“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 16, 2011

‘ဘယ်ကျောင်းနေမလဲ မောင်ရေခဲ’ (၁)

http://www.ashinsirinda.com ပေးပို့ သူ -eimmet mahotpar
(၁)
မိမိနဲ့ သိကျွမ်းရင်းနှီးတဲ့ ဒကာ ဒကာမတွေ၊ မိမိနေခဲ့တဲ့ အရပ်က
တပည့်တော်ခဲ့ဖူးတဲ့ ဒကာဒကာမ တွေထဲက တချို့တစ်လေဟာ ကမ္ဘာကြီး ကပဲ
ပြားသွားလို့လား၊ သူတို့ရဲ့ နား မျက်စေ့တွေကပဲ အကြောင်းကြောင်းကြောင့်
ကျယ်ကုန်ကြလို့လားတော့ မသိဘူး ရေခြား မြေခြားဆိုတဲ့ တိုင်းတစ်ပါးကို
ရောက်သွားကြတာ ကမ္ဘာအနှံ့လောက်နီးပါး အတော်လေးပြန့်နေကြပြီ။



အင်း ... သူတို့လို လူတွေ ကမ္ဘာအနှံ့ ခြေဆန့်ကြလို့လဲ ကမ္ဘာကြီး
ပြားသွားသလားတော့ မပြော တတ်ပါဘူး။ ဒီဖြစ်ရပ်ရဲ့ အကျိုးဆက် အနေနဲ့
သိသာလာတာ တစ်ချက်ကတော့ ကမ္ဘာပြန့် သွားကြ တဲ့ မြန်မာတို့နဲ့အတူ သူတို့ရဲ့
ဦးထိပ်ထက်မှာ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာ အငွေ့အသက် ကလေးတွေပါ
ပါသွားကြတဲ့အတွက် မြတ်ဗုဒ္ဓ သာသနာတော်လဲ သူတို့ သွားရာ ကမ္ဘာအနှံ့ဆီ
အတော်လေးပြန့်သွားခဲ့ရပါတယ်။


ဒီလိုနဲ့ပဲ ကိုးကွယ်အားထားရာအစစ်ဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်နဲ့
အကင်းကွာမခံနိုင်ကြတဲ့ သူတို့တွေရဲ့ ပင့်လျှောက်ချက်အရ
မိမိအပါအဝင်ဆရာတော် သံဃာတော်များလဲ ရေခြား မြေခြား အထိ
ရောက်ဖြစ်သွားပါတယ်။


အရင်ကကြားရုံသာ ကြားဖူးတဲ့ နိုင်ငံကြီးတွေကို ကိုယ်တိုင်
ရောက်ရှိထိတွေ့လေ့လာခွင့် ရခဲ့တာကို သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ
တကယ်ကိုမှ မြတ်ဗုဒ္ဓရဲ့ကျေးဇူးအစစ်ပါပဲ။


လောကဓံ အပူလှိုင်းကြားမှာ ဆောက်တည်ရာ မရသူတို့အတွက် ပုန်းအောင်း မှီခိုရာ
အစစ်ဖြစ် တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မအရိပ်ကြောင့်သာ အခုလို တရားဓမ
္မဟောညွှန်ပြသနိုင်ကြတဲ့ ဆရာတော် သံဃာ တော်တွေကို ကမ္ဘာပြန့်ဒကာ ဒကာမတွေက
ပင့်လျှောက်ခဲ့ကြတာ မဟုတ်လား။


ပင့်လျှောက်သူတွေရဲ့ အဓိကရည်ရွယ်ချက်က အလည်အပတ်ရောက်စေလိုလို့
သက်သက်မဟုတ်ဘဲ တရားဓမ္မနာယူ မေးမြန်းလိုကြတဲ့ ဆန္ဒရှိကြတဲ့အတိုင်း
မိမိတို့ကလဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တော်များ ကို စွမ်းနိုင်သမျှ
ဖြန့်ဝေပေးခဲ့ဖြစ်ပါတယ်။


ကမ္ဘာပြန့်မြန်မာတို့နဲ့ အနီးကပ်ထိတွေ့ရတဲ့အခါမှာ သူတို့တွေဟာ ကိုယ့်မြေ၊
ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသကို မချစ်ရှာလို့ စွန့်ခွာလာကြ
သူတွေမဟုတ်ဘူး၊ မဖြစ်သာလို့ ခွဲခွာ နေကြရသူတွေ ဖြစ်တယ်ဆိုတာလဲ
သိရှိလာပါတယ်။


အမိမြေနဲ့ ဝေးကွာ နေကြရသူတွေရဲ့ အဓိကချို့တဲ့ချက်ကတော့ မိမိတို့ရဲ့
ကိုးကွယ်ရာ ဘာသာ တရား နဲ့ ပတ်သက်လို့ အမိမြေမှာလို အတုမြင် အတတ် သင်စရာ
ကျောင်းကန်ဘုရား သွားလာ ခွင့်တို့၊ တရားဓမ္မနာယူခွင့်တို့ မကြုံကြရတဲ့
ကိစ္စပါပဲ။



ဘယ်အရာ ဘယ်ကိစ္စမဆို “ကြုံကြိုက်ဖို့”ဆိုတာကလဲ ကြုံပါများမှ
ကြိုက်ရကောင်းမှန်း သိတတ်ကြ တာဆိုတော့ ရေခြားမြေခြားရောက်မှ
လူလားမြောက်ကြရတဲ့ သားစဉ်မြေးဆက်တွေရဲ့ အခြေအနေ က ကိုယ်ဘာသာ တရားနဲ့
ပတ်သက်ပြီး ကြုံလဲကြုံရခဲသလို စွဲစွဲမြဲမြဲ ကြိုက်လဲ မကြိုက် တတ်ကြသေး
တဲ့ကိစ္စပါပဲ။


ပြီးတော့ မိဘများ ကိုယ်တိုင်ကလဲ ကိုယ့်မြေ ကိုယ်ဒေသမှာ တုန်းက
အကြုံများလို့သာ ကြိုက်ပြီ ကိုးကွယ်ဆည်းကပ်ခဲ့ကြပေမယ့် ခြေခြေ မြစ်မြစ်
လေ့လာ ဆည်းပူးခဲ့ကြတာ မဟုတ်လေတော့ အရာရာကို ခြေခြေမြစ်မြစ်လေ့လာ ဆန်းစစ်
မေးမြန်းတတ် တဲ့ ခေတ် လူငယ်တွေရဲ့ စေ့ငု စပ်စုတဲ့
မေးခွန်းမျိုးနဲ့ကြုံရတဲ့အခါ ခေါင်းခဲကြရပါသတဲ့။


ဒီလိုကိစ္စများနဲ့ ပတ်သက်လို့ မေးလာ မြန်းလာတာမျိုး ကြုံရတဲ့အခါမှာတော့
သူတို့ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီး စိတ်ရှည်လက်ရှည် ပဲ
ဖြေကြားပေးခဲ့ပါတယ်။ အဲဒီလို တွေ့ကြုံ ဖြေကြား ပေးခဲ့ရတဲ့ ပြဿနာများထဲက
လော့စ်အိန်ဂျလီမှာ တွေ့ရတဲ့ ပြဿနာတစ်ခု ကတော့ ရေခြား မြေခြားရောက်
မိဘများအတွက်သာမက ကိုယ့်မြေကိုယ့်ရေမှာ နေကြတဲ့ မိဘများပါ
ကြုံတွေ့နိုင်တဲ့ ပြဿနာမျိုးဖြစ်လို့ အားလုံးသိ ရအောင်
ပြန်ပြောပြချင်ပါတယ်။


အဲဒီဒကာက သူတို့မိသားစု အမိမြေနဲ့ ခွဲခွာလာခဲ့ကြတာ
ဆယ့်ငါးနှစ်ကျော်သွားပြီ၊ နို့ညှာသားက ခုနှစ်နှစ်သားအရွယ်နို့စို့သမီးက
ရင်ခွင်လွတ်အရွယ်မှာ အမိမြေနဲ့ ခွဲခွာခဲ့ကြရတာပါ။ အခုဆို သူတို့ရဲ့သားက
တက္ကသိုလ်မှာ ပညာသင်နေပြီ၊


သမီးငယ်ကလဲ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေကြပါသတဲ့။ ငယ်စဉ်ကစပြီး
မြန်မာစကားကိုတော့ မိသားစုအချင်းချင်း ပြောဆိုတဲ့ အလေ့အထ လုပ်ပေးလို့
မြန်မာစကား ပြောတတ်ကြသလို မိရိုးဖလာ ဘုရားကို လက်အုပ်ချီ ဦးချရတာတို့၊
ရဟန်းသံဃာကို အရိုအသေ ပြုရတာ၊ လှူဒါန်းရတာတို့လောက်တော့
အလေ့အကျင့်ရှိခဲ့ပေမယ့် “ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ” စတဲ့
ခြေခြေမြစ်မြစ်ကိုတော့ မိဘများကိုယ် တိုင်ကလဲ ဘာမျှ တိတိကျကျ ရေရေရာရာ
မသိခဲ့ကြလို့ သားသမီးများကိုလဲ ပြောမပြနိုင်ခဲ့တဲ့အကြောင်း
နိဒါန်းရှည်ကြီးကို ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းတစ်ဝက်
ညည်းချင်းတစ်ဝက်နဲ့ပြောပြနေပါတယ်။



(၂)

သူ့ရဲ့စကားကြောက ပြောရင်းပြောရင်း အကြောရှည်ပြီး
ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာတောင် မသိတော့သလို လုံးခြာလိုက်နေတာကို
အကဲခပ်မိတဲ့အတွက် မိမိကပဲ ကြားဖြတ်ပြီး “ကဲ-ဒကာကြီး၊ အချိန်ကလေးရတုန်း
ဒကာကြီးရဲ့ ညည်းချင်းရှည်ကြီးကို လက်စသတ်ပြီး အဓိက မေးလို တာကိုသာ
လိုရင်း တိုရှင်းပြောပြပါ” လို့ ဆိုတော့မှ ဒကာကြီးက “အို ..
ဆောရီးပါဘုရား၊ အဲ ကန်တော့ပါဘုရား၊ အခု တပည့်တော် ရဲ့သားနဲ့ သမီးက
ကျောင်းမှာ ဘာသာချင်းမတူတဲ့ ဆရာဆရာမတွေ သူငယ်ချင်း တွေနဲ့ စပ်မိစပ်ရာ
ပြောကြရင်း ကိုးကွယ်တဲ့ ဘာသာတရား ချင်း နိုင်း ယှဉ် ပြောကြတဲ့အခါမှာ
တခြားဘာသာဝင်များက “သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ
ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်၊ ပြီးတော့ သူတို့ဘုရားသခင်က
ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှအပြစ်တွေလဲ ဆေးကြောဖယ်ရှားပေးမယ်၊
ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်၊ ချမ်းသာ သုခတွေနဲ့ ပြည့်စုံအောင်လဲ
အစစတာဝန်ယူတယ် “ ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က
ရွှန်းရွှန်းဝေ အောင် ပြောပြကြပါသတဲ့။


ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ
လူကဖြစ်လာတဲ့ ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ၊ အခုမရှိတော့ဘူး။
အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ဘုရားကို ကိုးကွယ် နေကြသူတွေဖြစ်မနေဘူးလား။


တို့ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံတာဝန်ယူပြီး အာမခံချက်ပေးသလို
မင်းတို့ဘုရား သခင်ကကော မင်းတို့အတွက် ဘယ်လို တာဝန်ယူသလဲ၊ ဘာတွေ
အာမခံချက်ပေး သလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ တပည့်တော်
သားနဲ့သမီးတို့က ဘာမှ ရေရေ ရာရာ ပြန် မပြော နိုင်ခဲ့ကြဘူးတဲ့ဘုရား။ ဒါနဲ့
သူတို့စိတ်ထဲမှာလဲ ဇဝေဇဝါနဲ့ ယောင်ဝါးယိမ်းယိုင်တွေ ဖြစ်ကုန်ပုံ
ရပါတယ်ဘုရား။


တစ်နေ့ကတော့ တပည့်တော်တို့ကို သားက ကွန်ပလိန်းတက်လာတယ်။ “ဗုဒ္ဓဘာသာတွေဟာ
မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား၊ ဒါမှမဟုတ် ရှိတယ်ဆိုရင်
ဗုဒ္ဓဘုရားရှင် အခုဘယ်မှာရှိ သလဲ၊ သူ့ကို ကိုးကွယ်ဆည်းကပ်သူတွေအပေါ်မှာ
ဘာတွေ တာဝန်ယူသလဲ၊ ဘယ်လို အာမခံ ချက် တွေ ပေးသလဲ” ဆိုတာတွေပေါ့ဘုရား။


ပြီးတော့ သားဆက်ပြောတဲ့ စကားက တပည့်တော်တို့ မိဘတွေအတွက် အတော့်ကို
တုန်လှုပ်စရာကောင်းတဲ့ စကားဘုရား “ဘာမှ ရေရာမှု မရှိတဲ့ ဘာသာတရားကို
ကိုးကွယ်နေတာ ဆိုရင်တော့ သူ့အနေနဲ့ လက်မခံနိုင်ဘူး၊ ရေရာတဲ့ ဘုရားသခင်နဲ့
အာမခံချက်အပြည့် ရှိတဲ့ ဘာသာ ကိုသာ ပြောင်း ပြီး ယူတော့မယ်” တဲ့ဘုရား၊
ဒီစကားကြားရတာ တပည့်တော်ဖြင့် မိုးကြိုးပစ်သလိုကို ခံစားလိုက်ရတယ်။
ကိုယ်ကလဲ ဘာမှ ရေရေ ရာရာ ပြန်မပြောတတ်ဘူး။


ဒီအကြောင်း မိတ်ဆွေသင်္ဂဟတွေကို ပြောပြပြီး အကူအညီတောင်းတော့လဲ
အားလုံးလိုလိုက ဝိုးတိုးဝါးတား တွေချည်းပဲဘုရား။ မနေ့ကမှ သူငယ်
ချင်းတစ်ယောက်က “အရှင်ဘုရားနဲ့ အတော် လေး မေးမြန်း ပြောဆိုဖူးပါသတဲ့၊
ဒီကစ္စကိုလဲ အရှင်ဘုရားနဲ့ နည်းနည်းဆွေးနွေးကြည့်သင့်တယ်” ဆိုလို့ ဒီနေ့
အလုပ်ကအပြန် အရှင်ဘုရားရှိရာကို တန်းဝင်ခဲ့တာပဲဘုရား၊ တပည့်တော်တို့
အခက်အခဲ ကို ကူညီဖြေရှင်းပေးပါဦး” ဆိုတဲ့မာရသွန်မေး ခွန်းကြီးကို
မေးပါတော့တယ်။


မိမိရှင်းပြခဲ့တာကတော့ - ဒကာကြီးရဲ့မေးခွန်းရှည်ကြီးထဲမှာ ပထမဆုံးက
“ဗုဒ္ဓဘာသာဝင်တွေဟာ မရှိတဲ့ ဘုရားကိုကိုးကွယ်နေကြတာလား” ဆိုတဲ့ အချက်ပါ။


လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့
ဦးစီးခေါင်းဆောင် ဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊
ဘယ်မိဘယ်ဖက ဖွားမြင်တယ်၊ ငယ်နာမည်က ဘယ်လိုခေါ်တယ်။


ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်၊ ဘယ်လိုတရားတွေကို ဘယ်အရပ်ဘယ်ဒေသမှာ
ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးဟောခဲ့တယ်’ စတဲ့ သေချာရေ ရာတဲ့
မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံရှိတာဆိုလို့
ဦးဇင်းတို့ ဒကာကြီးတို့ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူ တည်းသာ
ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့
ကမ္ဘာ့ပညာရှင်တွေအားလုံးကလဲ အလေးထားသိမှတ်ထားကြတာ အားလုံးသိကြမှာပါ။


ဘုရားပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊နီပေါနိုင်ငံတွေ)မှာ
လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က အသောကမင်းကြီး
ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်းကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို
ကမ္ဘာ့ပညာရှင်တွေ အားလုံးတို့ကလည်း အလေးထား အသိမှတ် ပြုကြတယ်ဆိုတာ
အားလုံးသိကြမှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊
အခိုင်မာဆုံး၊ အထောက်အထားပြနိုင်တဲ့ ဘာသာတရား ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ
မငြင်းဆန်ပါဘူး။


နောက်တစ်ချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ” ဆိုတဲ့ ကိစ္စပါ။ အမှန်ကတော့
ဒီမေးခွန်းက မေးဖို့ လိုအပ်လှတဲ့ မေးခွန်းမျိုးတော့မဟုတ်ပါဘူး၊ ဘာကြောင့်
မေးဖို့မ လိုအပ်သလဲ ဆိုတာကို နောက်မှပြောပြပါမယ်။ အခုတော့ အမေးက
ရှိနေတဲ့အတွက် အဖြေကိုပဲ အရင်ပြောပြ ပါမယ်။



(၃)

ဂေါတမမြတ်စွာဘုရားရှင်ဟာ(၄၅)ဝါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး
တရားဓမ္မတွေကိုလဲ မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။
သက်တော်(၈၀)အရွယ်၊ ဝါတော်(၄၅)ဝါ ပြည့်ပြီးချိန်မှာ
ပရိနိဗ္ဗာန်စံသွားပါတယ်။


ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို
ဘုရားရှင်မိန့်ကြားခဲ့တဲ့ စကားရှိပါတယ် “ ငါဘုရားရှင်
ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့
ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊
ငါဘုရားရှင်(၄၅)ဝါပတ်လုံး ဟောကြားခဲ့ တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ)
ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီတရား
ပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရားထင်ရှား ရှိနေတယ်လို့ ခံယူကြပါ”
ဆိုတဲ့ မှာတမ်းစကားပါ။


ဒါကြောင့် “ မြတ်စွာဘုရား အခုဘယ်မှာရှိသလဲ” ဆိုရင်
ဓမ္မက္ခန္ဓာတရားတော်တွေရှိတဲ့ နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။


ဒါကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ဘုရားကို
ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး၊ ထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ကိုယ်စား
တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော် နေကြသူတွေ ဖြစ်တယ်ဆိုတာကို
အထူးသိမှတ်သင့်ပါတယ်။ ထပ်ပြီးသတိပေးလိုတာကတော့ “ ဗုဒ္ဓဘာသာဆိုတာ
ကိုးကွယ်ပသရေး ဘာသာတရားမဟုတ်ဘူး၊ လိုက်နာကျင့်သုံး ပူဇော်ရေး ဘာသာတရားသာ
ဖြစ်တယ်” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။


မေးခွန်းရှင် မေးတဲ့အထဲမှာ မပါပေမယ့် ဒီနေရာမှာ သိဖို့လိုအပ်တဲ့အတွက်
ဖြည့်စွက်ပြီးပြောချင်တာ တစ်ခုလဲရှိပါတယ်၊ အဲဒါကတော့ “ ဗုဒ္ဓမြတ်စွာ
အခုဘယ်မှာ၊ ဘယ်သူတွေနဲ့ အတူရှိနေပါသလဲ” ဆိုတဲ့ အချက်ပါ။


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ
ရုပ်အဆင်းတော်တင့်တယ် သပ္ပါယ်မှုကိုသာ ကြည်ညိုတတ်တဲ့ “ဝက္ကလိ” ဆိုတဲ့
ရဟန်းတစ်ပါးရှိပါတယ်။ ဒီရဟန်းက ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ
ကြည့်ပြီးကြည်ညိုကိုးကွယ်နေချင်တယ်၊ အဆုံးအမအတိုင်း
လိုက်နာကျင့်သုံးပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို
မြတ်စွာဘုရားရှင်က -


“ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း လိုက်နာကျင့်သုံးပူဇော်နေသူဟာ
ငါဘုရားရှင်ကို မမြင်ရသော်လဲ ငါဘုရားရှင်နဲ့ အမြဲတွေ့နေရသူဖြစ်တယ်။

ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း မလိုက်နာ မကျင့်သုံးသူဟာ
ငါဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်ရုံမက ငါဘုရားရှင်ရဲ့ နောက်က
တကောက်ကောက်လိုက်နေသူဖြစ်သော်လဲ ငါဘုရားရှင်နှင့် တွေ့နေသူလို့
မဆိုနိုင်ဘူး” လို့ မိန့်ကြားခဲ့ပါတယ်။



ဘုရားရှင်ရဲ့ မိန့်ကြားချက်အရ မျက်စွာဘုရားရှင်နဲ့ ခရီးမိုင်တာ
ဘယ်လောက်ပဲ ဝေးကွာနေနေ၊ အချိန်ကာလတွေဘယ်လောက်ပဲ ခြားနားနေနေ ဒီနေ့
မြတ်စွာဘုရားရှင်ရဲ့ ဟောညွှန်ချက်ကို လိုက်နာကျင့်သုံးပူဇော်နေသူတို့
ရှိတဲ့နေရာမှာအဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓမြတ်စွာရှိနေတယ်”လို့
ဆိုရပါလိမ့်မယ်။


ဒါတွေကတော့ “အမေးရှိရင် အဖြေရှိရမယ်” ဆိုတဲ့အတိုင်းသာ ဖြေလိုက်တာပါ။
အမှန်ကတော့ “ ဘုရားရှင် အခုဘယ်မှာလဲ” ဆိုတဲ့ ပြဿနာဟာ မေးဖို့လိုအပ်တဲ့
ကိစ္စမဟုတ် ပါဘူး။ “ စစ်မှန်တဲ့ ကိုးကွယ်အားထားရာ” ဆိုတာ
မြတ်ဗုဒ္ဓရဲ့အလိုတော် အရပြောရမယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်က အဓိက မဟုတ်ပါဘူး၊
ဓမ္မဓိဋ္ဌာန်ကသာ အဓိကဖြစ်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ ဒီ(အမေရိကန်)က လူတွေသဘော အပေါက်လွယ်ဆုံးဖြစ်မယ့်
ဥပမာနဲ့ ပြောရမယ်ဆိုရင် ဒီနေ့ လွတ်လပ်တဲ့ အမေရိကန်ပြည်ထောင်စု ဆိုတာ
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ ကျော်လောက်ဆီက ဂျော့ဝါရှင်တန်စတဲ့
ခေါင်းဆောင်ကြီးတွေက ရယူပေးခဲ့ တာမဟုတ် လား၊ ဒီနေ့အမေရိကန်ပြည်သူတွေဟာ
လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံသားတွေအဖြစ်နဲ့ ဝမ်းမြောက် ဂုဏ်ယူပြီး
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ အနှစ်သာရကို ခံစားနေကြရတယ် မဟုတ်လား။


လွတ်လပ်တဲ့ နိုင်ငံသားတွေရဲ့တာဝန်ဟာ “လွတ်လပ်ရေးကို
ရယူပေးခဲ့တဲ့ပုဂ္ဂိုလ်တွေ အခု ဘယ်ဘုံဘယ်ဌာနမှာ ရောက်နေသလဲဆိုတာ သိဖို့
အရေးကြီးသလား၊ သူတို့ရယူပေးတဲ့ လွတ်လပ် ရေးကို လေးစားတန်ဖိုးထားပြီး
တာဝန်ကျေအောင် လိုက်နာကျင့်သုံးကြဖို့လိုသလား” ဆိုတာကို စဉ်းစားကြည့်ရင်
ပုဂ္ဂလဓိဋ္ဌာန်နဲ့ဓမ္မဓိဋ္ဌာန်ဘယ်ဟာက အဓိကကျသလဲဆိုတာ သဘောပေါက် လောက်ပါတယ်။


ပြီးတော့ “ဒီနေ့ လွတ်လပ်ရေးကို လေးစားမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်း
စောင့်ရှောက်နေ သူတို့နဲ့အတူ လွတ်လပ်ရေးရဲ့ ဗိသုကာများ အတူရှိနေပါတယ်”
ဆိုရင်ကော ငြင်းဆန်စရာရှိနိုင် သေးသလားဆိုတာ မေးကြည့်ရင်သိကြမှာပါ။


ဘယ်အရာမဆို သိပ္ပံနည်းကျမှ လက်ခံနိုင်မယ်ဆိုသူတွေ အနေနဲ့လဲ “ဒီနေ့ရူပဗေဒ
သိပ္ပံပညာ ရပ်တွေ ဆင့်ကဲတိုး တက်ဖွံ့ဖြိုးရေးမှာ ၊ ခေတ်သစ်
ရူပဗေဒသိပ္ပံပညာရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့် “အိုင်စတိုင်း” အခု
ဘယ်မှာရောက်နေသလဲ ဆိုတာကို သိဖို့လိုသလား၊ အိုင်စတိုင်း
ရှာဖွေတွေ့ရှိခဲ့တဲ့ ရူပဗေဒပညာရပ်များက ဒီနေ့ခေတ်သစ်သိပ္ပံပညာကို ဘယ်လို
အထောက်အကူပြုနိုင်သလဲဆိုတာကို အလေးထားဖို့ လိုသလားစဉ်းစားကြည့်ပါ။


အလားတူပဲ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ “အယ်ဒီဆင်” ဟာ ဘယ်နိုင်ငံသားလဲ၊
ဘာလူမျိုးလဲ၊ အခု ဘယ်ဘုံဘယ်ဌာန ရောက်နေသလဲဆိုတာ သိဖို့ လိုသလား၊
သူတီထွင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားကို အသုံးချတတ်ဖို့လိုသလား ဆိုတာလဲ
စဉ်းစားကြည့်ခိုင်းပါ။ မြန်မာပြည်သားတစ်ဦးအနေနဲ့ ရိုးသားစွာ
ပြောရမယ်ဆိုရင် ဦးဇင်းဘဝသက်တမ်း ထက်ဝက်ကျော်ကျော်လောက်အထိ လျှပ်စစ်ကို
ဘယ်သူက တီထွင်ခဲ့သလဲဆိုတာကို လုံးဝစိတ်မဝင်စားခဲ့ဖူးပါဘူး။




အယ်ဒီဆင်က တီထွင်ခဲ့တယ် ဆိုတာကို သိလာတဲ့အခါမှာလည်း အဲဒီပုဂ္ဂိုလ်ဟာ
ဘာလူမျိုး လဲ၊ ဘယ်ဘုံဘယ်ဌာန ရောက်နေတယ်ဆိုတာ စိတ်မဝင်စားမိပါဘူး။


ဒီနေ့ လျှပ်စစ်မီးလာမလား၊ မလာဘူးလားဆိုတာကိုသာ စိတ်ဝင်စားပါတယ်။
သူတီထွင်ခဲ့တဲ လျှပ်စစ်က လက်တွေ့အသုံးကျ တယ်ဆိုတာ သိနေပြီကိုး။


ဒီဥပမာ အတိုင်းပဲ တကယ့် လက်ငင်း လက်တွေ့ ဗုဒ္ဓဝါဒကို လေ့လာတဲ့ နေရာမှာလဲ
“မြတ်ဗုဒ္ဓ ဘယ်မှာလဲ” ဆိုတဲ့ ပြဿနာထက် မြတ်ဗုဒ္ဓ ဘယ်လို ဟောခဲ့သလဲ။

ဘယ်လို အကျိုးတွေ ဖြစ်ပေါ်နိုင်သလဲ ဆိုတာကိုသာ အလေးအနက် ထားဖို့
အရေးကြီးပါတယ်။ ဒီလောက် ဆိုရင် ပုဂ္ဂလ ဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကသာ အရေးကြီးတယ်
ဆိုတာလဲ သဘောပေါက် လောက်ပါပြီ။




နောက်ထပ်ကျန်နေတဲ့ ပြဿနာတစ်ခုက “မြတ်ဗုဒ္ဓက ယုံကြည်ကိုးကွယ်သူတွေကို
ဘာများ အာမခံချက်ပေးခဲ့လဲ” ဆိုတဲ့ ပြဿနာပါ။




(၅)

အထက်မှာပြောခဲ့သလိုပဲ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်ဆည်းကပ်ဆုတောင်းရေးအဓိကဝါဒ
မဟုတ်ဘူး၊ လိုက်နာကျင့်သုံးရေး အဓိကဝါဒပါ။ ဗုဒုဒဝ္ဓဝါဒကို
လိုက်နာကျင့်သုံး သူတို့အတွက် မြတ်ဗုဒ္ဓက ပေးတဲ့ အာမခံ ကတော့
“လုံးးဝချွတ်ယွင်းချက်မရှိ ကောင်းကျိုးရစေတဲ့ နည်းမှန် လမ်းမှန်ကို
ညွှန်ပြပေးမယ်” ဆိုတာပါပဲ။


မြတ်ဗုဒ္ဓရဲ့ အာမခံ အပြည့်ညွှန်ကြားပုံကို မူရင်း အတိုင်း ပြောရမယ်ဆိုရင်တော့ -

“ တှမှေဟိ ကိစံ္စ မာတဗ္ဗံ္ဗံ = ကြိုးစားဖို့က သင်တို့တာဝန်။

အက္ခာတာရော တထာဂတာ = ချွတ်ယွင်းချက် မရှိ လမ်းးညွှန်ပေးဖို့က
လမ်းးမှနှ် ရောက်သခင် ဘုရားရှင်တို့ရဲ့ တာဝန်။

ပဋိပန္နာ ပမောက္ခန္တ္တိ = ကြိုးးစားအားထုတ်နိုင်သလောက် ဒုက္ခလွတ်မြောက်မယ်။

ဈာယိနော မာရဗန္ဓနာ = ကြိုးစားမှု လုံ့ံ့လနဲ့ ရှို့မြှိုက် ရင်
အလွန်ခိုင်မာတဲ့ မာရ်မ်မင်းးရဲ့ အနှောင်အအဖွဲ့တွေတောင်
လောင်မြိုင်ပျက်စီးသွားနိုင်တယ် တယ်” တဲ့။(ဓမ္မပဒ - ၂၇၆)


ဒီထက်ပိုပြီး ရဲရင့် ပြတ်သားတဲ့ အာမခံချက်ကတော့ မြတ်ဗုဒ္ဓဟောညွှန်တဲ့
တရားတော်မှန်သမျှ “ သန္ဒိဋ္ဌိကော=လက်တွေ့ကောင်းကျိုးရစေမယ်၊ ဧဟိပဿိကော =
မည်သူမဆို လက်တွေ့ လာရောက် စမ်းသပ်စစ်ဆေးခွင့်ရှိတယ်” ဆိုတဲ့
အချက်တွေပါပဲ။


“ဒီအာမခံချက်တွေဟာ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ ရဲရဲတောက် (သီဟနာဒ)စိန်ခေါ်မှု
အပြည့်ပါတဲ့ အာမခံချက်တွေ ဖြစ်တယ်ဆိုတာကို ဘာသာဝါဒနဲ့ အဘိဓမ္မာအားလုံးကို
ဘက်မလိုက် လေ့လာကြတဲ့ ကမ္ဘာ့ပညာရှင်များက တလေးတစား လက်ခံ
အသိအမှတ်ပြုကြပါတယ်” ဆိုတဲ့ အကြောင်း ရှင်းပြတဲ့အခါ မေးမြန်းတဲ့
ဒကာကြီးက…


“ အရှင်ဘုရား အခုမိန့်ရှိသွားတဲ့အထဲက “သန္ဒိဋ္ဌိကော၊ ဧဟိပဿိကော” ဆိုတဲ့
တရားဂုဏ်တော် ၂ ခုကတော့ “ဘာမဆိုလက်တွေ့ကျမှ လက်ခံမယ်” ဆိုတဲ့
ခုခေတ်လူငယ်တွေအတွက် အတော်ရဲရင့် ပြတ်သားတဲ့အာမခံချက်ပဲဘုရား။


ဒီနှစ်ချက်နဲ့ ပတ်သက်လို့ သူတို့သိသာ လက်ခံနိုင်လောက်တဲ့
ဥပမာလေးဖြစ်ဖြစ်၊ သာဓကလေး ဖြစ်ဖြစ် အမိန့်ရှိပေးပါဦး” ဆိုပြီးတော့
ကြားဖြတ်လျှောက်ထားပါတယ်။


“ ဒီအာမခံချက်တွေရဲ့ သာဓကအနေနဲ့ကတော့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က
၄၅ - ဝါပတ်လုံး ဟောတော်မူခဲ့တဲ့ တရားတွေ၊ ကြုံတွေ့ ဖြေရှင်းခဲ့ရတဲ့
ပြဿနာတွေ၊ ဖြစ်ရပ်တွေ အားလုံးဟာ တရားဂုဏ်တော် အားလုံးနဲ့ဆိုင်တဲ့
ယုတ္တိသာဓကတွေချည်းပါပဲ၊ အဲ .. ဒီအမေရိကမှာ ရှိတဲ့ လူငယ်တွေအတွက်
သိသာလွယ်ကူတဲ့ သာဓကတစ်ခုကို ပြောမယ် ဆိုရင်တော့ - မြတ်စွာရှင်က
ဓမ္မပဒပါဠိတော် (ဂါထာ -၂၂၃)မှာ -


(၆)

အကောဓေန ဇိနေ ကောဓံ = အမျက်ထွက်သူကို အမျက်မထွက်ခြင်းးဖြင့် အနိုင်ယူရမယ်။

အသာဓုံ သာဓုနာ ဇိနေ = သူယုတ်မာကို ကိုယ်ကကောင်းခြင်းဖြင့် အနိုင်ယူရမယ်။

ဇိနေ ကဒရိယံ ဒါနေန = နှမြောတွန်တိုသူကို ပေးကမ်း ကူညီခြင်းဖြင့် အနိုင်ယူရမယ်။

သစ္စေန အလိတဝါဒိနံ = လိမ်ညာလှည့်ဖြားတတ်သူကို သစ္စာစကားဖြင့် အနိုင်ယူရမယ်”
ဆိုတဲ့ဟောညွှန်ချက်ရှိပါတယ်။




ဒီဟောညွှန်ချက်တွေကို လက်တွေ့ဘဝထဲမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဖြစ်ရပ်တွေနဲ့ပဲ
ဖြစ်ဖြစ် တိုက်ဆိုင်လေ့လာကြည့်ပါ၊ “သန္ဒိဋ္ဌိက” ဂုဏ်၊ “ဧဟိပဿိက” ဂုဏ်တို့နဲ့
ဘယ်လောက်ပြည့်စုံတယ်ဆိုတာ သဘောပေါက်နိုင် ပါတယ်။


ဒီ(အမေရိက)က လူငယ်တွေအနေနဲ့ ၁၉၆၂ နှစ်ကုန်ပိုင်းလောက်က ဖြစ်ပျက်ခဲ့တဲ့
ကျူးဘား အရေးအခင်းမှာ ရုရှားနဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ပြီး
အဏုမြူစစ်ပွဲကြီး ဖြစ်ခါနီးဆဲဆဲအထိ ရောက်ခဲ့ရတဲ့ဖြစ်ရပ်တွေအကြောင်း
ဖတ်ဖူးကြားဖူး ရှိကြမလားပဲ။ အဲဒီပြဿနာက အမေရိကန်တွေ အနေနဲ့
ငြိမ်းချမ်းရေးလိုလားတဲ့ ကမ္ဘာ့မျက်နှာစာမှာ သိပ်မျက်နှာပန်းမလှခဲ့တဲ့
ကိစ္စဆိုတော့ ဒီမှာ မေ့မေ့ ပျောက်ပျောက်လို သဘောထားပြီး ဖုံးကွယ်ထား
ကြသလားတော့ မသိဘူးပေါ့ဗျာ။


မြန်မာနိုင်ငံသား (အဲဒီတုန်းက သတင်း ဖတ်ကြသူ) များအနေနဲ့တော့ ဒီကိစ္စက
ကမ္ဘာကြီး ဖြုံသွားရတဲ့ ကိစ္စဖြစ်တာလည်း တစ်ကြောင်း။

ဒီကိစ္စဖြန်ဖြေရေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးတစ်ယောက်အနေနဲ့
မြန်မာတို့ရဲ့ဦးသန့်ကလည်း ကမ္ဘာကျော် ပညာရှင်ကြီး ဘာထရန် ရပ်ဆဲလ် နဲ့အတူ
ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တာဖြစ်လို့ ကမ္ဘာမှာ မြန်မာတွေ မျက်နှာပန်း
ပွင့်ခဲ့ရတဲ့ ကိစ္စကြီးလည်း ဖြစ်နေတာ တစ်ကြောင်း အဲဒီနှစ်မှာ ကြုံရတဲ့
ထိပ်တိုက်တွေ့ဆုံမှုတွေကလည်း ရုရှားနဲ့ အမေရိကန် ဆိုတဲ့ အင်အားကြီး
နှစ်နိုင်ငံရယ်၊ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ လူဦးရေအများ ဆုံး နိုင်ငံကြီး
နှစ်နိုင်ငံ ရယ်ဆိုတော့ အဲဒီနှစ်နဲ့ အဲဒီအဖြစ် အပျက်တွေက တကယ့်ကိုမှ
အမှတ်တရကြီးတွေပဲ မဟုတ်လား။ ဒကာကြီးတို့တော့ မှတ်မိချင် မှတ်မိမယ်
ထင်ပါတယ်။


အဲဒီတုန်း အမေရိကန်သမ္မတ ကနေဒီက အရွယ်ကလည်းငယ်ငယ်နဲ့
ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေတာ
ဆိုတော့ အတ္တတွေ၊ ဒေါသမာနတွေကလည်း သွေးနားထင် ရောက်ဖြစ်ပြီး
စစ်သွေးကြွနေတာလေ။ နေတိုးတို့ ဝါဆောတို့ ဆိုတဲ့ အနောက်အုပ်စု၊
အရှေ့အုပ်စုတို့ကလည်း ဘာရယ်လို့ မဟုတ်ဘူး အာဏာတွေ ပါဝါတွေ ပြချင်၊
ပြိုင်ချင်နေကြ တာဆိုတော့ အဏုမြူစစ်ပွဲကြီး ဖြစ်ခါနီးဆဲဆဲအထိ တာစူလာကြတာ
မဟုတ်လား။


အဲဒီကိစ္စမှာ ဘာမဆို အမေရိကန်လုပ်သမျှကို မျက်စိမှိတ် ထောက်ခံလေ့ရှိတဲ့
ဗြိတိန်ကလည်း ဒီအဏုမြူစစ်ပွဲကြီးထဲကို ဝင်မယ်တကဲကဲ ဖြစ်နေတာပေါ့။ အနောက်
အုပ်စု စာနယ်ဇင်းတွေကလည်း “ နောက်မဆုတ်မနဲ့ ချတာ ချ” ဆိုတဲ့ သဘောမျိုးနဲ့
ဆွပေးကြတော့ ဘာပြောကောင်းမလဲ၊ ဘာမှကို ပြောမကောင်း ကြားမကောင်း
အဖြစ်ဆိုးကြီးနဲ့ ကြုံခါနီးဆဲဆဲ ရောက်သွားတဲ့ကိစ္စပေါ့။


အဒဲ ကိစ္စမှာ အနုမြူစစ်ပွဲကြီး တားဆီး ဖြန်ဖြေရေး လုပ်နေတဲ့
ဗြတိန်နိုင်ငံသား ပညာရှင်ကြီး ဘာထရန် ရပ်ဆ်လ် က (၂၄.၁၁.၆၂)နေ့စွဲနဲ့
စစ်သွေး ကြွနေတဲ့ ဗြိတိန်နိုင်ငံသားတွေကို သတိပေးတဲ့ ကြောငြာချက်ထဲက -


“သက်တမ်းစေ့နေပြီး သေကြရမှာ မဟုတ်ဘူး၊ သတင်းပတ်အနည်းငယ်အတွင်း သေကြရ
လိမ့်မယ်။ တစ်ယောက်ထဲ သေမယ်လို့ မထင်လိုက်ပါနှင့်၊ ကိုယ့်သားမယား၊
ကိုယ့်မိတ်ဆွေ သင်္ဂဟ တွေနဲ့ ဗြိတိန်မှာ နေသမျှ လူတွေအားလုံးအပြင်
ကမ္ဘာ့နေရာအနှံ့မှာ အသက်ရှင်နေကြတဲ့ ဘုမသိ ဘမသိ သန်းပေါင်းများစွာ ရှိတဲ့
လူတွေပါ အတူသေသွားကြရမှာ ဖြစ်တယ်။


ကြမ်းတမ်းရိုင်းစိုင်းပြီး စိတ်ရူးပေါက်နေတဲ့ လူသတ်သမားစကားကို
နားယောင်ပြီးတော့ “ကိုယ့်တိုင်းပြည်အတွက် အသက်ပေးကာကွယ်ဖို့ ဝတ္တရား
ရှိတယ်” လို့ မထင်ပါနဲ့၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်နိုင်ငံ၊
ကိုယ့်ကမ္ဘာပေါ် ထားအပ်တဲ့ ဝတ္တရားကလွဲပြီး ဒီ(ဗြိတိန်)နိုင်ငံ ဝန်ကြီးချုပ်
(မက္ကမီလန်)နဲ့ အမေရိကန်သမ္မတ(ကနေဒီ)တို့ကို အလုပ်အကြွေး
မပြုလုပ်ချင်ပါနဲ့။


နှစ်မြို့စရာ ပျော်ရွှင်စရာ လွတ်လပ်တဲ့ ကမ္ဘာမှာ နေလိုကြတယ်ဆိုရင် သူတို့
စကားနားမထောင်ဘဲ ကိုယ့်ဝတ္တရား ကိုယ်သတိရနေဖို့ ဖြစ်ပါတယ်” ဆိုတဲ့
သတိပေးကြော်ငြာချက်က သွေးနားထင်ကြွပြီး ဘဝကို မေ့နေကြတဲ့ ဗြိတိန်ပြည်သူ
တွေကို မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး လန့်ဖျပ်နိုးသွား စေရုံ သာမက
ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူအားလုံးကို လှန့်နိုးလိုက်သလို
ဖြစ်သွားခဲ့လို့ သတင်း ဖတ်သူ ပေါက်စကလေးတွေ ဖြစ်တဲ့ ဦးဇင်းတို့တောင်
တစ်ခါတည်း စွဲငြိသွားခဲ့ရ တာပေါ့။


အဲဒီအရေးခင်းမှာ ဘာထရန် ရပ်ဆဲလ်က အနောက်နိုင်ငံ(အရင်းရှင်း)အုပ်စုမှာ
ရှိတဲ့ စေ့စပ်ရေး သမားတွေကိုပြောခဲ့တဲ့ “ နျူကယီးယားစစ်ပွဲဟာ
ကွန်မြူနစ်ဝါဒ တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားခြင်း ထက်
ပိုဆိုးလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်” ဆိုတဲ့ စကားနဲ့
အရှေ့(ကွန်မြူနစ်)အုပ်စု စေ့စပ်ရေး သမား တွေပြောခဲ့တဲ့ “
နျူကယီးယားစစ်ပွဲဟာ အရင်းရှင်စနစ်က တစ်ကမ္ဘာလုံးကို လွမ်းမိုးသွားခြင်းထက်
ပိုဆိုးလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ကြောင်း” ဆိုတဲ့ စကားလုံးများဟာလည်း
ဘာသာတရားမဲ့ လူကြမ်း ကြီးတွေလို့ သတ်မှတ်ခြင်းခံရတဲ့
ရုရှားကွန်မြူနစ်ခေါင်းဆောင်ကြီး ခရုရှက်ရဲ့ နှလုံးသား ကိုတောင်
ထိမှန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ အမေရိကန်သမ္မတ ကနေဒီက ညစ်ကျယ်ကျယ်
ခေါင်းမာ မာနဲ့ တင်းခံနေတဲ့ ကြားထဲကပဲ ရှရှားခေါင်းဆောင်ကြီး ခရုရှက်က
ကျူးဘားကို ဦးတည်ခုတ် မောင်း နေတဲ့ ရုရှားသင်္ဘောစုကို အမေရိကန်ပိတ်ဆို့ရေး
သင်္ဘောစုနဲ့ ပဋိပက္ခ မဖြစ်အောင် ရှောင်ကြဉ်ဖို့ အမိန့်ထုတ်ပြီး
ကျူဘားမှာရှိတဲ့ ဒုံးပျံများကို ပြန်လည်ရုပ်သိမ်းသွားခဲ့
ခြင်းတို့ကြောင့် အဏုမြူ လက်နက် များနဲ့ ပါဝင်ဆင်နွှဲ မည့်
တတိယကမ္ဘာစစ်ကြီးဖြစ်ဖို့ အထိ တာစူနေတဲ့ ပဋိပက္ခကြီးဟာ
ပြီးငြိမ်းသွားခဲ့တယ် မဟုတ်လား။



ဒီဖြစ်ရပ်တွေကို ခြုံငုံကြည့်လိုက်ရင် အမေရိကန်သမ္မတကနေဒီနဲ့
အပေါင်းပါများက ဒေါသမာန် တွေတင်းပြီး လူမျိုးပြုတ်
စစ်ပွဲကြီးဆင်နွှဲဖို့အထိ မိုက်ရူးရဲခဲ့တဲ့ ပဋိပက္ခမှုကြီးဟာ တစ်ဖက်ကလည်း
ဒေါသမာန်မာနတွေနဲ့ ရင်ဆိုင်မယ်ဆိုရင် ဒီနေ့ ကမ္ဘာမြေပုံဟာလည်း သတ္တလောက
ဆိတ်သုဉ်းနေတဲ့ သဲကန္တာရ ဩကာသ သင်္ခါရလောကကြီးသက်သက်ပဲ ဖြစ်နေလောက်ပြီပေါ့။
သတ္တဝါတွေရဲ့ ကံ အကြောင်းတရားနဲ့ လူစိတ်မဆိတ်သုဉ်းသေးတဲ့
ရုရှားခေါင်းဆောင် ခရုရှက်က ဒေါသမာန်မာနတွေ ကို ပယ်ချရင်ဆိုင်ခဲ့လို့သာ
ခုလိုကမ္ဘာကြီးမှာ သတ္တလောကပါ ပြည့်စုံသာယာနေတာပေါ့။


ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီတုန်းက စစ်သွေးကြွတွေ ဖြစ်နေကြ သူများကတော့
“သူတို့ ရဲ့အင်အားနဲ့ သတ္တိရှိမှုကြောင့် ခရုရှက်ဟာ စစ်ပွဲကို
ရင်မဆိုင်ရဲဘဲ အရှုံးပေးသွားတာ”လို့ ရူးကြောင်မူးကြောင် သတင်းတွေ
လွှင့်နေကြတာလည်း မှတ်မိတယ်။


တကယ်တော့ ဒီပဋိပက္ခမှာ ဒေါသမာန်မာနတွေကို ဖယ်ရှားပြီး ရင်ဆိုင်ခဲ့တဲ့
ခရုရှက်နဲ့အတူ သက်ရှိလောကကြီးတစ်ခုလုံးက အောင်နိုင် သွားခြင်း သာ
ဖြစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရှိသူတိုင်း သိနိုင်ပါတယ်။


ရှင်းရှင်းပြောရရင် ဒီနေ့ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေ အသက်ရှင်နေရတာဟာ
ခရုရှက်ရဲ့ ဒေါသမာန်မာနတွေကို ဖယ်ရှားနိုင်မှုကြောင့်သာ ဖြစ်ပါ တယ်။


ဒီအောင်ပွဲနဲ့ပတ်သက်လို့ ဖြန်ဖြေရေးပညာရှင်ကြီး ဘာထရမ် ရပ်ဆဲလ်က
သတင်းစာများကနေ ကြောငြာချက်ထုတ်ပြန်ရာမှာ -

“ အမေရိကန်စစ်ဝါဒကြောင့် ပေါ်ပေါက်လာမည့်ဆဲဆဲ ရောက်လာတဲ့စစ်ပွဲကြီးကို
တားဆီးနိုင်တဲ့ သတ္တိနဲ့ တကယ်တမ်း တားဆီးဖို့ ဆုံးဖြတ်ချက်ချလိုက် တဲ့
မစ္စတာ ခရုရှက်ဟာ တစ်ကမ္ဘာလုံးအပေါ် ဧရာမ ကျေးဇူးကြီးပြုလိုက်ပေပြီ။
အင်အားကြီးတစ်နိုင်ငံက လူသိရှင်ကြားသူ့ကို ခြိမ်းခြောက်နေ တဲ့ကြားက ပဲ
မှားယွင်းတဲ့ မာနတံခွန်စေပါးချက်တို့ကို လျစ်လျူပြုခဲ့တဲ့ မစ္စတာခရုရှက်ဟာ
လူသား အကျိုးကို မျက်ကွယ်ပြုပြီး လက်ရုံးအားကိုးနဲ့ ရယူနိုင်တဲ့
ဂုဏ်ရှိန်ဩဇာကို မက်မောတဲ့ ကလေးဆန် ဆန်ပြုမူ ခြင်းကို ကြံ့ကြံ့ခံ
နိုင်ခဲ့ပါပြီ”ဆိုပြီး ထောမနာပြုခဲ့ တာကို ကြည့်လိုက်ရင် ဒေါသမာန်မာနတွေ
ကို ဖယ်ရှားပြီ လူသား အားလုံး အပေါ် စာနာစိတ်အပြည့်နဲ့ အနိုင်ယူခဲ့တဲ့
ခရုရှက်ရဲ့အောင်ပွဲဟာ သက်ရှိလောကကြီး တစ်ခုလုံးရဲ့ အောင်ပွဲကြီးပဲ
မဟုတ်လား။


ဒါဟာ “အက္ကောဓေန ဇိနေ ကောဓံ” စတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတွက် ပစ္စက္ခမှာပဲ
လုံလောက်ထင်ရှားတဲ့ သာဓကကြီးပါပဲ။ ဒါက ကမ္ဘာနဲ့အဝှမ်း
အထင်ရှားဆုံးကိစ္စတစ်ခုကိုသာ ပြောတာပါ။


အလားတူထင်ရှားတဲ့ ကမ္ဘာဖြစ်ရပ် သာဓကတွေဟာ ဒီနေ့ကမ္ဘာ့ဝန်းကျင်တစ်ခုလုံးမှာ
သတိထားမိသူတိုင်း သိသာထင်ရှားပါတယ် ‘ဆိုတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။


ဒကာကြီးကတော့ သူ့ကိုယ်တိုင်အောင် ဒီဖြစ်ရပ်တွေအပေါ်မှာ
ဝေဝေ၀ါးဝါးဖြစ်နေပုံပါပဲ။ ဒါနဲ့ နောက်ဆုံးမှာမိမိက -

ကဲ ..ထားပါတော့၊ ဒါတွေက “သန္ဒိဋ္ဌိက၊ ဧဟိပဿိက”စတဲ့
မြတ်ဗုဒ္ဓရဲ့တရားတွေဂုဏ်တွေဟာ လူကြားကောင်းရုံ ကြွေးကြော်ထားတာတွေ
မဟုတ်ဘူး။

တကယ်အစမ်းသပ်ခံနိုင်တယ်၊ တကယ့်ကို လက်ငင်းလက်တွေ့ အကျိုးထင်ရှား တယ်ဆိုတာ
ဒကာကြီးသဘောပေါက်အောင် ပြောပြရတာပါ။ ဒကာကြီးရဲ့သားသမီးတို့နဲ့ ပတ်သက်လို့
အခုကြုံ နေရတဲ့ ပြဿနာပြေလည် စေဖို့အတွက်တော့ ဦးဇင်းဥပမာလေးတစ်ခုကို
ပြောပေးချင် ပါတယ်။


စာသင်ကျောင်းကြီးနှစ်ကျောင်းရှိတယ်ဆိုပါစို့၊ ပထမတစ်ကျောင်းက "ငါတို့
ကျောင်းမှာ လာနေပါ၊ ငါတို့ကို လေးစားအားကိုးပါ၊ သင့်မှာ
ဘယ်လိုချွတ်ယွင်းချက်တွေရှိနေနေ၊ သင်ဘာတွေမှ အထွေ အထူးမကြိုးစားလဲ
ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ ချွတ်ယွင်းချက်မှန်သမျှကိုလဲ
ဖယ်ရှားပေးမယ်၊ ဘွဲ့ဒီဂရီတွေလဲ ရစေမယ်၊
ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာတွေနဲ့လဲ ပြည့်စုံစေမယ်” လို့
အာမခံကြွေးကြော်ထားတဲ့ ကျောင်းကြီးပေါ့။


နောက်တစ်ကျောင်းကတော့ “ကြိုးစားဖို့က သင်တို့တာဝန်ဖြစ်တယ်၊
ချွတ်ယွင်းချက်မရှိ အပြည့်အဝသင်ကြားပေးဖို့ ငါတို့က လုံးဝတာဝန်ယူတယ်၊
သင်တို့ ကြိုးစားသလောက် မုချအောင်မြင် မှုရမယ်၊ သင်ရဲ့ကြိုးစားမှု၊ သင့်ရဲ့
အစွမ်းအစနဲ့ပဲ အခက်အခဲဟူသမျှ ကျော်လွှားအောင်မြင်စေရမယ်၊ သင့်ရဲ့
ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ လူသားဂုဏ်သိက္ခာအားလုံးကိုငါတို့က တလေးတစားအသိ
အမှတ်ပြု တယ်”လို့ အာမခံ ကြွေးကြော်ထားတဲ့ ကျောင်းကြီးပေါ့။


(၇)

ဒကာကြီးရဲ့ သားနဲ့သမီးကို မေးကြည့်ပါ၊ “ ဒီကျောင်းကြီး နှစ်ကျောင်းထဲက
ဘယ်ကျောင်းမှာ နေမလဲ” ပေါ့။ အခုခေတ်လူငယ်တွေဟာ အရာရာ ကို
နှိုင်းယှဉ်စဉ်းစားတတ်ပါတယ်။


အဲ ..ဒကာကြီးအနေနဲ့ သဘောပေါက်ထားရမှာကတော့ ဗုဒ္ဓဘာသာဆိုတာ ဒုတိယ
ကျောင်းကြီးမျိုး ဖြစ်ပါတယ်။


ဗုဒ္ဓမြတ်စွာ အာမခံနိုင်တာကတော့ “ချွတ်ယွင်းချက်မရှိအောင် အပြည့်အဝ
သင်ကြားပေး မယ်”ဆိုတဲ့ အချက်ပါပဲ။ အောင်မြင်မှုက မြတ်ဗုဒ္ဓရဲ့ လက်ထဲ မှာ
မရှိပါဘူး၊ ကြိုးစားအားထုတ်သူတို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ “အတ္တာဟိ
အတ္တနောနာထော = ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့ ကိုးကွယ်ရာ ဖြစ်တယ် ”ဆိုတဲ့
“လူသာ ပဓာန”ဝါဒကို ဟောညွှန်တာဆိုလို့ မြတ်ဗုဒ္ဓတစ်ပါးသာရှိပါတယ်။ ဒါကြောင့်
ဗုဒ္ဓဝါဒဆိုတာ လူနဲ့ လူ့အခွင့်အရေး၊ လူရဲ့ ကံဥာဏ်ဝီရိယ စွမ်းအားနဲ့
လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာတို့ကို အပြည့်အဝ လေးစား အသိအမှတ်ပြုတဲ့ ဝါဒပဲ
ဖြစ်ပါတယ်။


ကဲ .. ဒကာကြီး ဒါကို လက်တွေ့ စမ်းကြည့်ချေပါဦး” လို့
တိုက်တွန်းလိုက်ပါတယ်။ ဒကာကြီးလည်း “ပြောစရာတော့ရပြီ” ဆိုတဲ့ သဘောနဲ့
ပေါ့ပေါ့ပါးပါး ကြည်ကြည်လင်လင်ပဲ ဦးချပြန်သွားပါတယ်။


နောက်စနေနေ့မှာတော့ ဒကာကြီး ခပ်စောစောပဲ ရောက်လာပါတယ်။ မျက်နှာက တစ်ခုခု
အဆင်ပြေလာတဲ့ပုံစံနဲ့ပါ။ ရောက်မဆိုက်ဆိုသလိုပဲ “ဆေးချက်ကတော့ တည့်သွားပြီ
ဆရာတော် ရေ့၊အဲဒီနေ့ ညစာထမင်းဝိုင်းမှာပဲ အရှင်ဘုရား အမိန့်ရှိလိုက်တဲ့
ကျောင်းကြီးနှစ်ကျောင်း ဥပမာကို ပြော လိုက်တော့ သားကရော သမီးကရောပဲ “ဟာ
.. ကိုယ်က ဘာမှ မကြိုးစားပဲနဲ့ အောင်မြင်မှု ရစေမယ်ဆိုတဲ့
ကျောင်းမျိုးကတော့ ဘယ်သွားအားကိုး လို့ ဖြစ်မလဲ၊
ကြိုးစားသူရောမကြိုးစားသူရော အတူတူအောင်မြင်စေမယ်ဆိုရင် သားတို့
ကြိုးစားသမျှတွေက ဘာသွားထူးတော့မှာလဲ" ဆိုပြီး ကျောင်းနှစ် .ေ ကျာင်းကို
နှိုင်းယှဉ်ဝေဖန်ကြတော့တာပဲ။ တစ်ချို့အချက်တွေမှာ နည်းနည်း ပြင်းထန်
လွန်းလို့ တပည့်တော်တို့ကတောင်ထိန်းပေးရသေးတယ် ဆိုတဲ့အကြောင်း အားပါးတရ
ပြောပြ ပါတယ်။


မိမိက - “ဒကာကြီးအခုလို ထိန်းပေးတာ ကောင်းပါတယ်၊ အမှန်ကတော့
ဘာသာဝင်တို့ရဲ့ အရေးအကြီးဆုံးတာဝန်က ကိုယ်ယုံကြည်တဲ့ ဘာသာ တရားကို
လေးစားပြီး ကိုယ်လိုက်နာ ကျင့်သုံးရမယ့် “ ရှောင်သင့်တာ ရှောင်၊
ဆောင်သင့်တာဆောင်” ဖို့ပဲ မဟုတ်လား။


“ ဣဒမေဝ သစ္စံ္စံ မောဃမညံ = ငါ့ဝါဒသာ အမှန်၊ အခြားဝါဒတွေဟွဟာ အလကား
ဝါဒတွေဖြစ်တယ်”ဆိုတဲ့ စိတ်ထားမျိုးဟာ အဆင့်နိမ့်သူတို့ရဲ့
စိတ်ထားမျိုးဖြစ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓ့ အဆုံးးအမနဲ့ “ န ပရောပရံ
နိကုဗ္ဗေထ = တစ်ယောက် တစ်ယောက်က်ကို မလှည့်မဖြား ရိုးးသားစွာ
ဆက်ဆံရမယ်။ နာတိမညေထ ကတ္ထစိ နံကိဉ္စ္စိ = ဘယ်ကိစ္စ္စမှာမဆို တစ်ယောက်က
တစ်ယောက်ကို နိုင်ထက်စ်စီးးနင်းး မထီမဲ့မြင် မပြုဘဲ လေးစားစွာ
ဆက်ဆံရမယ်” ဆိုတဲ့ ဘုရားရှင်ရဲ့ သတိပေး ညွှန်ကြား ချက်များကို
အလေးထားတတ်ကြဖို့ လိုပါတယ်ဆိုတဲ့ အကြောင်း သတိပေးလိုက်ပါတယ်။



ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး ၌၊ ဆည်းပူးနိုင်မှ၊
တော်ကာကျလိမ့်…


မေတ္တာများဖြင့်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */