင်မှုကို မြောက်ဥက္ကလာပ မြို့နယ်အာဏာပိုင်များက တားမြစ်လိုက်သည်။

“အခုသင်နေတဲ့ ကျောင်းမှာ ကလေးတွေ မဆန့်တော့လို့ နာဂစ်တုန်းက ပျက်သွားတဲ့ ကျနော့်အိမ်ကို ပြန်ပြင်ဆောက်ပြီး ရွှေ့ဖို့လုပ်တာ။ အဲဒါကို အထက်က အမိန့်မလာမချင်း ဆက်မဆောက်ပါနဲ့လို့ လာပြောသွားတယ်” ဟု ကျောင်းတာဝန်ခံ ဦးအေးမြင့်က မဇ္ဈိမကို ပြောသည်။

ဇွန်လ ၇ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်


တားမြစ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

NLD ပါတီဝင် ဦးအေးမြင့်က မြောက်ဥက္ကလာပ ၂ ရပ်ကွက်၊ မာဃလမ်း၊ အမှတ် ဃ/၉၄ သူပိုင်နေအိမ်တွင် ဆင်းရဲနွမ်းပါးသော ကလေး ငယ်များ အတွက် ယခင်ကတည်းက ပညာသင်ကြားပေးနေခဲ့သည်။

“ကျနော်က အရင်ကတည်းကနေ စေတနာအလျောက် သင်ပေးနေတုန်းက ဘာမှမပြောဘဲနဲ့ အမေ့အိမ်လို့ ပြောင်းလိုက်ခါမှ ဒီလို တုံ့ပြန်မှုတွေ ရှိလာတယ်လို့ ယူဆပါတယ်” ဟု ဦးအေးမြင့်က ဆိုသည်။

သူငယ်တန်းမှ ၇ တန်း ကျောင်းသားအထိ ကျောင်းသား ၁ဝဝ ခန့်ကို ကျောင်းပြင်ပ ကျူရှင်အဖြစ် အစိုးရကျောင်း သင်ရိုးညွန်းတမ်းအတိုင်း သင်ကြားပေးလျက် ရှိသည်။

အစိုးရသစ်က လွှတ်တော်ပြင်ပ အတိုက်အခံ ပါတီကြီး၏ သြဇာကျယ်ပြန့်လာမှာကို စိုးရိမ်မှု လွန်ကဲနေဟန်ရှိသည်ဟု ပညာရှင်များကပြောသည်။ တဖက်ကလည်း ပညာသင်စရိတ်ကြီးမြင့်လာမှု၊ ဆင်းရဲနွမ်းပါးမှုက အခမဲ့ ပညာသင်ကျောင်းများကို အားကိုးရမှုများ တိုးမြင့်လာနေသည်။

NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် အမေ့အိမ် ပညာဒါန ကွန်ယက်ကျောင်းများကို ၂ဝ၁၁ ဇန်နဝါရီမှစ၍ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ပါတီက ကူညီပံ့ပိုးပေးလျက်ရှိသည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ် သုမာလာလမ်းမကြီးတွင် ဖွင့်လှစ်ထားသည့် နောက်ထပ် အမေ့အိမ် အင်္ဂလိပ်စာ သင်ကျောင်းကိုလည်း ကျောင်းပြောင်းပေးရန်အတွက် အာဏာပိုင်များက အိမ်ရှင်မှတဆင့် ဖိအားပေးသဖြင့် ဇွန်လ ၂၂ ရက်တွင် နောက်ဆုံးထား ပြောင်းပေးရတော့မည်။

ပြောင်းရွှေ့ဖွင့်လှစ်ရန် နေရာခက်ခဲပြီး ရပ်ကွက်အတွင်း ကျောင်းဖွင့်ရန် အိမ်ငှားပါက အိမ်ကို ချိတ်ပိတ်မည်ဟု ဒေသအာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

“အိမ်တအိမ်ကို သွားမေးလိုက်တယ်၊ ငှားမယ် အဆင်ပြေတယ်ပေါ့။ နောက်ရက် အကျိုးအကြောင်း သွားမေးရင် မငှားတော့ဘူး၊ အဲလိုချည်း ဖြစ်နေတာ။ ဘေးကနေပြီး စုံစမ်းကြည့်တော့ အာဏာပိုင်တွေက အခု အိမ်ရှင်လိုပဲ ဆက်ငှားရင် ချိတ်ပိတ်မယ်တို့ ဘာတို့ လာပြောလို့ပေါ့ဆိုပြီး ပြန်ပြောကြတယ်” ဟု ကျောင်း တာဝန်ခံ မသီတာဆွေက မဇ္ဈိမကို ပြောသည်။

စာသင်ချိန်များတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ စရဖက လာရောက်စောင့်ကြည့်မှုများ ရှိနေသဖြင့် ကျောင်းသားမိဘအချို့ စိုးရိမ်နေကြသည်ဟု ဆိုသည်။

“လူစုလူဝေးကို ကြောက်လို့ပဲ အဲဒီလို လိုက်ဖျက်နေတာလား မသိဘူး” ဟု မသီတာဆွေက ပြောသည်။

ထိုကျောင်းတွင် စေတနာ့ဝန်ထမ်း ဆရာ ၅ ဦး ရှိပြီး၊ ကျောင်းသား ၄ဝ ခန့် တက်ရောက်နေသည်။ ဘွဲ့ရ၊ တက္ကသိုလ် ကျောင်းသားနှင့် အထက်တန်းကျောင်းသားများ ပါဝင်ပြီး အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် ၉ တန်း၊ ၁ဝ တန်း ဘာသာရပ်များလည်း သင်ကြားသည်။

“ကလေးတွေက တကယ်ပဲ ပညာလိုချင်နေတာ။ အခု ပြောင်းဖို့လည်းနီး အိမ်ကလည်း မရဆိုတော့ ကျောင်းဆက်မဖွင့်နိုင်မှာကို ကျမ အရမ်းစိတ်ပူနေရတယ်” ဟု မသီတာဆွေက ပြောသည်။

အမေ့အိမ်ကျောင်းတက် သင်တန်းသားတဦးက “အခုသင်နေတာတွေ အပြင်မှာတက်ရင် ၆ လ တန်းခွဲ တခုကို လေးသောင်းလောက်ကုန်မှာ။ ကျနော်တို့ ဒီမှာက ပိုက်ဆံမကုန်တဲ့အပြင် Critical thinking လို ပညာရပ်တွေလည်း သင်ခွင့်ရတယ်။ ကျောင်းမဖွင့်နိုင်တော့ရင် ဒီရပ်ကွက်က ကျောင်းတက်နေတဲ့ ကျနော်တို့အတွက် ဆုံးရှုံးတာပေါ့”ဟု ပြောသည်။

အမေ့အိမ်ပညာဒါန ကျောင်းများတွင် အခြေခံပညာ မူလတန်းနှင့် အထက်တန်း ဘာသာရပ်များ၊ အခြေခံ အင်္ဂလိပ်စကားပြော နွေရာသီသင်တန်းများ ကို ပို့ချပေးလျက်ရှိသည်။

“အမေ့အိမ်(ပညာဒါန)” အမည်ဖြင့် ကျောင်းခွဲ ၃ ခုရှိပြီး လှိုင်သာယာ ၁၄ ရပ်ကွက် မေခလမ်းရှိ အိမ်အမှတ် ၅၄၈ တွင်၎င်း၊ မြောက်ဥက္ကလာ ၂ ရပ်ကွက် မာဃလမ်းရှိ အမှတ် ၂၆ တွင်၎င်း၊ မြောက်ဥက္ကလာ သုမာလာ လမ်းမကြီး အမှတ် ၄ ကျောင်းအနီးတွင်၎င်း အသီးသီးဖွင့်လှစ်ထားသည်။

NLD နှင့် ဆက်သွယ်ချိတ်ဆက်သော ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗေဒါကျောင်းကိုလည်း အာဏာပိုင်များက ဖိအားပေး ခြိမ်းခြောက်သဖြင့် ၂ ကြိမ် ပြောင်းရွှေ့ခဲ့ရပြီး၊ လက်ရှိအိမ်ရှင်ကလည်း ဆက်မငှားတော့ဘဲ ကျောင်းပြောင်းပေးရန် တောင်းဆိုနေသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */