“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 19, 2011

ထောင်ကလွတ်လို့ ပျော်တဲ့အထဲမှာ ကျနော် မပါဘူး

11:20 PM (7 hours ago) (ပေးပို့ သူ eimmet mahotpar )
http://www.irrawaddy.org/bur/index.php/interview/4-interview/6404-2011-05-18-11-59-49
စစ်အစိုးရ၏ သက်တမ်း ၂၁ နှစ်အတွင်း ထောင်တွင်း၌ စုစုပေါင်း ၁၅
နှစ်ကျော်ကြာအောင် အကျဉ်းကျခံခဲ့ရသော ဒု ဗိုလ်မှူးကြီးဟောင်း
ဦးကျော်ဆန်းသည် ၁၉၄၉ ခုနှစ် ဇွန်လတွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး
ဗိုလ်သင်တန်း အမှတ်စဉ် (၁၈) တွင် တက်ရောက်ခဲ့သည်။ တပ်မတော်တွင် ၃၆
နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ကာ ဒု ဗိုလ်မှူးကြီး အဆင့်ထိ
တိုးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၈၆ ခုနှစ် ဇန်န၀ါရီလတွင် အငြိမ်းစားယူ၍ ၈၈
လူထုံအုံကြွမှုတွင် ဦးတင်ဦးနှင့်အတူ လက်တွဲကာ ပါဝင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ပြီး
ဗဟိုဦးစီးအဖွဲ့ဝင် တဦးဖြစ်သကဲ့သို့ စစ်ကိုင်းတိုင်း စည်းရုံးရေး
ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်
(၁) ပြည့်သူလွှတ်တော် ကိုယ်စားလှယ် အမတ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။ ၁၉၉၂
ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိသည့်အပေါ်
တိုင်းအစည်းအဝေးတွင် ထောက်ခံချီးကျူးခဲ့သဖြင့် စစ်အစိုးရက ပုဒ်မ ၅ (ည)
ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် ၇ နှစ်နှင့် ၇ လ အပြစ်ပေးခံခဲ့ရသည်။ ၃
နှစ်နှင့် ၁၆ ရက်အကြာ ၁၉၉၅ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
သို့သော် အပြင်တွင် ကောင်းမွန်စွာ နေထိုင်ခြင်းမရှိဟုဆိုကာ စစ်အစိုးရက
ကျန်ရှိသည့် ၄ နှစ် တာကာလကို ပြန်လည်ကျခံစေခဲ့သည်။

ယင်းနောက် ထောင်မှ လွတ်ရက်စေ့သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ၁၀ (က)
ဖြင့် ၁ နှစ်နှင့် ၉ လ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၅ ခုနှစ် မတ်လတွင်
တရားမ၀င်ပစ္စည်း သယ်ယူရာတွင် အားပေးကူညီသည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်
အပြစ်ပေးခံရသည်။ ထောင်ထဲတွင် ၆ နှစ် ၂ လ ကြာမြင့်ပြီး အစိုးရ၏
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ
ဖြစ်သည်။ ဦးကျော်ဆန်းကို ဧရာဝတီ သတင်းထောက် ကိုထွေးက
ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ လွတ်လာတဲ့ သဘောက စာရွက်ပေါ်အရတော့ နိုင်ငံတော် သမ္မတကြီးရဲ့
မဟာဂရုဏာ ကြီးမားစွာနဲ့ ၁ နှစ်စောပြီး လွှတ်ပေးတယ်လို့ပြောရင်လည်း
သိပ်ပြီးတော့ အငြင်းမပွားပါဘူး။ ကျနော်အနေနဲ့ ပြောရရင် ငိုရမှာလား၊
ရီရမှာလားလို့တောင် မေးရမလိုဖြစ်နေတယ်။ နောက်တခုကလည်း နိုင်ငံရေး
အကျဉ်းသားလို့ ပြောတာ ဘုရားစူး၊ ကျမ်းစူး လွတ်တဲ့လူက တလလောက်လိုတဲ့သူ ၂
ရက် ၃ ရက်လောက်လိုတဲ့ သူတွေပဲပါတာ။ ကျန်တဲ့သူတွေရဲ့ မိသားစုတွေပါအကုန်
ထောင်ဗူးဝမှာ မျက်ရည်စက်လက်နဲ့ ကျန်ရစ်တာပဲ။ ကျနော်က ဒါကို ၀မ်းသာစရာ၊
ပျော်စရာ ပြောလို့ဘယ်လိုဖြစ်မလဲ။

တချို့ ထောင်ကလွတ်လို့ ပျော်တယ်၊ ရှင်လိင်ပြန်လို့ ပျော်တယ်။ အခု
ထောင်ကလွတ်လို့ ပျော်တဲ့အထဲမှာ ကျနော်မပါဘူး။ ကိုယ့်ထက်ဆိုးတဲ့
နှစ်ပေါင်း ၅၀၊ ၆၀ လောက် ကျခံနေရတဲ့ လူငယ်တွေ၊ ကိုယ်ရဲ့
လုပ်ဖော်ကိုင်ဖက်လူတွေ ရှိနေတော့ ကျနော်ကို လွှတ်ပေးလို့ ကျနော်က
သိပ်ပြီးတော့ ပီတိဖြစ်စရာ အကြောင်းမရှိပါဘူး။ ကျနော်မိသားစုနဲ့
တွေ့ရတယ်၊ ကျနော် ထောင်ကျနေတုန်းက အပြင်မှာမွေးတဲ့ ၆ နှစ်လောက်ရှိတဲ့
မြေးငယ်လေးနဲ့ တွေ့ရတဲ့အတွက်ကြောင့် အဖိုးရဲ့ ပီတိလေးတော့ ရှိတယ်။

ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ထိတွေ့ပြီး လုပ်စရာရှိတာကို
လုပ်နိုင်တာလေးကတော့ အခွင့်လမ်းကောင်းပါ။ သို့ရာတွင် အထဲက
လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း တနှစ်လောက်ပဲရတဲ့ အကျိုးစီးပွားဆိုတော့
ပြောရရင် ဆင်ပါးစပ် နှမ်းပက်တာကမှ သေချာဦးမယ်။ ဘာမှ မသိရပါဘူး။
နိုင်ငံရေးအရ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။

ပြည်ထဲရေး ၀န်ကြီးတောင် ဒီထက်မကတဲ့ ၂၀ ကျော် ၃၀ ကျော် အကျဉ်းသားတွေကို ၂
နှစ် ၃ နှစ်နဲ့ လွှတ်ပေးတာတွေ ရှိခဲ့သေးတာ။ အခု နိုင်ငံတော် သမ္မတကြီး
ကိုယ်တိုင်က တနှစ်ကြီးများတောင် လွှတ်ပေးတယ်ဆိုတော့ ကမ္ဘာ့အနေနဲ့ ပြောရရင်
ပြက်ရယ်ပြုစရာတောင် ကောင်းပါတယ်။ နိုင်ငံရေးအရ ဘာမှ
အကျိုးသက်ရောက်မှုရှိတယ်လို့ မထင်တဲ့အပြင် ပိုတောင် ဂုဏ်သိက္ခာ
ညှိုးနွမ်းတယ်လို့ ထင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဘယ်လိုမှ
မပတ်သက်ပါဘူး၊ ဘယ်လိုမှ မဆက်စပ်ပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို
ရှေးရှုမယ်ဆိုရင်၊ သန့်ရှင်းသော အစိုးရကို ထူထောင်မယ်ဆိုရင်
ဘယ်သူ့တိုက်တွန်းမှုမှ မဆောင်ဘဲနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို
ထိထိရောက်ရောက်နဲ့ အပြင်ဘက်ရောက်အောင် လုပ်ဖို့ကောင်းတယ်။
ဘာလို့လဲဆိုတော့ ပြန်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်အောင်
ရင်ကြားစေ့ရမှာကိုး။ အားလုံးသော တိုင်းရင်းသား အင်အားစု၊ မြေပေါ်မြေအောက်
အဝေးရောက်တွေနဲ့ ညှိနှိုင်းဖို့ ဆွေးနွေးဖို့ဆိုတဲ့
နှပ်ကြောင်းတွေတောင်ပေးပြီး ပြောထားတာဆိုတော့ ပမာဏအနေနဲ့ လုပ်ပြတာက
သူတို့တွေအတွက် ပိုပြီးတော့တောင် ဂုဏ်သိက္ခာ သေးသိမ်သွားတယ်လို့ ယူဆပါတယ်။

မေး ။ ။ နိုင်ငံရေးကို ဆက်လုပ်ဖို့ရှိလား။

ဖြေ ။ ။ ကျနော်က ခေါင်းဆောင်တွေနဲ့တော့ ဖုန်းထဲမှာပဲ တွေ့ရသေးတယ်။
ကျနော်တို့ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း
အမျိုးသားခေါင်ဆောင်ကြီး၊ တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးဗိသုကာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းချာ၊ အဲဒီတော့ ကျနော်က
အကျဉ်းထဲကျပ်ထဲမှာ ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်တပ်ဖော်တပ်သားတွေကို
စွန့်ခွာ ထွက်ပြေးတဲ့ တပ်ဖော်တပ်သားမျိုး အဖြစ်မခံနိုင်ဘူးလို့
ကျနော်ခံယူပါတယ်။ ဒါကြောင့်မို့လို့ ကျနော် ကျန်းမာနေသမျှ၊
လုပ်ကိုင်နေသမျှ ကျနော့်ခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့
ဆိုးတူကောင်းဖက် အတူရှိနေမှာပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို
မစွန့်ခွာဘူး။ ဒီမိုကရေစီရေးကို ဘယ်တော့မှ ကျောမခိုင်းဘူး။

အချုပ်ခြာအာဏာ ပြည်သူ့လက်ထဲ တကယ်စစ်စစ်မှန်မှန် ရောက်ဖို့
လုပ်ရမယ့်တာဝန်တွေ ကျန်သေးတယ်။ အဲဒါတွေက တယောက်တည်း လုပ်လို့မရသေးဘူး။
အားလုံး ကျနော်တို့ ခေါင်းဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့
ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ စည်းလုံးညီညာ အောင်ကြောင်းဖြာ၊
တယောက်အားနဲ့ ယူသော်မရ အများအားနဲ့ ယူသော်ရ၏ ဆိုတဲ့ ရှေးလူကြီးများ၏
အဆိုကို နှလုံးမူပြီး မေတ္တာနဲ့ ဓမ္မနဲ့ ဆက်သွားရမယ့် တာဝန်တွေရှိမယ်လို့
ခံယူပါတယ်။ ချုပ်ပြောရရင် ကျနော်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မခွဲမခွာဘူး။
ဒိုးတူဘောင်ဘက် လုပ်မယ်လို့ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ပြောခြင်းဖြစ်ပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ရော အန်ကယ် ဘယ်လိုသဘောထားလဲ။

ဖြေ ။ ။ ရှင်းနေတာပါဗျာ၊ ဒေါ်အောင်ဆန်းစုကြည်က ကျနော်ရဲ့
ညီမရင်းနှမရင်းလို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်
သီးသန့်မှာ ၅ (ည) နဲ့ ထောင်ထဲသွင်းခံထားရတယ်။ အဲဒီတုန်းက
ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြင်မှာ အကျုပ်ချုပ်နဲ့ ခံထားရတဲ့ အချိန်မှာ
အမျိုးသားညီလာခံ စဖို့ လုပ်တော့ အမေရိကန် လွတ်တော်ကိုယ်စားလှယ် ဘီလ်
ရစ်ချက်ဆန် လာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာ ပြောတာတွေရှိတယ်။
ကျနော်မကြားရဘူး၊ အခု ဒီမိုကရေစီ အင်အားစုများ ရောက်နေတဲ့
ဦးစိန်လှဦးတို့၊ ဦးခင်မောင်ဆွေတို့ ထောင်ထဲကို တကျော့ပြန်ဝင်လာတယ်။
အဲဒီမှာ ကျနော်ပြောတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ရစ်ချက်ဆန်ကို
ပြောတာတွေက အနှစ်သာရတူနေတယ် လို့ပြောတယ်။ သူတို့ဘာပြောမှန်းတော့ မသိဘူး။

ဒါပေမယ့် ဒီမိုကရေစီလိုင်းပေါ်ကနေ ရပ်ပြီးပြောတယ်ဆိုတာကိုတော့ သံသယ
မဖြစ်ဘူးလို့ ကျနော်က ပြောတယ်။ အဲဒီတော့ ကျနော်က ပြောလိုက်တယ်၊
ကျနော်တို့ အချင်းချင်း နှလုံးသားချင်းဆက်သွယ်နေပြီးသားပါလို့ ပြောတယ်။
အဲဒါလေး ကြည့်ခြင်းအားဖြင့် ကျနော် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို
သဘောထားလဲဆိုတာ သိသာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်နှစ်သည်းချာ
ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားခေါင်းဆောင်ကြီးကို ယုံကြည်တာ လေးစားတာနဲ့
သစ္စာ စောင့်သိတာနဲ့အတူ သူ့ရဲ့ ရင်နှစ်သည်းချာကိုလည်း
နိုင်ငံသားတဦးအနေနဲ့ စောင့်ရှောက်ကာကွယ်ပေးရမယ်။ ဆိုးတူကောင်းဘက် လက်တွဲ
လုပ်ရမယ့်ဆိုတဲ့ ခံယူချက် အခိုင်အမာရှိပြီးသားပါ။

မေး ။ ။ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေအပေါ်ရော ဘယ်လိုမြင်လဲ။
အားပျော့သွားလား အားကောင်းလာလား။

ဖြေ ။ ။ အပြင်ဘက်က ဘာတွေလုပ်နေလဲဆိုတာတော့ ကျနော်သိပ်မသိသေးဘူး။
တောသား မြို့တက်လာသလို ဖြစ်နေသေးတယ်။ အခြေအနေကတော့ သူတို့
တတ်နိုင်သမျှတော့ လုပ်နေပါတယ်။ အဝေးက လုပ်နေတာလည်း သူဟာနဲ့သူတော့
ထိရောက်ပါတယ်။ အတွင်းကျတဲ့ အခါကျတော့လည်း ကျနော်တို့က ဘ၀ကို ရင်းရတာ၊
ထောင်နဲ့ ရင်းရတာ၊ အသက်နဲ့ ရင်းရတာ။ လင်မယားကွဲသွားတာတွေ၊
ဘ၀ပျက်သွားတာတွေ၊ ၂ နှစ် ၃ နှစ် အရွယ် သားသမီးတွေကိုပါ
ပစ်ထားခဲ့ရတာတွေကလည်း အများကြီးကိုးဗျ။

ကျနော်တို့ကတော့ နှလုံးရည် မေတ္တာနဲ့ ဓမ္မ ရင်းဖို့လိုပါလိမ့်မယ်။ ဒေါသနဲ့
ရင်းရင်တော့ မှားပါလိမ့်မယ်။ ဒီမိုကရေစီ နည်းလမ်းတွေကို အခိုင်အမာ
စွဲကိုင်ဖို့လိုပါတယ်။ အကြမ်းမဖက်ဖို့၊ စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့
လိုပါတယ်။ အဲဒီလို အားတွေနဲ့ ရအောင်ကတော့ တယောက်အားနဲ့ ယူသော်မရ၊
ပြည်သူအားနဲ့ယူသော်ရဆိုသလို အားလုံး ပြည်သူ့အားရအောင် စုစည်းရမှာပါ။
မြေပေါ်မှာလုပ်နေတဲ့သူတွေက ဒီ အားရအောင် လုပ်တယ်ဆိုရင်တော့ ထောက်ခံရမှာပဲ
အားပေးရမှာပဲ။ ဒီအားမရသေးဘူးဆိုရင်တော့ ရသည်အထိ ကိုယ်အပါအ၀င်
ကျရာနေရာကနေပြီးတော့ ဓမ္မနည်းနဲ့ မေတ္တာနည်းနဲ့ ရင်းရမှာပါ။ တဖက်ကလည်း
ရန်သူမှ မဟုတ်တာ၊ ကိုယ့်တိုင်းပြည်က ကိုယ်လူတွေဆိုတော့ ဘာပဲပြောနေနေ
မေတ္တာနဲ့ ကြိုးစားနိုင်သလောက် ကြိုးစားရမယ်ပါ။ တနည်းပြောရရင်တော့
ယဉ်ကျေးသော လူ့ဘောင်လောကနဲ့ မွန်မြတ်သော လူသားဝါဒကို အခြေခံသော
အမျိုးသားနိုင်ငံရေးဝါဒကို ယုံကြည်မှု အပြည်အ၀ဖြင့် ခံယူကျင့်သုံးကြလျက်
အမိပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ပြည်သူတို့
အလုပ်အကျွေးပြုနိုင်ရေးဆိုတဲ့ အတွေးအခေါ်အပေါ်မှာ ရပ်ပြီး
အလုပ်လုပ်ရမယ်လို့ ကျနော်ခံယူပါတယ်။

မေး ။ ။ အပြောင်းအလဲအတွက်က ဘယ်လောက်အထိ မျှော်လင့်ချက်ထားလဲ။

ဖြေ ။ ။ အပြောင်းအလဲကတော့ သူတို့ သမ္မတကြီးပြောတဲ့ဟာတွေက အင်မတန်
ကြည်နူးကျေနပ် ပိတီ ဖြစ်စရာပါ။ ပြောရရင်တော့ အပြောကတော့ ကိုရွှေမန်းပဲ၊
အကကတော့ ချိုမိုင်မိုင်ဆိုရင်တော့ ချိုမိုင်မိုင် အဆင့်ထက် မပိုသေးပါဘူး။
ပြောတာကတော့ အံ့ဖွယ်ဘနန်း အံမခန်းပေါ့။ လုပ်တာကတော့ သိပ်ပြီးတော့
အခုထက်ထိ အပြောနဲ့အလုပ် မညီသေးပါဘူး။ ဒါစောင့်ကြည့်ရမယ်ကာလဆိုတော့
သူတို့ကိုလည်း အချိန်ပေးရမှာပေါ့။ ၃ လတန်သည်၊ ရက်ပေါင်း ၁၀၀ တန်သည်၊
အဲဒီလောက်ပေါ့။ နှစ်ဝက်လောက်မတိုင်ခင် သူတို့ ဂရပ်ဖ်တွေ ပုံပေါ်မှာပါ။

ကျနော်တို့ကလည်း အခြေအနေပေးတဲ့ဟာတွေကို စောင့်မကြည့်ဘဲနဲ့ ဗေဒင်ချည်းပဲ
အားမကိုးဘဲနဲ့ ကိုယ်ကလည်း နည်းနည်းလောက် လုပ်ပြရဦးမယ်ဆိုသလိုပဲ
ကျနော်တို့ကလည်း အလိုအလျောက် ဖြစ်ပေါ်ရေးဆိုတဲ့ အတွေးအခေါ်၊ စိတ်ကူးယဉ်တာ
မဟုတ်ဘဲနဲ့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ညီညီညွတ်ညွတ်နဲ့ စုပေါင်းညီညာရင်တော့
သံဃာအား ဘုရားမခံနိုင် ဆိုတာတောင် ရှိသေးတာဆိုတော့ သူတို့က ဘုရားမှ
မဟုတ်တဲ့ဟာပဲ၊ တကယ်လို့ ပြည်သူကသာ ညီညွတ်ရင်၊ နိုင်ငံရေးပါတီတွေကသာ
ညီညွတ်ရင် ကျနော်တို့လည်း စေတနာပါရင် လုပ်ရပ်တွေ၊ နည်းဗျူဟာတွေ၊
ကိုယ်ကျိုးမဖက်တာတွေ မှန်ရင် ဒီအောင်ပွဲက ဧကန်မလွဲပါ။

မေး ။ ။ အစိုးရသစ်အပေါ်ရော ဘယ်လို သဘောထားလဲ။

ဖြေ ။ ။ သမ္မတကြီးမိန့်ခွန်းက လေးစားရမယ့်ဟာ၊ ကြိုဆိုရမယ့်ဟာ။ ဒါက
သဘောတရားအရပြောတာပါ။ အလုပ်နဲ့ ပုံဖော်ဖို့ သူ့ကို အချိန်ပေးရမှာပါ။
ပြောဖို့စောပါသေးတယ်။ ဒါပေမယ့် တာထွက်သလောက်တော့ မဟန်ဘူးလို့
ပြောရမှာပေါ့ဗျာ။

မေး ။ ။ ထောင်ထဲက အတွေ့အကြုံကရော ဘယ်လိုရှိလဲ။

ဖြေ ။ ။ ထောင်ထဲမှာလည်း အရင်ထက်စာရင် ပိုးစိုးပက်စက်
လုပ်တာတွေဘာတွေတော့ နည်းနည်းတော့ ဘရိတ်အုပ်လာပါတယ်။ ဒါပေမယ့်လို့
ပြင်သင့်သလောက် မပြင်သေးပါဘူး။ ပြင်သင့်သလောက် မပြင်သေးဘူးဆိုတာက
ပုံသဏ္ဍာန်အရ ပြင်သယောင်ဆောင်ပေမယ့် အတွင်းသရုပ်က အကြည်းတန်တာတွေ
အများကြီးရှိပါတယ်။ စာတွေ့မဟုတ်ဘူး။ စားဝတ်နေရေးကိစ္စတို့၊ နောက်
ထိတွေ့ဆက်ဆံတာတို့၊ ကျနော်တို့ကို ဒု ထောင်မှူးလောက်ရှိတဲ့လူနဲ့
ဖုတ်ဖုတ်ကင်ကင် ပစ်ထားတာ၊ ကျနော်တို့ ကျန်းမာရေး လူမှုရေး လှည့်မကြည့်ဘူး။
အုပ်ချုပ်မှုပိုင်းမှာလည်း အားနည်းပါတယ်။

၆ နှစ်လုံးလုံး ထောင်က ကျွေးတာ ဘာမှမစားဘူး။ အိမ်ကပေးတာပဲ စားတယ်။
ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကလည်း အားနည်းပါတယ်။ လူအခွင့်အရေး
ချိုးဖောက်မှုတွေလည်း အခုချိန်အထိ ရှိသေးတယ်။ ထောင်မှူးလောက်လူက ကျနော်တို့
အသက်အရွယ်ရှိတဲ့ ဒု ဗိုလ်မှူးကြီး အငြိမ်းစားတောင်မှ
‘ကောင်းကောင်းပြောမရရင် လက်ပဲ ကျန်တော့တယ်’ ဆိုတဲ့အထိ ခြိမ်းခြောက်တာ
ခံရပါတယ်။ ။


တော်လှန်ရေး ဂလိုဘယ်လိုက်ဇေးရှင်း
ဂါမဏိhttp://drlunswe.blogspot.com/2011/05/blog-post_5365.html
ဖေ့စ်ဘွတ်၊ တွစ်တာတို့လို လူမှုဆက်သွယ်ပေါင်းဖော်ရေး ဝက်ဆိုက်တွေအကြောင်း၊
အိဂျစ်တော်လှန်ရေးအ ကြောင်းတွေ နားထောင်ကြည့်လိုက်ရင် အိဂျစ်အာဏာရှင်
မူဘာရတ်ကို ဖြုတ်ချခဲ့တာက အိဂျစ်ပြည်သူတွေမ ဟုတ်ဘဲ (အမေရိကန်နိုင်ငံက
ကွန်ပျူတာ/အင်တာနက်လုပ်ငန်းစု အခြေစိုက်ရာ) ဆီလီကွန်တောင်ကြားကပဲ
ဖြုတ်ချခဲ့သလိုလို ထင်ရပါတယ်။

အနောက်တိုင်းဟာ အဆင့်မြင့်နည်းပညာတွေရဲ့ စွမ်းပကားနဲ့
အာရပ်အုံကြွပုန်ကန်မှုကို ဆောင်ကျဉ်းပေးခဲ့ တယ်လို့ အနောက်အုပ်စုက
ကိုယ့်ဖာသာကိုယ် အထင်ရောက်နေပါတယ်။ အင်တာနက်ဆိုတာ အမေရိကန်
ကာကွယ်ရေးဝန်ကြီးဌာန စီမံကိန်းကနေ ပေါ်ထွက်လာတာဖြစ်လို့
အာရပ်တော်လှန်ရေးကို လန်ဒန်နဲ့ လော့စ် အိန်ဂျယ်လိက အင်တာနက်အမြဲတက်နေတဲ့
ခေတ်လွန်လူငယ်တွေကို အတုယူနေတဲ့ အိဂျစ်လူငယ်တွေနဲ့ တွဲပြီး ပင်တန်ဂွန်ကပဲ
လုပ်ခဲ့သလိုလို ပြောနေပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာမှုပြုတဲ့ဖြစ်စဉ် အကြောင်းပြောရင်
ဥရောပကို ဗဟိုပြုပြီး အကြီးအ ကျယ် အမွှန်းတင်ကြတာ များပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းဟာ အနောက်တိုင်းသားလူဖြူတွေက ကမ္ဘာ ကြီးကို
ဆက်သွယ်ပေါင်းစည်းပေးတာ၊ ကမ္ဘာကြီးကို ဘောဂဗေဒသဘောတရားတွေ ဘဏ္ဍာငွေတွေ ဖြည့်
ဆည်းပေးတာ၊ ဆက်သွယ်ရေးနည်းပညာတွေ တီထွင်ပေးတာ၊
ယဉ်ကျေးမှုပေါင်းစည်းပြောင်းလဲတာတွေ ဖြစ် နေပါတယ်။

ဒါပေမယ့် အဲဒီဖွင့်ဆိုချက်တွေဟာ ဒေသန္တရအာဏာရှင်စနစ်တော်လှန်ရေးကို
ဆင်နွှဲဖို့ ဘယ်လိုမှ အသုံးမဝင် ပါဘူး။ အိဂျစ်တော်လှန်ရေးမှာ
တကယ့်ချက်ကျတဲ့ အချိန်တွေမှာ အင်တာနက်ကို ဖြတ်တောက်ထားခဲ့ပါ တယ်။
အိဂျစ်တော်လှန်ရေးသမားတွေ လျှို့ဝှက်ကြိုတင်ရေးဆွဲခဲ့တဲ့
‘အိဂျစ်တော်လှန်ရေးလက်စွဲ’ စာအုပ်ရှေ့ ဖုံးနဲ့ နောက်ဖုံးမှာ
ဖေ့စ်ဘွတ်က်နဲ့ တွစ်တာ လုံးဝမသုံးဖို့ သတိပေးထားပါတယ်။ တကယ်တော့
အိဂျစ်အာဏာ ရှင်အစိုးရကို ဖြုတ်ချခဲ့တာဟာ ကမ္ဘာလုံးဆိုင်ရာ
ပညာတတ်လူတန်းစားတွေရဲ့ စပ်ကျလူငယ်တွေမဟုတ်ဘဲ အညတရ အိဂျစ်ပြည်သား
မိခင်တွေ၊ ဖခင်တွေ၊ သမီးတွေ၊ သားတွေပဲ ဖြစ်ပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းဟာ အသစ်အဆန်းမဟုတ်

ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း တခြားရှုထောင့်က ဇာတ်လမ်းတွေလည်း ရှိပါတယ်။
ဒါတွေက သူပုန်တွေ ပြောက်ကျားတွေဘက်က ပြောတဲ့ ဇာတ်လမ်းမျိုးတွေ ဖြစ်ပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းဟာ စီးပွားရေးအစိတ်အပိုင်းတွေတင်မကဘဲ
တခြားပြည်သူ့အခြေအနေတွေကိုလည်း ရိုက်ခတ်ပါတယ်။ ဒေသခံအာဏာပိုင်တွေရဲ့
အဖိနှိပ်ခံရတဲ့ အခြေအနေတွေ၊ ပင်လယ်ရပ်ခြားအာဏာပိုင်တွေ ရဲ့
အဖိနှိပ်ခံရတဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ အထူးစိတ်ဝင်စားဖို့ကောင်းတာက
ပြည်သူလူထုတွေ အုံ ကြွလာတဲ့အချိန်မျိုး၊ ပြည်သူလူထုတွေက
တော်လှန်ပုန်ကန်တိုက်ပွဲဝင်တဲ့ နည်းနာတွေကို ဖော်ထုတ်ကြံဆ လာချိန်မျိုး
ဖြစ်ပါတယ်။ အဲဒီအခါမှာ ကမ္ဘာတဝှန်းက ရှုံးနိမ့်မှုတွေဆီကနေ
သင်ခန်းစာတွေရပြီး အောင်မြင်မှု တွေဆီက မျှော်လင့်ချက်တွေရကြပါတယ်။
ညွှန်ကြားချက်တွေရဖို့အတွက် တော်လှန်ရေးတွေဟာ ဂြိုလ်တု ရုပ်သံသတင်းထဲပါမှ
ရတာမဟုတ်ပါဘူး။ ၁၇၉၀ ခုနှစ် များတုန်းက ပြင်သစ်တော်လှန်ရေးနဲ့
ဟေတီတော်လှန် ရေးတွေဟာ ဂျမေကာနဲ့ လန်ဒန်ဆွဲတဲ့ ပုံမှန်လိုင်းသင်္ဘောကဆင့်
တနိုင်ငံရဲ့လှုပ်ရှားမှုသတင်းကို တနိုင်ငံက ကြားခဲ့ကြပါတယ်။

၁၈၅၇ ခုမှာ အိန္ဒိယနိုင်ငံက စစ်ဗာရီသူပုန်ထတဲ့အခါ ဖရက်ဒရစ်အိန်ဂျယ်က
သူပုန်တွေရဲ့အမှားတွေကို သုံး သပ်ဆန်းစစ်ခဲ့ပါတယ်။ အဲဒီတုန်းက
အိန္ဒိယသူပုန်တွေဟာ ဒီကနေ့ လစ်ဗျားသူပုန်တွေလိုပဲ ကိုယ့်ထက်ပိုပြီး
ပြင်ဆင်တည်ဆောက်ထားမှုရှိတဲ့ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ အလွန်အမင်း
စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။ အိန်ဂျယ်ဟာ အိန္ဒိယသူပုန်ထမှုအကြောင်း
အခန်းဆက်သတင်းစာဆောင်းပါးရေးခဲ့ပြီး ဒီဆောင်း ပါးတွေဟာ
မော်စီတုံးရဲ့ပြောက်ကျားစစ်သဘောတရားတွေကို နောက်ဆုံးမှာ
မွေးဖွားစေခဲ့ပါတယ်။ မော်စီတုံး သဘောတရားတွေဟာ ဗီယက်နမ်၊ ကျူးဘား၊
အယ်လ်ဂျီးရီးယားနဲ့ တခြားတော်လှန်ရေးသမားတွေအတွက်
အိတ်ဆောင်လက်စွဲစာအုပ်လေးတွေအဖြစ် ပျံ့နှံ့သွားခဲ့ပါတယ်
(ဒီတော်လှန်ရေးသမားတွေကို နှိမ်နင်းဖို့ ကြိုး စားနေသူအတွက်လည်း
မဖတ်မဖြစ်ဖတ်ရတဲ့ စာအုပ်တွေ ဖြစ်သွားပါတယ်)။

မော်စီတုံးမပေါ်ခင် ၂၀ ရာစုအစမှာတော့ တရုတ်အမျိုးသားရေးဝါဒီတွေနဲ့
ပညာတတ်တွေဟာ ပိုလန်နိုင်ငံ စိတ်ပိုင်းခံရမှုအကြောင်း လေ့လာကြ၊
နယ်ချဲ့ဖိနှိပ်သူတွေကို တိုက်ပွဲဝင်နေတဲ့ ဘိုးဝါး (တောင်အာဖရိက)၊ ဖိ
လိပိုင်နဲ့ တခြားသူပုန်တွေကို လေ့လာကြပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင်
တွေးခေါ်ကျင့်သုံးခဲ့ကြပါ တယ်။

ဒါဟာ တော်လှန်ရေးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းပါပဲ။ တော်လှန်ရေးကို ကမ္ဘာမှု
ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ သမိုင်းတွေထဲမှာ အခု ကျူနီးရှားနမူနာ
ပါသွားပါပြီ။ တဖန် ကျူနီးရှားနမူနာက အိဂျစ်ပြည်သူတွေကို လှုံ့ဆော်
ပေးလိုက်ပြန်ပါတယ်။ ကျူနီးရှားသတင်းဟာ အိဂျစ်ကို
အလင်းဖန်မျှင်ကြိုးနဲ့ရောက်သလို လှည်းတန်းနဲ့လည်း ရောက်သွားနိုင်ပါတယ်။
ဘယ်နည်းနဲ့ပဲရောက်ရောက် သစ်သီးရောင်းသမားတယောက်ရဲ့ တကိုယ်တော်ရပ်
တည်ချက်နဲ့ ဧရာမအကောင်ကြီးတွေကို ဖြိုချပစ်နိုင်ခဲ့တယ် ဆိုတဲ့သတင်းက
လူတွေကို လှုပ်ခတ်သွားစေမှာ ဖြစ်ပါတယ်။ အဓိကကြားခံက လူသားဖြစ်ပြီး
လုပ်ရပ်က နိုင်ငံရေးလုပ်ရပ်ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ဓာတ်ကျရတဲ့ သမိုင်းတွေ၊ စွန့်လွှတ်အနစ်ခံရမှုတွေ၊
ကြေကွဲစရာတွေလည်း ရှိပါတယ်။ ဗီယက် နမ်ပြည်သူတွေလောက်
တော်လှန်တိုက်ပွဲဝင်ခဲ့၊ စွန့်လွှတ်ခဲ့ရတာ ရှိမှာမဟုတ်ပါ။ အဲဒီအတွက်
အရင်းရှင်ကမ္ဘာ့ စနစ်ထဲ နောက်ကျမှ ဝင်ခွင့်ရခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားတော်လှန်ရေးရဲ့ရှေ့ဆောင် ဖရန့်ဇ်ဖာနွန်ဟာ ဒီက နေ့
အာဏာရှင်အောက်က အယ်လ်ဂျီးရီးယားအခြေအနေကို မမြင်လိုက်ရရှာပါဘူး။

အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသူရဲကောင်း နယ်လ်ဆင်မင်ဒဲလားလည်း
ဒီလိုအဖြစ်မျိုး ကြုံရနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့
တောင်အာဖရိကနိုင်ငံဟာ ရေပေါ်ဆီ လူ့မလိုင်တွေလက်ထဲ ရောက်သထက် ရောက်လာလို့
ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကြီးပွားချမ်းသာလာပေမယ့် တော်လှန်ရေးကို
စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်ပြည်သူတွေဟာ မော်ရဲ့မဟာဗျူဟာတွေ
လမ်းစဉ်တွေအတွက် စစ်ပွဲကာလမှာထက် ငြိမ်း ချမ်းတဲ့ကာလမှာ
ပိုပြီးပေးဆပ်နစ်နာနေရပါတယ်။

တန်ပြန်တော်လှန်ရေးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း

လစ်ဗျားအာဏာရှင်အစိုးရရဲ့ ခေါင်းမာမှုဟာ
တခြားအာရပ်မင်းဆိုးမင်းညစ်တွေအကြား တဒင်္ဂစိတ်အေးမှုကို ဖြစ်ပေါ်နေစေပါတယ်။
အာရပ်အာဏာရှင်တွေအနေနဲ့ ရက်ရက်စက်စက် အင်အားသုံးအကြမ်းဖက်ရင် (ကျူ
နီးရှားအာဏာရှင်) ဘင်အလီနဲ့ (အိဂျစ်အာဏာရှင်) မူဘာရတ်တို့ ကံကြမ္မာမျိုး
ရှောင်လွဲနိုင်မယ်လို့ မျှော်လင့် ချက်တွေ ပြန်လည်ရှင်သန်လာပါတယ်။

နောက်ဆုံးသွေးတစက်ကျန်တဲ့အထိ ချမယ်ဆိုတဲ့ ဂဒါဖီရဲ့သံလက်သီးနမူနာက
အာရပ်အာဏာရှင်တွေကို ရဲ ဆေးတင်ပေးလိုက်ပြီး အတိုက်အခံမှန်သမျှကို
ရက်ရက်စက်စက် နှိမ်နင်းဖို့ စိတ်အားတက်ကြွလာစေပါတယ်။ ယီမင်နိုင်ငံမှာ
အာဏာရှင် အလီအက်ဘ်ဒူလာဆာလဲဟာ သူ့လူဆိုးလူမိုက် စွမ်းအားရှင်တွေကို
ဇက်ကြိုးဖြေ ပြီး မြို့တော်အလယ် ဗဟို တက်ဂ်ဟိုင်ယီးယားရင်ပြင်မှာရှိတဲ့
ဆန္ဒပြသမားတွေကို အစုအပြုံလိုက် လူသတ်ပွဲ ဆင်စေခဲ့ပါတယ်။ ဆီးရီးယားမှာတော့
ဘာရှာအယ်လ်အာဆာဒ့်ဟာ ဒါရား၊ လက်တာကီးယား စတဲ့မြို့တွေမှာ ဆန္ဒပြသမားတွေကို
အရမ်းကာရော ပစ်သတ်နေသလို ဂျော်ဒန်နိုင်ငံမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက
ပြုပြင် ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို
အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ ဘာရိန်းနိုင်ငံလေးမှာ လည်း အိမ်နီးချင်း
ပဒေသရာဇ်သက်ဦးဆံပိုင်အာဏာရှင်တွေ အကူအညီနဲ့
သွေးချောင်းစီးနှိမ်နင်းတာတွေဖြစ် လာပါတယ်။ တကယ်တော့ ဂဒါဖီဟာ
ပြည်သူလူထုရင်ထဲ အကြောက်တရား ဝင်သွားအောင် အကြမ်းဖက်မှု အသုံးပြုဖို့
ရောင်းရင်းအာဏာရှင်တွေကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။

အာရပ်ခေါင်းဆောင်တွေဟာ ဘင်အလီ ကာသေ့နန်းတော်ကနေ ဂျက်လေယာဉ်ပေါ်
တက်ပြေးကတည်းက တုန်လှုပ်ခြောက်ခြားစွာနဲ့ ကြည့်နေခဲ့တာဖြစ်ပါတယ်။
နောက်တဖန် မူဘာရတ် ကိုင်ရိုမြို့တော်ကနေ ကန် ထုတ်ခံလိုက်ရတဲ့အခါမှာတော့
သူတို့ရဲ့ထိတ်လန့်မှုဟာ စိတ်ဓာတ်ကျမှုအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။ ယီ
မင်အာဏာရှင် ဆာလဲ ပြောတဲ့ “ကျူနီးရှား-အိဂျစ် တုပ်ကွေးရောဂါ” ကနေ
လွတ်လမ်းမရှိတော့တဲ့ပုံ ပေါ်နေ ပါတယ်။ ဘယ်အာဏာရှင်မှ
ဒီရောဂါပိုးကူးစက်မှုကို ခံနိုင်ရည်မရှိနိုင်၊ ဇီဝိန်ကြွေမယ့် ရလဒ်ကို
ရှောင်မရနိုင်လို့ မြင်နေကြပါပြီ။

လာဘ်ထိုး အချိန်ဆွဲ

သေဒဏ်ပေး ကွပ်မျက်ခံရမယ့်အချိန် စောင့်နေသူလို အာဏာရှင်တွေဟာ
ရှောင်လွဲမရနိုင်တာကို တတ်နိုင်သ လောက် အချိန်ဆွဲဖို့ အရူးအမူး
ကြိုးစားကြတဲ့အနေနဲ့ လာဘ်ထိုးမှုတွေ လုပ်လာကြပါတယ်။ ဆော်ဒီအာရေးဗျ မှာ
ဒေါ်လာသန်း (၃၆,၀၀၀) အကုန်အကျခံမယ့် “စီးပွားရေး ပြန်လည်ရှင်သန်ရေး”
စီမံကိန်းကို ကြေညာပြီး အစိုးရဝန်ထမ်းတွေကို လစာ ၁၅ % တိုးပေးတာ၊
ကျောင်းသားတွေကို စတိုင်ပင် ဖောဖောသီသီ ပေးတာ၊ အ လုပ်လက်မဲ့တွေကို
ထောက်ပံ့ကြေး အများကြီး ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဂျော်ဒန်မှာ လောင်စာဆီနဲ့
ရိက္ခာ ဆန်-ဂျုံ-သကြားတွေကို ဒေါ်လာ (၁၂၅) သန်းဖိုး အရှုံးခံရောင်းပေးတာ
လုပ်ခဲ့သလို ဆီးရီးယားမှာလည်း ဝန် ထမ်းတွေအတွက် စားသုံးဆီထောက်ပံ့ကြေး ၇၂
% တိုးပေးခဲ့ပါတယ်။

ဒါပေမယ့် ဂဒါဖီရဲ့သွေးချောင်းစီးခုခံမှုက သူ့ရောင်းရင်းတွေကို ပေးတဲ့
မက်ဆေ့ကတော့ ပွဲမပြီးသေးဘူးဆိုတဲ့ သတင်းစကားဖြစ်ပါတယ်။ ဒီတော့
“ထူးခြားချက် ခြွင်းချက်” ဆိုတာတွေကို ပြောလာကြပါတယ်။ အစောပိုင်း တုန်းက
အာဏာ ရှင်တွေက ကိုယ့်တိုင်းပြည်ကို တော်လှန်ရေးပျံ့လာမှာစိုးလို့
ဟန့်တားတဲ့အနေနဲ့ပြောခဲ့တဲ့ အိဂျစ်ဟာ ကျူနီးရှားနဲ့ မတူဘူး၊
နောက်တခါကျတော့ လစ်ဗျားက အိဂျစ်နဲ့ မတူဘူး၊ ယီမင်-ဆီး ရီးယားတို့က
ကျူနီးရှား-အိဂျစ်-လစ်ဗျားနဲ့ မတူဘူး ဆိုတဲ့စကားမျိုးတွေ ထပ်ခါထပ်ခါ
ပြောလာ ကြပါတယ်။ (ဗမာပြည်အခြေအနေက အိဂျစ်နဲ့ မတူဘူးဆိုတဲ့ စကားလိုပါပဲ။)
အာရပ်နိုင်ငံ တခုပြီး တခုကို တော်လှန်ရေးပျံ့သွားလေ အဲဒီလို
မတူဘူးပြောပြီး တော်လှန်ရေးကို တားဖို့ ကြံတဲ့ နိုင်ငံစာရင်းက ဆက်လက်ပြီး
ရှည်လေဖြစ်လာပါတယ်။ မတူတာကို ဘယ်လောက်ပဲပြောကြပါစေ အဓိကကျတဲ့ တူညီချက်
ကတော့ အာဏာရှင်စနစ်အောက် ဖိနှိပ်ခံနေရတာ၊ လူထုတွေ ဆင်းရဲဒုက္ခရောက်
ငတ်ပြတ်သေ ကြေနေတာ၊ လွတ်မြောက်ချင်တာ၊ လွတ်လပ်ချင်တာ၊
ဒီမိုကရေစီအခွင့်အရေး လိုချင်တာတွေ ဟာ တကယ့်လက်တွေ့မှာ အတူတူပဲဖြစ်ပါတယ်။

တကယ်တော့ အရှေ့အလယ်ပိုင်းဒေသဟာ အခြေခံအားဖြင့် အပြန်အလှန် ဆက်စပ်နေပါတယ်။
အာရပ်တွေ ဟာ နယ်မြေအရရော ဘာသာစကားနဲ့ ဘာသာရေးအရပါတူညီနေပြီး ပြဿနာတွေ
မျှော်မှန်းချက်တွေလည်း တူညီနေကြပါတယ်။ အာရပ်တွေဟာ နိုင်ငံ (၂၂) နိုင်ငံ
ကွဲနေပြီး တချို့က သက်ဦးဆံပိုင်ပဒေသရာဇ်၊ တချို့ က သမ္မတနိုင်ငံ၊ တချို့
ချမ်းသာ အများဆင်းရဲ ဖြစ်နေပေမယ့် အာရပ်ပြည်သူတွေဟာ အကြမ်းတမ်းအဆိုးဝါး
ဆုံးနဲ့ ခေတ်နောက်ပြန်အဆွဲဆုံး အစိုးရပုံစံတွေအောက် ကျရောက်နေတာ
တူနေပါတယ်။ ဒုက္ခဆင်းရဲခံရတာ တူနေပါတယ်။ လူ့အခွင့်အရေး၊
ဒီမိုကရေစီအခွင့်အရေး ရချင်တာတွေ တူညီနေပါတယ်။

ဘင်အလီနဲ့ မူဘာရတ်ကို ဆုံးရှုံးလိုက်တာဟာ နိုင်ငံကြီးတွေအဖို့
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ချမှတ်ကျင့်သုံး အမွှန်းတင်ခဲ့တဲ့
တည်ငြိမ်ရေးဝါဒကြီး အကြီးအကျယ် ထိခိုက်သွားတာဖြစ်ပါတယ်။ ဒီတည်ငြိမ်ရေးဝါဒ
မျက်နှာဖုံးအောက်မှာ အာဏာရှင်တွေကို ထောက်မ၊ နိုင်ငံရေးအခြေအနေကို
ဇွတ်အတင်း ပိတ်ဆို့၊ အမြတ်အစွန်းကြီးလှတဲ့ လက်နက် အရောင်းအဝယ်တွေ
လုပ်ခဲ့ကြပါတယ်။

အခုတော့ အာရပ်တွေရဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကြောင့်
တည်ငြိမ်ရေးသင်္ဘော နစ်သွား တဲ့အခါ ဒီမိုကရေ စီသင်္ဘောဆီ ခုန်ကူးကြပါပြီ။
နိုင်ငံတကာအသိုင်းအဝိုင်းဟာ လစ်ဗျားနဲ့ဆီးရီးယားမှာ ‘တော်လှန်ရေး’
ကြွေးကြော်နေတာနဲ့ တချိန်တည်း ဂျော်ဒန်၊ ဘာရိန်း၊ အိုမန်၊ ယူအေအီး၊
မော်ရိုကိုနဲ့ ယီမင်တို့ က မဟာမိတ်ဟောင်းတွေကို တိတ်တိတ်ပုံး
ထောက်ကူအားပေးနေပါတယ်။ အဓိက မဟာမိတ်ကြီးဖြစ်တဲ့ ဆော်ဒီအာရေးဗျဆီ
တော်လှန်ရေး ပျံ့မသွားအောင် လုပ်နေပါတယ်။ အနောက်အုပ်စုနဲ့ ရုရှား၊ တရုတ်
တို့ရဲ့ စဉ်းစားချက်ကတော့ “ကယ်တင်လို့ ရသရွေ့ မိတ်ဆွေက မိတ်ဆွေပဲ”
ဖြစ်ပုံရပါတယ်။

အပြောင်းအလဲတွေက သိပ်မြန်၊ သိပ်ကြီး

အာရပ်အာဏာရှင်တွေတင်မက သူတို့မဟာမိတ်တွေလည်း မမျှော်လင့်ထားတဲ့
အပြောင်းအလဲတွေကြောင့် အငိုက်မိ အံ့အားသင့်ခဲ့ကြပါတယ်။
အာရပ်လမ်းမတွေပေါ်မှာ အနာဂတ်ကို ဖန်တီးဖို့ ကျယ်လောင်တဲ့ အသံ တွေ
ပေးနေတာကို ဝါရှင်တန်၊ မော်စကို၊ ပီကင်း၊ လန်ဒန်၊ ပါရီ၊ ရောမတို့က
စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်ခဲ့ရပါ တယ်။ အဲဒီလို စိတ်ပျက်လက်ပျက်
ထွက်ပေါက်မဲ့နေချိန်မှာ လစ်ဗျားက ထွက်ပေါက်ပြပေးလိုက်ပါတယ်။ ဂဒါ ဖီနဲ့တကွ
ဧရာမ ရေနံစာချုပ်တွေ လက်နက်အရောင်းအဝယ်စာချုပ်တွေကို ကယ်တင်နိုင်မယ့်
အလားအလာ တနေ့တခြား လျော့နည်းလာတဲ့အခါ သူပုန်စခန်းကို
သွားရောက်ပူးပေါင်းလိုက်ကြပါတယ်။ အာဏာရှင်စနစ်နဲ့ အကျင့်ပျက်ခြစားမှုကို
အားပေးထောက်ခံသူတွေအဖြစ်ကနေ အပြောင်းအလဲနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး
လိုလားသူတွေအဖြစ် ပုံဖမ်းလိုက်ပါတယ်။

ကျူနီးရှားနဲ့ အိဂျစ်တို့ဟာ အာရပ်ပြည်သူတွေကို
သေကြေဆုံးရှုံးမှုအနည်းဆုံးနဲ့ အပြောင်းအလဲဖြစ်တဲ့ စံနမူ နာတခု
စိတ်တက်ကြွစရာပြပေးခဲ့ပေမယ့် လစ်ဗျားကတော့ ဗြောင်အတိအလင်း အကြမ်းဖက်မှုနဲ့
ပြည်တွင်း စစ်နဲ့ ကိုင်ပေါက်မှုတို့အားဖြင့် အာဏာရှင်တွေကို
အာဏာဆက်လက်ဖက်တွယ်နိုင်ရေး မျှော်လင့်ချက်တွေ ပေါက်ဖွားပေးခဲ့ပါတယ်။
မဟာမိတ်တွေအတွက်လည်း အတိတ်က ညစ်ပေစွန်းထင်းခဲ့တဲ့ လက်တွေကို ဆေး ကြောပြီး
အပြောင်းအလဲလမ်းကြောင်းကို ကိုယ်လိုချင်သလို လမ်းကြောင်းပေးဖို့
မဟာအခွင့်အလမ်း ရသွား စေပါတယ်။

အရိုးထိအောင် ပုပ်သိုးနေတဲ့ အာရပ်နိုင်ငံရေးအခင်းအကျင်းကတော့ ဘယ်လိုမှ
ကယ်တင်မရနိုင်တော့ပါဘူး။ အာရပ်သမ္မတနိုင်ငံအများစုဟာ
အပြောင်းအလဲလှိုင်းလုံးကြီးကို ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ပါဘူး။ ပဒေသရာဇ်
နိုင်ငံ စော်ဘွားနိုင်ငံအများစုကတော့ ပြုပြင်ပြောင်းလဲမှုတွေ
ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး သက်ဦးဆံပိုင်ပဒေသ ရာဇ်စနစ်ကနေ စည်းမျဉ်းခံ
ပဒေသရာဇ်စနစ်ကို ပြောင်းလဲရဖို့ရှိပါတယ်။

အာရပ်ကမ္ဘာရဲ့ ခန္ဓာကိုယ်အတွင်း မျိုးဆက်ပေါင်းများစွာ တငွေ့ငွေ့
လှိုက်လောင်နေတဲ့ မဟာအာရပ်တော် လှန်ရေးကြီးကို နိုင်ငံရေးဖိနှိပ်မှု၊
စီးပွားရေးချွတ်ခြုံကျမှု၊ လူမှုရေးကွာဟ မွဲပြာကျမှု၊
ဂါဇာကမ်းမြောင်-အီရတ်-လက်ဘနွန်တို့မှာ သိက္ခာကျရမှုတွေက
မီးထိုးပေးလိုက်ပါတယ်။ ဒီတော်လှန်ရေးကြီးကို ဘယ်လိုမှ ဟန့်တား
ထိန်းချုပ်နိုင်မှာ မဟုတ်ပါ။

ဂါမဏိ

ရည်ညွှန်း ။ ။ အယ်လ်ဂျာဇီးယားရားသတင်းဌာန ဝက်ဆိုက်ပါ တာရာ့က်ဘာကာဝီနဲ့
ဆိုမာယာဂန်နွတ်ရှိ တို့ရဲ့ ဆောင်းပါးများ

တာရာ့က်ဘာကာဝီဟာ ကိမ်းဘရစ်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနရဲ့
စစ်ပွဲလေ့လာရေး ကထိက ဖြစ်ပြီး ဟားဗာ့ဒ်တက္ကသိုလ်၊ လန်ဒန် ကင်းကောလိပ်၊
စတန်ဖို့တက္ကသိုလ်၊ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ် တို့မှာ စစ်ရေးနဲ့
လုံခြုံရေးဘာသာရပ်များ အထူးပြု ပညာရှင်အဖွဲ့ဝင် ဖြစ်ပါတယ်။

ဆိုမာယာဂန်နွတ်ရှိ ကတော့ အစ္စလမ်ဘာသာအပေါ် ဥရောပရှုမြင်ချက်သမိုင်း
အထူးပြုလိုက်စားနေတဲ့ အ လွတ်တန်း စာရေးဆရာမဖြစ်ပြီး ဗြိတိန်ထုတ်
ဂါးဒီးယန်းသတင်းစာ အင်ဒီပင်းဒင့်သတင်းစာတို့ထဲမှာ ဆောင်း ပါးတွေ
ရေးခဲ့ဖူးပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */