“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 17, 2011

အာဏာပိုင်များနှင့် နီးစပ်သူများသာ စီးပွားရေး လက်ဝါးကြီးအုပ်ထား

ဧရာဝတီ Monday, 16 May 2011 13:28(ပေးပို့ သူ-ဗမာ့သွေး)
အစိုးရသစ် လက်ထက် စီးပွားရေးရာဆိုင်ရာ မူဝါဒဖြေလျှော့မှုတချို့ ရှိသော်လည်း စစ်ဗိုလ်ချုပ်များနှင့် ဆက်နွှယ်သော စီးပွားရေးသမားများက လုပ်ပိုင်ခွင့်များကို ဆက်လက် လက်ဝါးကြီး အုပ်နေမှုများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ငွေလဲနှုန်း မတည်ငြိမ်ခြင်း၊ တိကျ သေချာသော အခွန်စနစ်မရှိခြင်း အပါအ၀င် အကျပ်အတည်း များစွာ ရှိနေခြင်းကြောင့် မြန်မာ့စီးပွားရေး နာလန်ထူရန် မလွယ်ကူသေးကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး အသိုင်းအ၀န်းက ပြောဆိုနေ ကြသည်။

သမ္မတ ဦးသိန်းစိန်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသူ ဦးဝင်းမြင့်ကို ခန့်အပ်ခဲ့ကြောင်း၊ ထိုသို့ ခန့်အပ်လိုက်ပြီးနောက် ၀န်ကြီးဦးဝင်းမြင့်က ကုန်သွယ်ရေး ကောင်စီကို ဖျက်သိမ်းပြီး ပို့ကုန်၊ သွင်းကုန် လိုင်စင်များ လျှင်မြန်စွာ ချထားပေးခြင်း၊ ယခင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီတို့က လက်ဝါးကြီး အုပ်ထားသော စားအုန်းဆီ တင်သွင်းခြင်း လုပ်ငန်းများကို ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုလိုက်ခြင်း အပါအ၀င် သိသာထင်ရှားသော ပြောင်းလဲမှုတချို့ကို လုပ်ဆောင်လာကြောင်း၊ ထိုသို့ လုပ်ဆောင်လာသော်လည်း
စီးပွားရေးလုပ်ငန်း အများစုမှာ ကျပ်တည်းစွာပင် ရုန်းကန်နေရဆဲ ဖြစ်ကြောင်း UMFCCI မှ ဗဟို အလုပ်အမှုဆောင် တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမား တဦးကလည်း “အရင်က ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေကို ကုန်သွယ်ရေး ကောင်စီက တိုက်ရိုက် ကိုင်တွယ်တော့ လိုင်စင်တခုကျဖို့ အနည်းဆုံး ၁၀ ရက်၊ နှစ်ပတ်လောက် စောင့်ရတယ်၊ အဆင့်တွေများတယ်။ အခုက လိုင်စင်လျှောက်ရင် တပတ်အတွင်း ကျတယ်၊ မြန်လာတယ်။ ဒါက တိုးတက်မှုပေါ့။ ဒါပေမယ့် ဒီတိုးတက်မှုက ပြည်တွင်း စီးပွားရေး တခုလုံးကို ရှင်သန်ကြီးထွားအောင် မလုပ်ဆောင်နိုင်ဘူး” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တရပ် ပေါ်ထွန်းလာပြီ ဖြစ်သော်လည်း ယခင် စစ်အစိုးရ လက်ထက်က ကဲ့သို့ပင် စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေး ဦးပိုင်လီမိတက်၊ ထူး၊ မက်စ်မြန်မာ၊ IGE ကုမ္ပဏီ အပါအ၀င် စစ်ဗိုလ်ချုပ် များနှင့် နီးစပ်သော ကုမ္ပဏီများက အထူး အခွင့်အရေးများ ရရှိနေဆဲဖြစ်ပြီး တခြားသော ကုမ္ပဏီများသည် အခွင့်ထူးခံ ကုမ္ပဏီ များနှင့် စီးပွားရေး အရသော်လည်းကောင်း၊ ငွေကြေး အားဖြင့် သော်လည်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိရသည်။

“ထူးကုမ္ပဏီက လုပ်နေတဲ့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းကို တခြား လုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုမယ်ဆိုပြီးတော့
ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီ ၁၀ ခု ချက်ချင်း လုပ်ခွင့်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ သတ်မှတ်ချက်နဲ့ ညီလို့ ဆိုပြီးပြောတယ်” ဟု ဘုရင့်နောင် ဆီလုပ်ငန်းရှင်ကြီး တဦးက ဆိုသည်။

သတ်မှတ်ချက်အရ အနည်းဆုံး စားအုန်းဆီ တန် ၃၀၀၀ အထက် တင်သွင်းနိုင်သူ ဖြစ်ရမည် ဆိုခြင်းကြောင့် စားအုန်းဆီ တင်သွင်းလိုသည့် ကုမ္ပဏီငယ် ၁၀၀ ကျော်မှာ တဦးတည်း အနေဖြင့် သတ်မှတ်ချက်နှင့်အညီ မတင်သွင်းနိုင်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီငယ်များက အုပ်စုဖွဲ့ကာ စားအုန်းဆီ တင်သွင်းခွင့်ရရန် လျှောက်ထားကြရကြောင်း ၎င်းက ပြောသည်။

“ဒါက ဘာကိုပြလဲဆိုရင် ထူး၊ မက်စ်တို့လို ကုမ္ပဏီကြီးတွေနဲ့ ဘယ်လိုမှ စီးပွားရေးအရ မယှဉ်ပြိုင်နိုင်ဘူး ဆိုတာပါပဲ” ဟု သူက ဆိုသည်။

လက်ရှိ အစိုးသစ်သည် စစ်အစိုးရ လက်ထက်က ပုံစံအတိုင်း နီးစပ်ရာ လုပ်ပိုင်ခွင့် ချထားပေးသော စီးပွားရေး စနစ်ကိုပင် ဆက်လက် ကျင့်သုံးဆဲ ဖြစ်သည်ဟု စီးပွားရေးသမားများက ပြောဆိုနေကြသည်။

“ဦးပိုင်က အခွန် ဖြတ်တောက်စရာမလိုတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်ကိုယ်တိုင် အစည်းအဝေးတခုမှာ ထုတ်ပြောခဲ့ဖူးတယ်။ ဦးပိုင်က ကားသွင်းတယ်၊ ဘဏ် ထောင်တယ်၊ ပြည်သူပိုင် သင်္ဘောကျင်း၊ ဆိပ်ကမ်းတွေကို သိမ်းတယ်” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

ထို့အပြင် ထူး၊ မက်စ်၊ IGE ၊ ရွှေသံလွင်၊ အေးရှားဝေါလ်၊ ကမ္ဘောဇ အစရှိသည့် ကုမ္ပဏီကြီးများသည်လည်း အခွင့်ထူးခံ လုပ်ပိုင်ခွင့်များ ရနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီ ကုမ္ပဏီတွေ လုပ်နေတဲ့၊ ရနေတဲ့ အခွင့်အရေးမျိုးတွေ၊ လုပ်ငန်းမျိုးတွေကို သာမန်အရပ်သား လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ပြုမလား။ ခွင့်ပြုတဲ့နေ့က ဈေးကွက် စီးပွားရေးစနစ် တကယ် ဖြစ်လာတဲ့နေ့၊ တကယ် ဒီမိုကရေစီရတဲ့နေ့ပဲ” ဟု သူက ဆိုသည်။

ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇ၊ မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်နှင့် IGE ကုမ္ပဏီတို့သည် ၂၀၁၀ ပြည့်နှစ်အတွင်း ပုဂ္ဂလိက ဘဏ်များ တည်ထောင်ခွင့် ရရှိခဲ့ချိန်က ရတနာပုံ FC ဘောလုံးအသင်း ပိုင်ရှင်၊ Alpine သောက်ရေသန့် လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်းမှာ ဘဏ်ဖွင့်ခွင့် လျှောက်ထားမှုမှ ငြင်းပယ်ခံခဲ့ရကြောင်း၊ အစိုးရသစ် လက်ထက်တွင်လည်း ခွင့်ပြုမည့် အလားအလာမရှိကြောင်း စီးပွားရေးသမားတချို့က ပြောဆိုနေကြသည်။

“သူတို့အချင်းချင်း ကြားမှာတောင် သူက ဗိုလ်ချုပ်မှူးကြီးနဲ့ ပိုင်လို့၊ ဟိုလူက သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ အကျိုးတူမို့လို့ ဆိုပြီး လုပ်ပိုင်ခွင့်တွေ လုကြ၊ ပြိုင်ကြဖြစ်နေတာ။ ဘယ်လိုလုပ်ပြီး သာမန်အရပ်သား လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်း၊
အခွင့်အရေးဆိုတာ ရှိလာနိုင်မလဲ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

အခွန်အခဆိုင်ရာ ကိစ္စများတွင်လည်း တိကျသေချာရေရာသော အခွန်စနစ်တရပ် ပေါ်ထွန်းလာခြင်း မရှိသေးဘဲ စစ်အစိုးရ လက်ထက်က ရှိခဲ့သော လာဘ်ပေးလာဘ်ယူ စနစ်ကို အခြေခံသည့် ဖြေရှင်းနည်းကိုသာ လုပ်ငန်းရှင်များက အသုံးပြုပြီး စီးပွားရေး လုပ်ငန်းများ လည်ပတ်နေရသည်ဟု သိရသည်။

နိုင်ငံခြားသို့ မြန်မာ့ ထွက်ကုန်ပို့လျှင် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရပြီး ထို ပို့ကုန်မှရသည့် ငွေနှင့် နိုင်ငံခြားက ကုန်ပစ္စည်း ပြန်သွင်းပါက ပင်းရင်း နုတ်ယူပေးသွင်းခွန် (Withholding Tax) ထပ်ဆောင်ရကြောင်း၊ နိုင်ငံခြားက သွင်းလာသော သွင်းကုန်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်း ရောက်လာသည့်အခါ အကောက်ခွန် အမည်တပ်၍ အခွန် ထပ်မံ ပေးရကြောင်း၊ အကောက်ခွန် ပေးပြီးသော သွင်းကုန်ပစ္စည်းကို ဈေးကွက်ထဲ၌ ရောင်းချသည့်အခါ ကုန်သွယ်ခွန်၊ အမြတ်ခွန်ဟူ၍ ထပ်ပေးရကြောင်း၊ ကုမ္ပဏီဖွင့်ထားသည့်အတွက် နှစ်စဉ် လိုင်စင်ကြေး၊ ကုမ္ပဏီ အခွန်ကြေးများလည်း သွင်းရကြောင်း၊ ထိုသို့ များပြားလှသည့် အခွန်များ ရှိနေသဖြင့် စီးပွားရေးသမားများက အစိုးရ အခွန်ဝန်ထမ်းနှင့် ညှိနှိုင်း လုပ်ဆောင်၍ လာဘ်ပေးလာဘ်ယူ ကိစ္စများမှာ အလေ့ အကျင့်သဖွယ် ဖြစ်ခဲ့ကြောင်း ဘဏ်လုပ်ငန်းတခု၏ အတိုင်ပင်ခံ စီးပွားရေးပညာရှင် တဦးက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အဲဒီလိုမှ မလုပ်ရင်လည်း စီးပွားရေး လုပ်ရတာက နိုင်ငံတော်ကို လုပ်ကျွေးရသလိုပဲ။ အဲဒီတော့ တိကျ သေချာရေရာတဲ့၊ အားလုံးမျှမျှတတရှိမယ့် အခွန်စနစ်မျိုး ရှိသင့်နေပြီဆိုတာပဲ။ အဲဒီလို အခွန်စနစ်မရှိရင်တော့ နောင် အနှစ် ၂၀ လည်း ဒုံရင်းက ဒုံရင်းပဲဖြစ်မယ်” ဟု ဆိုသည်။

အဆိုပါပညာရှင်ကပင် ဦးသိန်းစိန် အစိုးရသည် ငွေလဲလှယ်နှုန်းနှင့် ဘဏ်စနစ်ကို ချက်ချင်းပြင်ဆင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ငွေလဲနှုန်းနှင့် ဘဏ်စနစ် ပြောင်းလဲခြင်းမရှိလျှင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရန် မလွယ်ကူကြောင်း ထောက်ပြသည်။

“တဒေါ်လာ ၆ ကျပ်ဆိုတဲ့ ငွေလဲနှုန်းကို ခေတ်ကာလနဲ့ ကိုက်ညီတဲ့နှုန်း ပြင်ဆင်သင့်ပြီ။ ဘဏ်စနစ် တွေလည်း ပြင်ဖို့ လိုနေပြီ။ နိုင်ငံခြားနဲ့ ကုန်သွယ်ဖို့ဆိုရင် အစိုးရရဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှစ်ခုတည်းနဲ့ လုပ်လို့ မရဘူး။ ပုဂ္ဂလိကကို နိုင်ငံခြားငွေနဲ့ ဘဏ်စာရင်းတွေ ဖွင့်ခွင့်ပြုရမယ်။ နိုင်ငံခြားဘဏ်တွေကိုလည်း ဒီနိုင်ငံမှာ ဖွင့်ခွင့် ပေးကိုပေးရမယ်” ဟု သူက ဆိုသည်။

ဆန်စပါး၊ ငါးပုစွန်ရေထွက်ပစ္စည်း၊ မြန်မာ့ပဲမျိုးစုံ အပါအ၀င် မြန်မာ့ထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့ရပြီး ဒေါ်လာ တန်ဖိုးကျကာ မြန်မာငွေ တန်ဖိုး တက်လာ ချိန်တွင် လုပ်ငန်းရှင်များ အရှုံးပေါ်မှု ဖြစ်ရကြောင်း၊ ငွေလဲနှုန်း တည်ငြိမ်ရေးသည် အလွန် အရေးကြီးဆုံးသော အချက်တခုဖြစ်ကြောင်း ပို့ကုန် လုပ်ငန်းရှင်များက ပြောကြသည်။

“ဒေါ်လာ တန်ဖိုးကျပြီး ကျပ်ငွေ တန်ဖိုးတက်လာနဲ့အမျှ ငါး၊ ပုစွန်သမားတွေ နာလန်မထူဘူး။ ထုတ်လုပ်မှု စရိတ်ကြီးပြီး ပြန်ရတဲ့ငွေက အရင်းရဖို့ အနိုင်နိုင် ဖြစ်လာတယ်။

ပို့ကုန်သမားတိုင်း ဒီပြဿနာကို ကြုံရတယ်။ အခုဆို ငါးလုပ်ငန်းဦးစီး ဌာနက ငါးပုစွန်ပို့ဖို့ ဈေးနှုန်းကို မသတ်မှတ်ပေးတော့ဘူး။ ဈေးကွက်ပေါက်ဈေး အတိုင်းပဲ ဈေးနှုန်းကို ထားမယ်လို့ပြောတယ်။ ဒါပေမယ့် ဒီက ငွေလဲနှုန်း မငြိမ်ရင်ဘယ်လိုမှ အဆင်မပြေဘူး။ ပြည်ပ ပို့တယ်ဆိုတာက နိုင်ငံတကာ ပေါက်ဈေးအတိုင်းပဲ လုပ်ရတာ၊ ငွေလဲနှုန်း ငြိမ်အောင် မလုပ်ပေးနိုင်ရင်တော့ ပို့ကုန်သမားတွေ အတွက် အခြေအနေ မကောင်းဘူးလို့ဘဲ ပြောရမယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေးသမား တဦးက ပြောသည်။

ယခုအခါ ဈေးကွက်တွင်း၌ အမေရိကန် တဒေါ်လာလျှင် ၈၂၅ ကျပ်ခန့် ဈေးနှုန်း ဖြစ်ပေါ်နေသည်။

ပြည်တွင်းတွင် တတိယ အင်အားစုဟု ခေါ်ဆိုသော အစုအဖွဲ့များနှင့် နိုင်ငံရေးသမား တချို့က မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု မရှိခြင်းသည် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း ပြောဆိုခြင်းမှာ အစိုးရ ပြောသည်ကို သံယောင်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးနိုင်ရန် ရေခံမြေခံ အုတ်မြစ်ကောင်းများ တခုမှ မရှိသေးကြောင်း စီးပွားရေးပညာရှင်တဦးက ဆိုသည်။

“ပြင်စရာတွေ အများကြီးပဲ။ ဒါတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဘာမှ မပတ်သက်ဘူး။ စီးပွားရေးဖွံ့ဖြိုးဖို့ ကိုယ်မှာ ဘာမှ ပြင်ဆင်ထားတာမရှိဘူး။ အခြေခံအကျဆုံး ဓာတ်ဆီပြသနာကို မရှင်းနိုင်သေးဘူး။ မော်တော်ကားကိစ္စ မရှင်းနိုင်သေးဘူး။ ငွေလဲနှုန်း၊ ဘဏ်၊ အခွန် ဒါတွေအားလုံးက မူဝါဒချမှတ်သူတဦး အပေါ်မှာ ပဲမူတည်နေတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတာက အဓိက
ပြဿနာ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံက
စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း အစိုးရတရားဝင် ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */