“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

ကချင်ပြည်သူများ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေ

သန်းထိုက်ဦး Friday, 20 May 2011 19:22
ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်ရှိ ကျေးရွာ ဒေသခံများက တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြ သည်။
တချို့သော ရွာများတွင် အစိုးရစစ်တပ်များက တောင်ယာ လုပ်ကိုင်နေသော ရွာသူရွာသားများကို စစ်ဆေးမေးမြန်းမှုများ ပြု လုပ်လာပြီး ရွာအပြင် တောင်ယာခင်းတွင် နေထိုင်လျက်ရှိသော ရွာသားများကိုလည်း ရုန့်ရင်းကြမ်းတမ်းစွာပြောဆို ကြိမ်း မောင်းမှုများ ပြုလုပ်လာကြောင်း သိရသည်။

“အခုဆိုလို့ ရှိရင် စစ်တပ်ကနေပြီးတော့ တောင်ယာလုပ်နေတဲ့ လူတွေကို စစ်ဆေးမေးမြန်းတာတွေ၊ ကြိမ်းမောင်းတာ တွေ လုပ်နေပြီ”ဟု ဗန်းမော် ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်းကလည်း စစ်အစိုးရတပ်က ရွာသားများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်းမှ နယ်စပ် အနီးသို့ နှင်ထုတ်ပါက KIA ကို အနိုင်တိုက်နိုင် လိမ့်မည်ဟု ယူဆ၍ ယခုနည်းဗျူဟာကို အသုံးပြုခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒီဟာတွေက KIA ကို ရွာသားတွေနဲ့ ခွဲထုတ်လိုက်မယ့် အရိပ် လက္ခဏာတွေပါ၊ သူတို့တွေက ရွာသားတွေနဲ့ KIA ကို ခွဲထုတ် ပြီး ဖြတ်လေးဖြတ် လုပ်နိုင်ပါတယ်၊ စီမံကိန်းတွေကို အကြောင်းပြပြီး ရွာတွေကို ရွှေ့လိုက်တာလည်း ဒီဗျူဟာကို အသုံးပြုချင် လို့ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရတပ်သည် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSA – N နှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း ဖြတ်လေးဖြတ် နည်းဗျူဟာ ကို အသုံးပြုခဲ့သည်။ ရှမ်းပြည်အတွင်း စစ်အင်အားတိုးချဲ့မှုကြောင့် ရွာသူရွာသားများအနေဖြင့် နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဖြတ်လေးဖြတ်သည် အစားအစာ၊ ငွေကြေး၊ သတင်းနှင့် စစ်သည်အင်အားတို့ကို ဖြတ်တောက်ခြင်း ဖြစ်သည်။

“လူတွေက အခုမှ နာလန်ပြန်ထူစဆိုတော့ သူတို့တွေက ညှိနှိုင်းသင့်တယ်လို့ ပြောကြတယ်၊ ဒါပေမယ့် ပြင်းထန်တဲ့ တင်းမာမှု ဒဏ်ကို ဒေသခံတွေ ခံစားရတယ်၊ ဘာကြောင့်မို့ ဒီအခြေအနေ ပြောင်းလဲသွားတယ်ဆိုတာ မသိတော့ဘူး”ဟု ကချင် ပြည် နယ် တိုးတက်ရေး ပါတီ(KSPP) အဖွဲ့ဝင် ဒေါ်ဂွမ်ဆိုင်းက ပြောသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့၌ အစိုးရတပ်များက ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေတခုဖြစ်သည့် မိုးညှင်းမြို့နယ် တွင်းရှိ KIAစခန်းများကို လောင်ချာဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ် သည်။

စစ်ရေးအရ နှစ်ဘက်တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားသည့် အသံများ မကြားမိသေးပေ။ သို့သော် KIA တပ်ဘက်က ယခုလတ်တလော တပ်လှန့်ထားကြောင်း သိရသည်။

“အခြေအနေက ဘယ်လိုလဲ ဆိုတော့ ကိုယ်က မတိုက်ပေမယ့် တိုက်လာရင်တော့ ချဖို့ အနေအထား ရှိနေတယ်”ဟု KIO နှင့် နီးစပ်သူတဦးက ပြောသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Xu Caihouက ပြီးခဲ့သည့် ရက်သတ္တပတ်၌ မြန်မာနိုင်ငံသို့ လာရောက်ပြီး နောက်ပိုင်းတွင် တရုတ်နယ်စပ် အခြေစိုက် KIA တပ်များနှင့် အစိုးရတပ်များကြား ပထမဆုံးအကြိမ် စစ်ရေး ပြန်လည်တင်းမာ မှုဖြစ်သည်ဟု စစ်ရေးသုံးသပ်သူများက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အစိုးရတပ်များက KIA ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတဦးနှင့် တခြားတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးသို့ စစ်အစိုးရ၏ ရဟတ်ယာဉ်တစင်း ပျံသန်းဝင်ရောက်ခဲ့သဖြင့် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးငြင်းဆန်ပြီး နောက်ပိုင်း အစိုးရပိုင်သတင်းစာများမှတဆင့် KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည်သုံးနှုန်းခဲ့သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */