ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ မေလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုများကြောင့် ပြောင်းလဲလာသည့် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီတရပ် ဖွဲ့စည်းလိုက်သည်။
ဖောက်လုပ်နေသည့် ဆည်မြောင်းနှင့် ရေကာတာများကြောင့် ဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုသည့် ဘေးထွက်ဆိုးကျိုးများကြောင့် ဂေဟစနစ် ပြောင်းလဲလာမှုများကို ထိန်းသိမ်းကာကွယ်ရန် ဧပြီလ ၂၉ ရက်နေ့တွင် ကော်မတီဖွဲ့စည်းခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေဟာ
farmer-training1
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပြုလုပ်နေသည့် တောင်သူလယ်သမား သင်တန်း အပတ်စဉ် (၁) ပို့ချနေစဉ် (Photo : NLD)
အများကြီး ကြုံတွေ့လာရတယ်ဗျ။ ဆည်မြောင်းတွေကို ဖောက်တာ၊ ရေကာတာတွေ တည်ဆောက်တာ ဒါတွေပဲပေါ့။ မြစ်ဝကျွန်းပေါ် တချို့ဒေသတွေမှာပေါ့ဗျာ။ စိုက်ပျိုးရေး လုပ်ငန်းမှာ ဓာတ်မြေသြဇာသုံးစွဲမှု၊ ပိုးသတ်ဆေးသုံးစွဲမှု အဲဒါတွေကလည်း Eco System ကို နည်းနည်း ပြောင်းလာတာတွေ တွေ့နေရတယ်။ အဲဒါတွေကို ထိန်းသိမ်းသွားနိုင်ဖို့အတွက် လယ်သမားတွေကို ပညာပေးဖို့၊ အဲဒါတွေကို ဆောင်ရွက်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ကော်မတီဖွဲ့သည်ကို ကြိုဆိုကြောင်းနှင့် အစိုးရအပါအဝင် အားလုံးကလည်း အလေးထားရမည့် ကိစ္စရပ်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ဆိုသည်။
“အာဏာပိုင်အစိုးရကော၊ NGO (အစိုးရမဟုတ်သော အဖွဲ့အစည်း) တွေကကော၊ လုပ်ငန်းရှင်တွေကော၊ နောက်ပြီး အတိုက်အခံတွေကပါ စိတ်ပါတယ်ဆိုတော့ ကောင်းတဲ့လက္ခဏာပါပဲ။ ကြိုဆိုရမှာပေါ့။ ဒီကိစ္စက အစိုးရနဲ့ကော လုပ်ငန်းရှင်ကော၊ ပြည်သူလူထုကော အားလုံး ဆိုင်ပါတယ်။ အဲဒီတော့ အစိုးရကလည်းပဲ တာဝန်ရှိသလို လုပ်ငန်းရှင်တွေကော ပြည်သူအားလုံးက ဒီကိစ္စက အလေးထားရမယ့် ကိစ္စဖြစ်တယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဖရီဒါဦးအုန်းက မဇ္ဈိမကို ပြောသည်။
ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် လူဦးရေ ၁၂ ဦး ပါဝင်ပြီး ယင်းတို့မှာ တောင်သူလယ်သမားများဖြစ်ကာ NLD မှ ဖွင့်လှစ်သည့် တောင်သူလယ်သမား ပညာပေးသင်တန်းဆင်းများ ဖြစ်ကြသည်။
“အခုဟာက လယ်သမားတွေပါ။ ပညာရှင်တွေကတော့ ကျနော်တို့ အဖွဲ့ချုပ်မှာ ရှိပါတယ်။ အဖွဲ့ချုပ်နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လာပြီး ပို့ချတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကိုက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ နားလည်လေ့လာထားတဲ့သူတွေပါ။ အဲဒီပုဂ္ဂိုလ်တွေကနေ ပို့ချတာပါ။ လယ်သမားတွေကလည်းပဲ တော်တော့်ကိုပဲ ကိုယ်တွေ့သိရှိ ကျွမ်းကျင်ထားတဲ့လူတွေ” ဟု NLD ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဧပြီလ ၂၇ ရက်နေ့မှ စတင်သည့် ၃ ရက်ကြာ သင်တန်းသို့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တောင်သူလယ်သမား ၄၆ ဦး တက်ရောက်ခဲ့သည်။
သင်တန်း၌ NLD အဖွဲ့ဝင် စိုက်ပျိုးရေးကျောင်းဆင်း ပညာရှင်များက သင်ကြားပေးခဲ့ပြီး ပိုးသတ်ဆေးအသုံးပြုနည်း၊ မြေယာနှင့် ပတ်သက်သည့် အခက်အခဲများအကြောင်း၊ စိုက်ပျိုးရေးစရိတ်နှင့် စားကျက်မြေကိစ္စ၊ အေးအေးချမ်းချမ်း စိုက်ပျိုးနိုင်ရန် မည်သို့ ကာကွယ်စောင့်ရှောက်ရမည် ဟူသည့် အကြောင်းအရာများလည်း ပါဝင်သည်။ ယခုအခါ ဒုတိယ အပတ်စဉ်သင်တန်း ပို့ချနေပြီဖြစ်သည်။
NLD က ပြောဆိုခဲ့သည့်အတိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဂေဟစနစ် ပြောင်းလဲမှုတွေ ရှိလာသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်ကလည်း မှတ်ချက်ပြုသည်။
farmers-training
အပတ်စဉ် (၁) သင်တန်းဆင်းပွဲတွင် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက အမှာစကားပြောကြားစဉ် (Photo : NLD)
“ကြိုးကြားကြိုးကြားပေါ့ဗျာ။ ရေတွေ တက်တဲ့အခါကျတော့ ရေထဲမှာ ဘက်တီးရီးယားတွေ ရှိတယ်။ နောက် အဆိပ်အတောက်ဖြစ်တဲ့ ဓာတ်တွေ တချို့တွေ့တယ်။ ဒါတွေတော့ သိရတယ်။ အဲဒီတော့ ဧရာဝတီတိုင်းဟာလည်း ပြောင်းလဲမှု ရှိလာတယ်လို့ ယူဆလို့ ရတယ်” ဟု ဦးအုန်းက ပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် အထိခိုက်ဆုံးနေရာမှာ ကမ်းရိုးတန်းဒေသများဖြစ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်တို့ ဖြစ်သည်ဟု သုတေသီများက ပြောဆိုလေ့ရှိကြသည်။
ရှမ်းပြည်ရှိ နာမည်ကြီးအင်းလေးကန်မှာလည်း အလားတူ ဖြစ်ပေါ်နေပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ရိုး တလျှောက်တွင် ရွှေကျင်မှုများကြောင့် ရေအဆိပ်သင့်မှုများ ဖြစ်ပေါ်နေသည်ဟု ဦးအုန်းက ဆိုသည်။
“မြန်မာပြည်မှာ အထူးသဖြင့်ပေါ့ဗျာ…ဧရာဝတီမြစ်ရိုးတလျှောက်၊ ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရွှေကျင် ကျတယ်။ ဒီဒေသမှာ ရွှေဖမ်းတာက ပြဒါးနဲ့ဖမ်းတယ်။ ဆိုက်ယာနိုက်စ်နဲ့ ဖမ်းတယ်။ အဲဒီအတွက် အဆိပ်အတောက်ဖြစ်တော့ ငါးတွေကော သေတယ်၊ အဲဒါသောက်တဲ့သူတွေလည်း အန္တရာယ်ရှိတာပေါ့။ ဒါတွေကတော့ တနိုင်ငံလုံး ဖြစ်နေတာ” ဟု သူက ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီဝင်များအနေဖြင့် ဌာနချုပ်တွင် အလုပ်လုပ်ကိုင်ကြရမည် မဟုတ်ဘဲ နေရပ်ရင်း ပြန်သွားကာ ဒေသတွင်း၌ လုပ်ငန်းဆိုင်ရာ ပညာရပ်များကို ပြန်လည်မျှဝေမည်ဖြစ်သည်။
“လယ်သမားတွေ ကြားထဲမှာလည်း ကိုယ်တိုင်လေ့လာပြီးတော့ အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်ကြဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ လယ်သမားတိုင်း၊ နိုင်ငံသားတိုင်းမှာ တာဝန် ရှိတယ်ဆိုတာကို သိအောင် သူတို့ကတဆင့် ကျန်တဲ့လယ်သမားတွေကို ဆင့်ပွားပို့ချ ပညာပေးဖို့ အဲဒါတွေကို ကျနော်တို့ ညွန်ကြားလိုက်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဓိက လိုအပ်ချက်မှာ တိကျသည့် ဥပဒေများ ပြဋ္ဌာန်းရန် ဖြစ်ပြီး၊ နှစ်ရှည်လများ လုပ်သွားရမည့် ကိစ္စရပ်အဖြစ် ဖရိဒါဦးအုန်းက ရှုမြင်သည်။
NLD အနေဖြင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း လူမှုရေးဆိုင်ရာ အသင်းအဖွဲ့၊ ကွန်ယက်များ ထူထောင်ခဲ့သည်။
ပညာရေးပိုင်းတွင် ရန်ကုန်တိုင်း စမ်းချောင်းရှိ ဗေဒါကျောင်း၊ လှိုင်သာယာရှိ အမေ့အိမ်ကျောင်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြတ်မိခင်ကျောင်းများ ဖွင့်လှစ်ထားသည်။
ကျန်းမာရေးအနေဖြင့် တောင်ဒဂုံရှိ ယခင်ရှိပြီး HIV/AIDS ဝေဒနာရှင် ကုသရေးအိမ်နှင့် သွေးအကူအညီပေးရေး အဖွဲ့များ ရှိသည်။
ယင်းအပြင် လူငယ်ကွန်ယက်၊ ရှေ့နေကွန်ယက်၊ တောင်သူလယ်သမားကွန်ယက်၊ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုနည်းပညာ ပြန်ပွားရေးကော်မတီနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးစောင့်ရှောက်ရေးအတွက် လူမှုအထောက်အကူပြု အဖွဲ့များလည်း ဖွဲ့စည်းထားသည်။
သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောကြားသွားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပါရှိသည်။Rest of your post
Wednesday, May 04, 2011
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီ NLD ဖွဲ့စည်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment