“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 17, 2011

ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ လူသားတိုင်းကို ကူညီသည်

http://www.mizzimaburmese.com/interview/7553-2011-05-16-11-51-13.html-Sender-eimmet mahotpar
လွန်ခဲ့သော ၁၃ နှစ်က မန္တလေးမြို့ပေါ်က ငွေကြေးချို့တဲ့သူ လူဆင်းရဲများ
ဘဝတပါး ပြောင်းသွားကြရသောအခါ ကြွင်းကျန်သည့် ရုပ်အလောင်းများကို
ဝန်ဆောင်မှု အချိန်မမှန်သည့်အပြင် ထိထိရောက်ရောက် ပို့ဆောင်၊
ကူညီမပေးနိုင်သည့် မြို့ခံ စည်ပင်ကြောင့် တောင်စလင်းတိုက်သစ် ဆရာတော်
ဦးတိက္ခက မြို့မိ မြို့ဖများနှင့်တိုင်ပင်ပြီး အခမဲ့ နာရေးကူညီမှုအသင်း
ဖွဲ့စည်းခဲ့သည်။

မြို့ခံ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာဝန်များ၊
စာပေအသိုင်းအဝိုင်းများ၊ ရဟန်းသံဃာတော်များဖြင့် ၁၉၉၈ က
စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၂ဝ၁၁ မေလ ၇ ရက်နေ့က ၁၃ နှစ် ပြည့်ခဲ့ပြီ
ဖြစ်သည်။ စတင် တည်ထောင်လာချိန်မှစ၍ နာရေးကူညီမှု၊ ကျန်းမာရေးကူညီမှု၊
သဘာဝဘေးအန္တရာယ် ကူညီမှုစသည် အသီးသီး လုပ်ဆောင်လာခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်လာခဲ့သည့် ကာလတလျောက် အသင်းအနေဖြင့်ကြုံတွေ့ခဲ့ရသည့်
အခက်အခဲ၊ အကျပ်အတည်းများနှင့် ဖြတ်သန်းခဲ့ရသည့် အခြေအနေများကို အသင်းဥက္ကဋ္ဌ
ဒေါက်တာ ဦးဝင်းမြင့်အား မဇ္ဈိမ သတင်းထောက် ကျော်ခ က
ဆက်သွယ်မေးမြန်းထားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထောင်ခဲ့သော အဆိုပါ
လူမှုကူညီရေးအသင်းကြီးကို သံဃာတော်များက နာယကအဖြစ် ဦးဆောင်ကာ
အမှုဆောင်အဖွဲ့အဖြစ် ဆရာဝန်များ၊ မြို့မိမြို့ဖ ပုဂ္ဂလိက
စီးပွားရေးလုပ်ငန်းရှင်များ၊ အရာရှိဟောင်းများ၊ ပညာရေးဝန်ထမ်းများ၊
စာပေသတင်းလောကသားများဖြင့် ဦးစီးလုပ်ကိုင်လျက် ရှိသည်။

အသင်းဖြစ်ပေါ်လာပုံ

နာရေးကူညီမှုအသင်း စတင်တည်ထောင်ဖြစ်ခဲ့ပုံနဲ့ ဖြစ်ပေါ်လာပုံလေး သိပါရစေ။


ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက ၁၉၉၈ မေလ ၇ ရက်နေ့မှာ တောင်စလင်းတိုက်သစ်
ဆရာတော် ဦးတိက္ခရဲ့ သြဝါဒအရ ကျနော်တို့ စတင်တည်ထောင်ခဲ့တယ်။

စတင်တည်ထောင်ခဲ့စဉ်က မန္တလေးမြို့မှာ စည်ပင်သာယာက အသုဘကိစ္စတွေကို ကား ၂
စီး၊ ၃ စီးထဲနဲ့ ဆောင်ရွက်နေတဲ့နေရာမှာ ကားတွေကမကောင်း၊ အချိန်ကမမှန်၊
ချချင်တဲ့အချိန် ကားက ရောက်တာနောက်ကျ၊ အဲဒီလို အခက်အခဲတွေဖြစ်တာကို
ဆရာတော်က သိတဲ့အတွက် နာရေးကူညီမှုအသင်းတည်ထောင်မယ်ဆိုပြီး
သြဝါဒပေးပြီးတော့ ဖွဲ့စည်းဖြစ်ခဲ့တာ။

အဲဒီမှာ ဆရာတော်က သူ့ကျောင်းဝင်းအတွင်းက ပေ ၁ဝဝ-၂ဝဝ ပတ်လည်ကို
အသင်းအတွက်လှူပြီးတော့ မြို့မိမြို့ဖတွေကို နာယကတင်၊ အလုပ်မှုဆောင်
အဖွဲ့ဖွဲ့ပြီး စတင်ထူထောင်ခဲ့တာ။

ဒီနာရေးအသင်းကို ဘယ်သူတွေက ဦးဆောင်ပြီး၊ ဘယ်လိုလူမျိုးတွေနဲ့
ဖွဲ့စည်းတည်ထောင်ထားတာလဲ ခင်ဗျ။

ဒီအသင်းမှာတော့ စဖွဲ့ကတည်းက အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊
မြိုမိမြို့ဖ အလွှာစုံကလူတွေ၊ စာပေ အသိုင်းအဝိုင်းက လူတွေနဲ့
ဖွဲ့လာခဲ့တာပေါ့လေ။

အဲဒီတုန်းက စာပေကဏ္ဍဘက်ကဆိုရင် အမေလူထုဒေါ်အမာ၊ ဟိုတယ်ဘက်ကဆိုရင်
ဦးဇော်ဦးတို့ ဦးအောင်ခိုင်တို့၊ ကုန်သည်ပွဲစားကြီးများအသင်းကဆိုရင်
ဦးထွန်းသိန်းတို့ ဦးသိန်းထွန်းတို့ စာပေဘက်က ဦးကျော်ရင်မြင့်တို့၊
မီဒီယာဘက်ကဆိုရင် ဦးဘဦးတို့၊ သတင်းထောက်ကြီး ဦးဌေးအောင်တို့ အဲလို
ကဏ္ဍစုံ၊ အလွှာစုံက လူတွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

အသင်းတည်ထောင်တုန်းက ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲဗျ။

စတင်ဖွဲ့စည်းခဲ့တုန်းအချိန်က ရပ်ကွက်ထဲကလူတွေက မကျေမလည်ဖြစ်ပြီးတော့
ကားတွေကို ခဲနဲ့ပေါက်တယ်၊ အမင်္ဂလာဖြစ်တယ်ဆိုပြီး အသင်းနဲ့
မျက်နှာချင်းဆိုင်အိမ်တွေက မကျေမနပ်ဖြစ်တယ်။ သုဘရာဇာ ဘာညာပေါ့နော်။ ဒီမှာ
လုပ်နေတဲ့လူတွေနဲ့ မစပ်ယှက်ချင်တော့ဘူး၊ ဆရာတော့်ကျောင်းလာနေကြလူတွေက
အသုဘယာဉ်မြင်ရင် အမင်္ဂလာ ဖြစ်လို့ပြီး မလာချင်ကြဘူးပေါ့နော်။
အဲဒီလိုမျိုးအခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။

အသင်းဖွဲ့စည်းလာပြီးနောက်မှာ အစိုးရအာဏာပိုင် အဖွဲ့အစည်းတွေရဲ့
တိုက်ခိုက်ခံရမှုတွေရှိလား၊ ကြုံခဲ့ရလားဗျ။

အဲဒီတုန်းက အာဏာပိုင်အဖွဲ့အစည်းတွေက အမှုဆောင်တွေရဲ့
ကိုယ်ရေးရာဇဝင်တွေတောင်းတယ်။ ကျနော်တို့ မှတ်ပုံတင်တဲ့နေရာမှာ
ကျထားပြီးသားကို နောက်ထပ်မှတ်ပုံတင်ခွင့်တွေ အမျိုးမျိုးနှောင့်နှေးအောင်
လုပ်ပြီးတော့ တရားဝင် သက်တမ်းတိုးတာကို သူတို့က ဆက်ပြီး တင်မပေးဘူး။ DSI
က ခဏခဏခေါ်မေးတယ်။ ကျနော်တို့ အစည်းအဝေးလုပ်တယ်ဆိုရင် ဘာလုပ်တာလဲ
ဘာကိစ္စလဲဆိုတာတွေက နှစ်ပတ်လည်လုပ်လို့ လူစုလူဝေးနဲ့ ဆိုရင်
အဲဒီလိုအမျိုးမျိုးမေးတာပေါ့။

အဲဒီတုန်းက အန်ကယ်ဦးမြအောင်က ဥက္ကဋ္ဌပါ။ သူ့ကို တယက က ခေါ်ပြီးတော့
ဗြဟ္မစိုရ်အသင်းမှာ ရာထူးနေရာ အလိုက်အရ
တိုင်းအထွေထွေအုပ်ချုပ်ရေးမှူးအနေနဲ့ ဘယ်လိုနေရာမျိုးမှာထည့်ပေးရမယ်။ တယက
ဥက္ကဋ္ဌက ဘယ်လိုနေရာမျိုးမှာပါမယ်။ မဝတ ဥက္ကဋ္ဌက ဘယ်လိုနေရာမှာပါမယ်။
အဲလိုမျိုးထည့်မယ်ဆိုပြီး အန်ကယ် ဦးမြအောင်ကို ပြောတာပေါ့နော်။

အဲဒီအခါကျ အန်ကယ်ဦးမြအောင်ကတော့ ကြိုဆိုပါတယ်ပေါ့။ ဒါပေမဲ့
ကျနော်တို့အသင်းဟာ NGO သက်သက် အသင်း ဖြစ်တဲ့အတွက် ကျနော်တို့
ဗြဟ္မစိုရ်အသင်းဝင်မယ်ဆိုရင် Government Service ကနေ ထွက်ပြီး လာရင်
ကျနော်တို့က လက်ခံဘို့အသင့်ပါပဲ၊ အဲလိုဖြေကြားခဲ့ရတာပေါ့နော်။

ပြီးတော့ ကျနော်တို့ တယက ဗိုလ်ချုပ်ရဲမြင့်ကြီး
အုပ်ချုပ်တဲ့အချိန်တုန်းကဆိုရင် ကျနော်တို့အသင်းကို ကွန်မြူနစ်တွေပါတယ်။
နိုင်ငံရေး အရောင်ဆိုးတယ်။ လူထုဒေါ်အမာသားတွေက ကွန်မြူနစ်တွေကိုး
စွပ်စွဲတယ်ပေါ့ဗျာ။ အရီးတောင်း ဦးကျော်သိန်းကလည်း သူတို့ဘက်ကို
ခေါင်းတောင်မလှုပ်ဘူး။ အဲလိုမျိုးတွေ စွပ်စွဲပြီး ကျနော်တို့အပေါ်မှာ
ညစ်တာပေါ့ဗျာ။

အလှူရှင်တွေက ကျနော်တို့ကို ဆေးရုံဆောက်ဖို့လှူတယ်ဆိုရင်
ဆောက်ခွင့်မပေးဘူး။ ဒီဗြဟ္မစိုရ်ကိုတော့လှူတယ် အစိုးရကိုတော့
မလှူရကောင်းလားဆိုပြီးတော့ အလှူရှင်က မန္တလေး ပြည်သူ့ဆေးရုံကြီးကို ၂ ထပ်
အဆောက်အဦး ဆောက်ပြီး လှူရတယ်။ လှူပြီးရင်တော့ ဗြဟ္မစိုရ်ကို
ဆောက်ခွင့်ရမှာပဲဆိုပြီးတော့ ထင်တာပေါ့နော်၊ အဲဒါလည်း ဆောက်ခွင့်မပေးဘူး။

၂ဝဝ၄ တုန်းကအလှူရှင်က ဆေးရုံဆောက်ဖို့ သိန်း ၈ဝဝ လှူခဲ့တာ၊ အခု ၂ဝဝ၉ -
၂ဝ၁ဝမှ ဆောက်ရတာ။ အဲဒီအခါကျ အလှူရှင်က သိန်း ၇ဝဝ ထပ်ပြီးလှူပြီး သိန်း ၁၅ဝဝ
နဲ့ ကျနော်တို့အခု ၂ ထပ် ဆေးပေးခန်းပဲရတယ်။ ဆေးရုံ ဆောက်ခွင့် မရဘူး။

ဒီကြားထဲမှာမှ ကျနော်တို့ကို ကြံ့ခိုင်ရေးက သိမ်းပိုက်မလို့ဖြစ်သေးတယ်။
ကျနော်တို့အသင်းကိုပဲ သူတို့က ကြံ့ခိုင်ရေး အမည်ခံခိုင်းပြီးတော့
ဖြတ်လမ်းကနေ လူထုကြည်ညိုမှုယူဖို့ကြိုးစားတာပေါ့နော်။ အဲဒါ ကျနော်တို့
အသင်းကို ဘုန်းကြီးဆေးရုံလုပ် သူတို့ ဘိလပ်မြေပေးမယ် ဆိုပြီး
စည်းရုံးတာပေါ့နော်။

ကျနော်တို့ရဲ့နာယကကြီးတွေကလည်း ဗြဟ္မစိုရ်ရဲ့ဦးတည်ချက်ဟာ မရှိနွမ်းပါး
ဆင်းရဲသားတွေကို ကူညီဖို့ နာမည်ပြောင်းလို့မရဘူး။ ဘုန်းကြီးဆေးရုံ
မလုပ်ဘူး။ မရရင်လည်းနေ မလုပ်ဘူးဆိုပြီးတော့ ကျနော်တို့က တင်းခံလာခဲ့တာ။

နောက်ပိုင်းရွေးကောက်ပွဲနီးတဲ့အခါကျတော့ ဦးအောင်သောင်းတို့
ဝန်ကြီးဦးကျော်မြင့်တို့က ဆရာတော်ဆီ မကြာခဏလာပြီး လူကြီးတွေကိုလည်း
ခေါ်တွေ့တယ်။ ဝန်ကြီးဦးကျော်မြင့်က ကျနော်နဲ့ ကျောင်းသားဘဝက
ဆရာတပည့်တော်ခဲ့ပါတယ်။ ကျနော်တို့ဆေးကျောင်းသားဘဝက သူက ဆေးပညာဌာနက ဆရာပါ။

ဝန်ကြီးက အားပေးတယ်။ လုပ်ပါ လူမှုရေးကိစ္စတွေဖြစ်တဲ့အတွက် ဒီဆေးရုံ၊
ဆေးပေးခန်းလဲ သူဆောင်ကြဉ်းပေးပါ့မယ် ဆိုပြီး
သူကြိုးစားဆောင်ရွက်ပေးရင်းနဲ့ ခယက ကနေပြီး ဆေးခန်းဆောက်လုပ်ခွင့်
ချပေးတာပေါ့။ အဲဒီအခါကျမှ ကျနော်တို့က စည်ပင်သာယာ အဆောက်အအုံဌာနမှာ
တင်ခွင့်ရတာ။ စည်ပင်သာယာဌာနကလည်း ခယက ခွင့်ပြုချက်မပါရင် ကျနော်တို့ကို
ချမပေးဘူး။ နောက်ဆုံး အဲဒီလို အဆင့်ဆင့် ကြိုးပမ်းလာရင်း အခုဆေးခန်း
အဆောက်အဦးကြီး ဖြစ်သွားတာ။

လက်ရှိ အသင်းဝင်အင်အားရော ဘယ်လောက်ရှိလဲ။ အသင်းဝင်တွေကရော
ဘယ်လိုလူမျိုးတွေများလဲ ခင်ဗျ။

ကျနော်တို့အသင်းက ထူးခြားတာကတော့ အသင်းဝင်မထားပါဘူး။ သြဝါဒဆရာတော် ၈
ပါးရှိတယ်။ လူပုဂ္ဂိုလ်နာယ ၁ဝ ယောက်ရှိတယ်။ အမှုဆောင် ၂၂ ယောက်ရှိတယ်။
အဲဒါပဲဗျ။ အသင်းဝင် မထားရတဲ့အကြောင်း ရင်းကလည်း အင်အားကြီးလာရင်
အစိုးရရဲ့ စပါးမွှေးစူးမှုဖြစ်မှာစိုးလို့ ကျနော်တို့က အသင်းဝင်မထားဘူး။
နာယကရယ် အမှုဆောင်ရယ်၊ ဝန်ထမ်းကလည်း ၂ဝ ပတ်ဝန်းကျင်ရှိပါတယ်။ အသင်းသား
မထားပါဘူး။


နာရေးကူညီပုံ

နာရေးကူညီမှုပေးပုံ အဆင့်ဆင့်ကိုလည်း ရှင်းပြပေးပါအုံး၊ ဘယ်လိုတွေ
လုပ်ပေးတယ်ဆိုတာကို။

နာရေးကူညီမှုအနေနဲ့ ကျနော်တို့ ၃ မျိုးလုပ်ဆောင်ပါတယ်။ ပထမ အကူအညီကတော့
အသုဘပို့ဆောင်ခြင်း လုပ်ငန်းပေါ့။ ကာယကံရှင်မိသားစုက အင်မတန်
ဆင်းရဲနွမ်းပါးလို့ သင်္ဂြိုဟ် စရိတ်မရှိဘူးဆိုရင် သင်္ဂြိုဟ်စရိတ် ၁၆,ဝဝဝ
ထောက်ပံ့ပါတယ်။ စည်ပင်သာယာက အလောင်း တလောင်း မီးရှို့ရင် ၁၆,ဝဝဝ ကောက်တယ်။
ဆက်ပြီး အခက်အခဲဖြစ်တယ်။ ဆွမ်းသွပ်နိုင်ဘို့ ငွေမရှိဘူး
အကျပ်တွေ့နေတယ်ဆိုရင် နောက်ထပ် ၄ဝဝဝ ထပ်ပြီး စုစုပေါင်း ၂ဝ,ဝဝဝ
ကူညီပါတယ်။ နောက်ပြီး ခေါင်းတလားတွေကိုလည်း အဆင်သင့် ရိုက်ပြီး
ခေါင်းတလားလိုချင်တဲ့လူတွေကို
ခေါင်းတလား၊ ခရစ်ယာန်ခေါင်း၊ တရုတ်ခေါင်း၊ ရိုးရိုးခေါင်းပေါ့နော်။
အဲဒါတွေကိုလည်း အခမဲ့ကူညီပါတယ်။

ဒုတိယ အကူအညီကတော့ ရဲအရေးပိုင်တဲ့ သေမှု သေခင်း ကိစ္စတွေပေါ့၊ ဥပမာ
ရေနစ်သေတယ်။ ကြိုးဆွဲချ သေ တယ်။ ကားတိုက်လို့ သေတယ်။ ဆိုင်ကယ်
အက်ဆီးဒင့်ဖြစ်လို့သေးတယ်။ ကားချောက်ထဲကျလို့သေတယ်။ အဲလိုကိစ္စမျိုးမှာ
ရဲအကူအညီတောင်းလို့ရှိရင် ရုပ်အလောင်းတွေကို ကောက်ပြီး
သင်္ဂြိုဟ်တဲ့နေရာတွေကို အရောက်ပို့ပေးတယ်။

တတိယ အကူအညီကတော့ မန္တလေးမြို့ဆေးရုံကြီးတွေမှာ လာရောက်ကုသမှုခံယူပြီးတော့
အခြေအနေမကောင်းလို့ ကိုယ့်မြို့ ကိုယ့်ရွာ ပြန်သယ်ချင်တယ်ဆိုရင်
ကျနော်တို့ဆီ အကူအညီတောင်းတဲ့အခါမှာ အကူအညီပေးပါတယ်။

နာရေးကူညီတဲ့ နေရာမှာ ဆင်းရဲချမ်းသာ အခကြေးငွေယူတာတို့၊
ပြန်ပြီးအလှူခံတာတို့ ရှိလားခင်ဗျား။

မရှိပါဘူးခင်ဗျ။ အားလုံးက အခမဲ့ပါပဲ။ တကယ်လို့ သဒ္ဓါပေါက်လို့
လှူချင်တယ်ဆိုရင်တော့ ရက်လည်ပြီး အေးအေး ဆေးဆေးကျမှ လာလှူဖို့ ပြောပါတယ်။

နာရေးမှုတွေ ကူညီတဲ့အခါမှာ ရဟန်း၊ သံဃာ၊ လူမျိုး၊ ဘာသာ အရ
ဘယ်လိုပုံစံတွေနဲ့ သင်္ဂြိုဟ်ပေးလဲ။

ရဟန်း၊ သံဃာတွေဆိုလို့ရှိရင်လည်း ကျနော်တို့အသင်းကို
အသုံးပြုတယ်ပေါ့နော်။ ကျနော်တို့ လိုက်ပို့ပြီး ကူညီရတာပေါ့နော်၊
ဘုန်းကြီးတွေအတွက်ကျတော့ ကျနော်တို့က သလွန်လုပ်ပြီးလှူတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ ဂူသွင်းတာ၊ မီးသင်္ဂြိုဟ်တာရှိတယ်ပေါ့နော်။
သေတဲ့အခါမှာ အလောင်းတင်ဘို့ စတီးသံကုတင်တွေ လုပ်ထားတယ်။
စတီးသံအုပ်ဆောင်းတွေ လုပ်ပေးထားတယ်။

မွတ်ဆလင်တွေကတော့ ကျနော်တို့အသင်းကို သိပ်ပြီးမခေါ်ဘူးဗျ။ သူတို့မှာလည်း
ကူညီတဲ့ သူတို့ဘာသာ နာရေးကူညီမှု အသင်းရှိတယ်ဗျ။ ခရစ်ယာန်တွေအတွက်တော့
ကျနော်တို့က နေအိမ်ကနေ ဘုရားကျောင်းကို ပို့ပေးရတယ်။ ဘုရားကျောင်းကမှ
ခရစ်ယာန်သင်္ချိုင်းကိုပို့ပေးရတာပေါ့။

အကူအညီတောင်းလာတဲ့လူတွေက မြို့ပေါ်ရပ်ကွက်တွေထဲကအပြင် နယ်တွေက တောင်းဆိုလာတာတွေ
ရှိလား။

နယ်ဘက်ကတော့ အကူအညီတောင်းခဲတယ်။ အပြန်ခရီးမှာ တမူးတို့၊ ကလေးဝတို့၊
ကလေးတို့၊ မြစ်ကြီးနားတို့၊ လွိုင်လင်တို့အထိ လိုက်ပြီးပို့ရဘူးတယ်။
မန္တလေး ဆေးလာကုပြီး ဆုံးသွားတဲ့လူတွေကို လိုက်ပြီးပို့ရတာပေါ့။ အလားတူပဲ
ဒီမှာဆေးလာကုတဲ့လူ ဒီကနေဆေးသွားကုတဲ့လူတွေ ပိုက်ဆံမတတ်နိုင်တဲ့လူတွေကို
နိုင်ငံတွင်း နေရာ အရပ်ရပ်ကို သယ်ယူပို့ဆောင်ပေးတာတွေလုပ်ပေးပါတယ်။

တချို့ခရီးသွားရင်းနဲ့ မန္တလေးမှာ ဆုံးသွားတယ်။ ရန်ကုန်ထိ
ပို့ပေးရမယ်ဆိုရင်လည်း ပြန်ပို့ပေးတယ်။ တချို့ကားသမားတွေက
လူသေအလောင်းအတွက် ကားငှားမယ်ဆိုရင် မလိုက်ချင်ကြတာက တကြောင်း၊ အဲလို
သေရေးတွေဆိုရင် ငွေကြေး အဆမတန်တောင်းကြတာကတကြောင်း ကျနော်တို့အသင်းကို
အကူအညီတောင်းကြပါတယ်။

မန္တလေးမှာ နာရေးကူညီမှုအသင်းပေါင်း ဘယ်လောက်ရှိလဲ၊ ဘယ်လိုအသင်းမျိုးတွေလဲ။
သူတို့ကရော ဘယ်လိုမျိုးတွေ လှုပ်ရှားနေကြလဲ။

မန္တလေးမြို့ပေါ်မှာ အခု နာရေးကူညီမှုအသင်းပေါင်း ၅ဝ လောက်ဖြစ်သွားပြီ။
သူတို့လည်း အလှူရှင်တွေက ဝတ်သောက် (without) ကားတွေလှူကြတော့
အဲဒီကားတွေနဲ့ပဲ လှုပ်ရှားနေကြတယ်။ ကျနော်တို့ကတော့ ကားအစီးရေ ၁၂ စီးနဲ့
လုပ်ပါတယ်။ နာရေးပို့တဲ့ကားက ၈ စီးပေါ့နော်။ ရုံးသုံးက ၃ စီး၊
အရေးပေါ်လူနာတင်ယာဉ်က ၁ စီး အဲလိုရှိပါတယ်။ စဖွဲ့စဉ်တုန်းကတော့
မြန်မာပြည်မှာ ဗြဟ္မစိုရ်အသင်းကတော့ ပထမဦးဆုံး နာရေးအသင်းပေါ့နော်။
ကိုကျော်သူတို့က ကျနော်တို့ထက် ၃ နှစ် နောက်ကျ တယ်။

ကိုကျော်သူတို့ကတော့ တရက်ကို အလောင်း ၅ဝ လောက်ပို့ရတယ်။ ကျနော်တို့ကတော့
တရက်ကို ပုံမှန်အားဖြင့် ၅ လောင်းကနေ ၁ဝ လောင်းကြား ကူညီပေးနေရပါတယ်။

၂ဝ၁၁ မေလ ၇ ရက်နေ့မှာ ၁၃ နှစ် ပြည့်တယ်ဆိုတော့ ဒီကာလအတွင်းမှာ
ရုပ်အလောင်း ဘယ်နှလောင်းလောက် ကူညီပေးခဲ့ပြီလဲ။

၁၉၉၈ ကနေစပြီး ၂ဝ၁၁ မေ ၇ ရက်ထိ အားလုံး စုစုပေါင်း နာရေး ပို့ဆောင်မှု
၅၁,၆၇ဝ ရှိတယ်။

ရန်ကုန်က ဦးကျော်သူတို့ နာရေးကူညီမှုအသင်းမှာတော့ ရပ်ကွက်တွေထဲဝင်ပြီး
အလောင်းသွားသယ်တဲ့အခါ ကြံ့ဖွံ့ နာရေးအဖွဲ့တွေက အလောင်းလုတာတွေ
ကြုံရတယ်ပြောတယ်။ အန်ကယ်တို့အဲဒါမျိုးတွေ ကြုံရလား။

အဲဒီလိုတော့ မရှိဘူးဗျ။ ကျနော်တို့ဆီမှာ ကြံ့ခိုင်ရေးက
အသင်းတသင်းတော့ရှိတယ်။ ဒါပေမဲ့ သူတို့က လုပ်ငန်း မဖြစ်ဘူး။

အန်ကယ်တို့ နာရေးကူညီမှုအသင်းအနေနဲ့ လမ်းဘေးမှာ မူးလဲနေတဲ့ လူတွေကိုပါ။
အိမ်တိုင်ရာရောက် လိုက်ကူပို့ပေးတာတွေလဲရှိတယ်လို့ကြားတယ်။
အဲဒါရောဟုတ်လား။

ဟုတ်ပါတယ်။ လမ်းဘေးမှာ ကျန်းမာရေးမကောင်းလို့ မူးပြီးပဲလဲလဲ၊
အရက်မူးလွန်ပြီးလဲလဲ ကျနော်တို့ကို ရပ်ကွက် သို့မဟုတ် ရဲက
အကြောင်းကြားလာရင် လိုက်ပါဆောင်ရွက်ပေးပါတယ်။ ဆောင်ရွက်ပေးခဲ့တာတွေလဲ
ရှိပါတယ်။


ကျန်းမာရေး ကူညီမှု

ဗြဟ္မစိုရ် အနေနဲ့ နာရေးအပြင်ကျန်းမာရေးကူညီမှုတွေလဲ လုပ်တယ်ဆိုတော့။
ဘယ်လိုပုံစံတွေနဲ့ ကူညီပေးနေ တာတွေရှိလဲ။

ကျန်းမာရေးပိုင်းကိုတော့ ခရစ်နှစ်၂ဝဝဝ မေလ ၇ ရက်နေ့က စလုပ်တာပါ။
စတင်တည်ထောင်ပြီး ၂ နှစ်မြောက်တဲ့နေ့မှာ မန္တလေးမြို့ ကုတင် ၃ဝဝ
ဆံ့ဆေးရုံမှာ လူနာတွေက ဆေးမဝယ်နိုင်၊ ဓာတ်မှန်မရိုက်နိုင်၊
ဓာတ်ခွဲခန်းစစ်ဆေးဖို့ ဆရာဝန် ညွှန်ကြားတာတွေ လုပ်ဖို့ ကိုယ့်ပိုက်ဆံနဲ့
ကိုယ်လုပ်ရတဲ့အခါမှာ တချို့ကမတတ်နိုင်ဘူး။

ခွဲခန်းဝင်ရမယ်။ ခွဲစိတ်ခန်းပစ္စည်းတွေဝယ်ရမယ်။ မေ့ဆေး၊ ထုံဆေးတွေ
ဝယ်ခိုင်းမယ်။ အရက်ပြန်၊ ဂွမ်း၊ ချုပ်ကြိုး၊ ခွဲဓား စသဖြင့်
ဆေးပစ္စည်းရော၊ ခွဲစိတ်ခန်းပစ္စည်းရော ဝယ်ခိုင်းတဲ့အခါမှာ တချို့က
ပိုက်ဆံအင်အားမရှိတဲ့အတွက် ငုတ်တုပ်ထိုင်ပြီး သေခံရမယ့် အဖြစ်တွေ
တွေ့ရှိရတဲ့အတွက် ကျနော်တို့ ၂ဝဝဝ ပြည့်နှစ်ကစပြီး အဲဒီဆေးရုံမှာ ၁ လကို
၃ သိန်းဘိုး ငွေအကုန်ခံပြီး ဒါတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့တယ်။

အဲဒီ ကုတင် ၃ဝဝ ဆေးရုံကနေ မနိုင်တဲ့ လူနာတွေကျတော့ မန္တလေး ဆေးရုံကြီး၊
ဗဟို အမျိုးသမီးဆေးရုံကြီး၊ မျက်စိဆးရုံကြီး စသဖြင့် လွှဲလိုက်တဲ့အခါ
လူနာတွေက အဲဒီမှာလည်း ဆက်ပြီး အခက်အခဲဖြစ်တဲ့အခါကျတော့ ကုတင် ၃ဝဝ
ဆံ့ဆေးရုံ၊ မန္တလေး ပြည်သူ့ဆေးရုံ၊ ကလေးဆေးရုံကြီး၊ ဗဟို အမျိုးသမီး
ဆေးရုံကြီး၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်းဆေးရုံ အဲဒီဆေးရုံတွေမှာ
တက်နေတဲ့ လူမမာတွေ ငွေကြေး အခက်အခဲဖြစ်လို့ရှိရင် ကျနော်တို့ အသင်းက
ဆရာဝန်တွေက အဲဒီမှာသွား၊ ဆေးရုံကဆရာဝန်တွေကလည်း ဟုတ်တယ်။ ဘယ်နှရက်ရှိပြီ
ဆေးရေးပေးထားတာ မဝယ်နိုင်ဘူး၊ ဆရာမတွေကလည်း ဟုတ်ပါတယ် ဒီလူနာ
တကယ်ဆင်းရဲပါတယ်ဆိုရင် ကျနော်တို့က ဘာထောက်ခံစာမှ မလိုဘူး။
သူရဲ့ရောဂါအလိုက်ပေါ့ လိုအပ်တဲ့ အကူအညီတွေကို ကျနော်တို့ပေးပါတယ်။

တလကို လူနာ အယောက် ၄ဝဝ လောက်ကူညီလို့ရတယ်။ အဲဒီလို ၃ သိန်းနဲ့ စခဲ့တဲ့
ကူညီမှုဟာ တစထက် တစ တိုးမြှင့်ပြီး ကူညီလာတာ။ ၁၅ သိန်း၊ သိန်း ၃ဝ၊
အဲလိုကနေ ပြီးခဲ့တဲ့နှစ်က ကူညီခဲ့တာ သိန်း ၈ဝ ပါ။ အခုတော့ ဧပြီလ ၁
ရက်နေ့က စပြီး တလကို သိန်း ၁ ရာဘိုးကူညီနေပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး ၂ဝဝဝ ကနေ ၂ဝ၁၁ အတွင်းမှာ ကူညီခဲ့တဲ့ လူနာပေါင်းက
၃၅,၁ဝ၉ ဦးပါ။ ငွေအားဖြင့် သိန်းပေါင်း ၄၆၅၉ သိန်း ၉၆,၇၄၅ ကျပ်ပါ ခင်ဗျ။

ကျနော်တို့ ၂ဝဝ၉ က ဖွင့်လှစ်ခဲ့တဲ့ ကုသိုလ်ဖြစ်ဆေးခန်းကတော့ စနေ၊ တနင်္ဂနွေ
၂ ရက်ဖွင့်ပါတယ်။ အခုဆို တနေ့တနေ့ကို လူနာ ၆ဝဝ လောက်ရှိပါတယ်။ အဲဒီ ၆ဝဝ
ထဲမှာ မျက်စိလူနာ ၁ဝဝ လောက်နဲ့ ကျန်တဲ့ ၅ဝဝ ကတော့ အထွေထွေ ရောဂါကု
လူနာပါ။ ဆေးခန်းထဲမှာတော့ မျက်စိရောဂါကု ဌာနရှိတယ်။ နား၊ နှာခေါင်း၊
လည်ချောင်းကုတယ်။ သားဖွားမီးယပ် အထုးကု၊ ကလေး အထူးကု၊ အရိုးအထူးကု၊
အထွေထွေ သမားတော်ကြီး စသည်ဖြင့် ရောဂါပေါင်းစုံ ကုသပေးနေပါတယ်။

ဒီလူနာတွေကို လိုအပ်လို့ရှိရင် သက်ဆိုင်ရာ အစိုးရဆေးရုံကြီးတွေကို
လွှဲပြီးတော့ အဲဒီမှာ လိုအပ်တဲ့ ကူညီထောက်ပံ့မှုများကို လွှဲပေးပါတယ်။
ကျနော်တို့ကတော့ ပြင်ပလူနာဌာနနေနဲ့ ကုခွင့်ပဲ ရပါသေးတယ်။ ဆေးရုံအနေနဲ့
မရရှိသေးပါဘူး။ လိုင်စင်က ပြင်ပလူနာဆေးကုဌာနအနေနဲ့ပဲ ရရှိထားတာပါ။
နောင်ကျရင်တော့ ဆေးရုံအဆင့်ထိ ကျနော်တို့ ရည်မှန်းထားပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘယ်လိုလူမျိုးတွေက အများဆုံး အကူအညီပေးရတာများလဲ။

မြို့ပေါ် ဆင်ခြေဖုံးရပ်ကွက်က လူနာတွေ၊ တချို့နယ်ဝေးကလာတဲ့လူနာတွေ။
မတ္တရာတို့၊ ပုသိမ်ကြီးတို့၊ အမရပူရတို့၊ တချို့လည်း ရပ်ဝေးကပေါ့၊
မိုးညှင်းတို့၊ မိုးကောင်းတို့၊ မန္တလေးဆေးရုံကြီးရောက်နေရင်
ကျနော်တို့တို့က နယ်မြေ ကန့်သတ်မှုမရှိပါဘူး။ တကယ်ဆင်းရဲတဲ့လူဆိုရင်
ဘယ်အရပ် ဘယ်ဒေသကလာတဲ့ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ ကျနော်တို့က ကူညီပေးပါတယ်။
ကျန်းမာရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပုဂ္ဂိုလ်ဆိုရင်ပေါ့လေ။


သဘာဝ ဘေးအန္တရာယ်ကူညီမှု

အသင်းကနေပြီးတော့ သဘာဝ ဘေးအန္တရယ်ကျရောက်တဲ့နေရာတွေလဲလိုက်ကူညီပေးတယ်လို့
သိရတယ်။ အဲဒါတွေကရော ဘယ်လိုကူညီပေးတာတွေရှိလဲ။


နာဂစ်မုန်တိုင်းဘေးတုန်းကဆိုရင် သိန်း ၁ ထောင်ကျော်ဘိုး ဆရာတော်
ဦးတိက္ခနဲ့အတူ အမှုဆောင် ၂ ဦး၊ ဆရာဝန် ၁ ဦးလိုက်ပါပြီး ကျနော်တို့
သွားကူညီပါတယ်။ အဲသလို ကူညီဘို့ သိန်း ၁ ထောင်ဘိုးရအောင် ကျနော်တို့
ဆရာတော် ဦးတိက္ခနဲ့အတူ မန္တလေးမြို့ပေါ်မှာ တရားပွဲတွေ ကျင်းပတယ်။
အလှူခံဌာနတွေဖွင့်တယ်။ တရားဟောပြီး အလှူခံတဲ့အတွက် အဝတ်အစားတွေရတယ်။

အစားအသောက်ပစ္စည်းတွေရတယ်။ ငွေကြေး အလှူငွေတွေရတယ်။ အဲဒါတွေကို ဆရာတော်နဲ့
အတူ လူသူအရောက်အပေါက်နဲတဲ့ မြစ်ဝကျွန်းပေါ်က ရွာတွေအထိ ရောက်အောင်
ဆရာတော်ဦးဆောင်ပြီးတော့ သွားပြီးလှူပါတယ်။ အဲဒီမှာ
ဘုန်းကြီးကျောင်းတွေကိုလည်း တတ်နိုင်သလောက် ပြုပြင်ပေးခဲ့တယ်။
လူနာတွေကိုလည်းဆေးကုပေးခဲ့တယ်။

နောက် မန္တလေးမြို့ကွက်သစ် မြရည်နန္ဒာမှာ မီးဘေးသင့်တော့ အိမ်ထောင်စုပေါင်း
၃၄၅ အိမ်ထောင်စု မီးဘေးသင့်ပါတယ်။ အဲဒီမှာလည်း ကျနော်တို့က
တအိမ်ထောင်လျှင် ငွေ ၁ သောင်း၊ အိုး၊ ခွက်၊ ဖျာ၊ ခြင်ထောင်၊ ခေါင်းအုံး
အဲလိုလှူဖြစ်ခဲ့တယ်။

အဲဒီနောက်ပိုင်း ရခိုင်ဂီရိမုန်တိုင်းဖြစ်တဲ့အခါမှာ
မန္တလေးမြို့ပေါ်မှာရှိတဲ့ပရဟိတ အသင်းတွေ စုပေါင်းပြီးတော့ မန္တလေး
မေတ္တာရှင်များအဖွဲ့ဆိုပြီး ရွှေဆံတော် ဆရာတော်ဘုရားက ဦးဆောင်ပြီး
ကျနော်တို့ဝိုင်းပြီးတော့ လှူခဲ့ကြတယ်။ အဲဒီမှာ စုစုပေါင်း သိန်း ၅ဝ
ကျနော်တို့အသင်းကနေ ကူညီခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် မန္တလေးမြို့ကို ဒုဋ္ဌဝတီမြစ်ရေ ကြီးတုန်းကဆို
မြို့ကွက်သစ်တွေမှာရှိတဲ့ ညီနောင်အသင်းတွေပေါ့။ နာရေးကူညီမှုလုပ်နေတဲ့
အသင်းတွေ နဲ့ပေါင်းပြီး အကူညီတွေလုပ်ဖြစ်ကြပါတယ်။ အဲဒီမှာ
တချို့ဘုန်းကြီးကျောင်းတွေ ဆိုရင်လည်း ဆွမ်းအခက်အခဲဖြစ်တဲ့အတွက်
ဆွမ်းလွတ်တဲ့အနေအထားတွေထိဖြစ်ကုန်လို့ ကျနော်တို့ အဲဒီကျောင်းတွေကို ဆန်
၂ အိတ်နဲ့ ငွေတသိန်းစီလိုက်လှူပါတယ်။

ဒုက္ခသည်စခန်းဖြစ်တဲ့ လေးမျက်နှာဘုရားထဲမှာ ဆန် ၈ အိတ် ငွေ ၅
သိန်းသွားပြီးလှူပါတယ်။ နောက် အောင်ပင်လယ် ဝါဆိုဦးဘုန်းကြီးကျောင်းထဲက
ဒုက္ခသည် စခန်းထဲမှာလည်း ဆန်အိတ် ၂ဝ ၊ ငွေ ၁ဝ သိန်း၊ ရေသန့်ဘူးကြီး၊
ဆေးပေးခန်း၂ ခုကို ၁ဝ ရက်လောက် တောက်လျောက်ဖွင့်ပေးခဲ့ပြီးတော့ ကူညီခဲ့ပါတယ်။

အခုနောက်ဆုံးကတော့ တာလေ ငလျင်ဘေးပေါ့နော်၊ အဲဒီမှာတော့
တာချီလိတ်မှာရှိတဲ့ ငွေတောင်ဦး ဘုန်းကြီးကျောင်း ဆရာတော်ဆီကို သိန်း ၅ဝ
ပို့ပြီး လိုအပ်သလိုကူညီမှုပေးပါဆိုပြီး ငွေလွှဲပို့လိုက်ရတာပေါ့။
ဒါတွေကတော့ သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ပြီး
အသင်းကနေကူညီမှုပေးခဲ့တဲ့အပိုင်းတွေပေါ့လေ။


အလှူရှင်များနှင့် အသင်းရပ်တည်ပုံ

ဒီလိုအကူအညီပေးတာတွေ တောက်လျောက်
လုပ်လာခဲ့တယ်ဆိုတော့။ အသင်းအနေနဲ့ ဘယ်လိုအလှူရှင်တွေက
ထောက်ပံ့မှုတွေပေးလဲ။

အလှူရှင်တွေကတော့ ရပ်နီး၊ ရပ်ဝေး၊ ပြည်တွင်း၊ ပြည်ပ၊ မန္တလေးမြို့တော်သူ
မြို့တော်သား အားလုံးပါပဲ။ စင်္ကာပူက ဆိုရင် One Dollar Fan ဆိုတာ တနေ့
တဒေါ်လာစုပြီးတော့ ကျနော်တို့ဆီကို ပို့ပေးနေတာ။ နောက် Myanmar For
Myanmar ဆိုတဲ့ ကျောင်းသားအဖွဲ့လို အသင်းလေးတွေကလည်း စုပြီး ပို့ပေးတယ်။
UK မှာရှိတဲ့ အလှူရှင် တချို့ကလည်း ပို့ပေးတယ်။

ကျန်တာကတော့ မန္တလေးမြို့ပေါ်က အလှူရှင်တွေက များပါတယ်။
မျက်စိဆေးခန်းဖွင့်မယ်ဆိုတော့လည်း မျက်စိ တိမ်ချိန်စက် ကျပ်သိန်းပေါင်း
၃၆၅ သိန်းတန်ကို တဦးထဲလှူပါတယ်။ မြင့်မြင့်ခင် ထိုးမုန့်ကလည်း
မျက်စိခွဲစိတ်တဲ့နေရာမှာ သုံးတဲ့ Operation Microscope သိန်း ၁၆ဝ
ဘိုးလှူပါတယ်။ အဲလို မြို့ပေါ်မှာရှိတဲ့ မောင်ကိန်းရွှေဆိုင်တို့လို
အလှူရှင်တွေအများကြီးရှိပါတယ်။

မြို့ခံစီးပွားရေးလုပ်ငန်းရှင်တော်တော်များများက မရှိဆင်းရဲသားတွေကို
ရည်စူးပြီး ကူညီမှုတွေ လုပ်နိုင်အောင် ကျနော်တို့အသင်းကို လှူဒါန်းမှုတွေ
အများဆုံးလုပ်ကြပါတယ်။

အလှူရှင်တွေက အဆောက်အဦးတွေလှူဖို့ ထပ်ပြီးလှူထားတာလည်း
အများကြီးရှိနေပါတယ်။ ကျနော်တို့အနေနဲ့
ဆက်ပြီးအကောင်ထည်ဖော်ပေးသွားရမှာပါ။


တိုးချဲ့အစီအစဉ်တွေ

အသင်းတိုးချဲ့ပြီးလုပ်မယ့် အစီအစဉ်သစ်တွေရောရှိလား၊ ဘာတွေရှိမလဲခင်ဗျ။

နောက်လုပ်မယ့်အထဲမှာ သွေးလှူရှင်အဖွဲ့ ဖွဲ့မယ်။ ဓာတ်မှန်ရိုတ်ပေးမယ်၊
ပြီးရင် သွားဆေးကုခန်းဖွင့်ထားတယ်။ သွားဘက်ဆိုင်ရာဆေးကုသမှုတွေလည်း
ပြုလုပ်ပေးမယ်။ ပြီးရင် Miner operation လေးတွေပေါ့။ မနက်လာတယ်။
မနက်ခွဲတယ်။ ညနေပြန်တယ်ပေါ့နော်။ ကုသဆောင်ရွက်ဖို့ရှိပါတယ်။
နောက်ပိုင်းမှာ ပညာရေး ကိစ္စတွေဆောင်ရွက်ဖို့ရှိပါတယ်။

စာကြည့်တိုက်လုပ်ငန်းတွေလုပ်မယ်။ လေလွင့်ပြီးကျောင်းမနေနိုင်တဲ့
ကလေးတွေကို စာသင်ပေးဖို့ အစီအစဉ်တွေတော့ ဆွဲထားပါတယ်။ ခုထိတော့
အကောင်အထည်မဖော်ရသေးပါဘူး။

အန်ကယ်တို့ နာရေးကူညီမှုအသင်းတွေကိုရော အစိုးရက ဘာအကူအညီတွေပေးတာရှိလဲ။

မရှိပါဘူးခင်ဗျ၊ ကျနော်တို့က အသင်းကြီးဖွဲ့စည်းထားတဲ့အတွက် စည်ပင်သာယာမှာ
အခွန် အမြဲတမ်း ဆောင်နေရပါတယ်။ လုပ်ငန်းခွန်ပေါ့နော်။


အမြင်

လူထုအနေနဲ့ အခမဲ့ နာရေးကူညီမှုအသင်းရဲ့ အကူညီကို ဘာကြောင့်လိုအပ်တယ်လို့ မြင်လဲ။

လိုအပ်ပါတယ်ဗျ။ ခေတ်နဲ့ စနစ်အရ ကျန်းမာရေးဝန်ဆောင်မှုစရိတ်တွေကလည်း
ကြီးတယ်။ လူထုရဲ့ဝင်ငွေကလည်း တနေ့လုပ် တနေ့စားဖြစ်နေတယ်။ ကျန်းမာရေးအတွက်
ဖူလုံလောက်ငတဲ့ ဝင်ငွေ မရှိကြဘူး။ ဒါကြောင့်မို့ ခေတ်အခါကာလအရ ကျနော်တို့
မန္တလေးမှာဆိုရင် Free Service ပေးနေတဲ့ နေရာ ၅-၆ ခုလောက်ပေါ်နေပြီဆိုတော့
ကာလံဒေသံ အဂ္ဂံဓနံ ဆိုတဲ့အတိုင်းပဲ လိုအပ်အချက်အရ ဒါတွေဖြစ်ပေါ်လာတာလို့
ကျနော်ယူဆပါတယ်။

၁၃ နှစ်တောင် ကြာလာခဲ့ပြီဆိုတော့ ဒီကာလအတွင်းမှာ ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲခင်ဗျ။

လူထုရဲ့ ယုံကြည်ကိုးစားမှုရတဲ့အတွက် အလှူငွေတွေ တနေ့ထက်တနေ့ ပိုရလာတယ်ဗျ၊
လူနာတွေကလည်း စကုခါစတုန်းက ၅ဝ-၆ဝ လောက်ကနေ အခုဆိုရင် တရက်ကို
ပြင်ပလူနာကုဌာနအနေနဲ့ ၆ဝဝ ကျော် လောက်အထိ ကုသပေးနေရတယ်။

ကျနော်တို့အသင်းကြီးအပေါ်မှာ လှူလည်း လှူကြတယ်။ အားလည်း ကိုးကြတယ်။
ကျနော်တို့ကလည်း လူထုအားကိုးချင်အောင် နွေးနွေးထွေးထွေးတုံ့ပြန်ပေးပါတယ်။

နာရေးကူညီမှုအသင်းကို မန္တလေးက လူငယ်တွေရော စိတ်ဝင်စားလာတာတွေတွေ့မိလားခင်ဗျ။

ကျနော်တို့ ပရဟိတလုပ်ငန်းတွေကို လူငယ်တွေကလည်း စိတ်ဝင်စားလာကြပါတယ်။ အခု
ကျနော်တို့ ဆေးခန်းဖွင့်တဲ့အချိန်မှာဆိုရင် စိတ္တသုခ လူငယ်အသင်းက
လူနာတွေကို ခေါ်ပေးတယ်။ သက်ဆိုင်ရာ ဆရာဝန်ရှိတဲ့ အခန်းကို ပို့ပေးတယ်။
ဓာတ်ခွဲစစ်ဆေးတယ်ဆိုရင် ဓာတ်ခွဲစစ်ဆေးတဲ့နေရာကို လိုက်ပို့ပေးတယ်။
ဓာတ်မှန်ရိုက်မယ်ဆိုရင်လည်း အဲလိုပဲ လိုက်ပို့ကြတယ်။

ဒီအသင်းကို တည်ထောင်ဖို့ စတင်သြဝါဒပေးခဲ့တဲ့ ဆရာတော်
ဦးတိက္ခရဲ့သက်တော်ကရော အခု ဘယ်လောက်ရှိပြီလဲခင်ဗျ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */