“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 24, 2011

ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခဲ့သော်

show details 2:14 AM (5 hours ago)(ပေးပို့ သူ eimmet mahotpar )
http://www.mizzimaburmese.com/edop/songpa/7594-2011-05-23-05-12-27.html
တလောတုန်းက ဒေါ်အောင်ဆန်းစုကြည်က သူမကြာမီ နယ်ဆင်းမယ်လို့
ကြေညာသွားပါတယ်။နိုင်ငံရေးခေါင်းဆောင် တယောက်နယ်ဆင်းတာ
ဘာများဆန်းလို့လဲလို့ မေးကောင်းမေးလာနိုင်ပါတယ်။ ဟုတ်ပါတယ်၊
တခြားနိုင်ငံ၊ တခြားအခြေအနေမှာဆိုရင် ဘာမှမဆန်းပါဘူး။ ဒါပေမဲ့
ဒါဟာဗမာပြည်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် နယ်ဆင်းမယ်ဆိုတဲ့ အချိန်ဟာ
အရပ်ဝတ် စစ်အစိုးရတက်လာကာစ အချိန်ဖြစ်တဲ့အပြင် ဒီပဲယင်း အရေးအခင်း
ရှစ်နှစ်ပြည့်ကာလနဲ့လည်း တိုက်ဆိုင်နေတော့ စဉ်းစားစရာတွေ၊
ပြောစရာတွေဖြစ်လာပါတယ်။

သေချာတာတခုက ဒေါ်စုသာခရီးထွက်လိုက်ရင် ဗိုလ်ချုပ်တဖြစ်လဲ
ဦးသိန်းစိန်ရဲ့အစိုးရက ဘာလုပ်မလဲဆိုတာဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့
ကိစ္စ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေလို တဇောက်ကန်း လုပ်မလား၊ သူတို့ရဲ့
၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနက်ဖွင့်ပြမလား၊ ဘာမှမလုပ်ပဲ
ဒီအတိုင်းပဲကြည့်နေမလား၊ ရင်တမမ
စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်လာမှာကတော့ သေချာပါတယ်။ နောက်ပြီး
ဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့မိန့်ခွန်းရဲ့ တကယ့်အနှစ်သာရကိုလည်း ကမ္ဘာက
မြင်လာရစရာရှိပါတယ်။

ဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ ၂ဝဝ၃ မေ ၃ဝ တုန်းကလို
မလုပ်လေဘူးလို့ထင်ရပေမယ့် အာဏာရကာစ ကြံ့ဖွတ်တွေက နည်းသဏ္ဌာန်မျိုးစုံနဲ့
“ဆန္ဒပြ” တာလောက်တော့ ဖြစ်နိုင်သေးတယ်လို့ ယူဆရပါတယ်။
ဒေသခံကြံ့ဖွတ်တွေက အစိုးရအလိုကျ လက်စွမ်းပြ မျက်နှာလုပ်တာ ဖြစ်နိုင်သလို
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း တွေက“ဥပဒေအရ” လုပ်ဆောင်ပြတာတွေလည်း
ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အကော်ဒီယံလို ဥပဒေကလည်း ဆွဲလိုဆွဲ၊ စေ့လိုစေ့
လုပ်လို့ရတာကိုး။ တွေးကြည့်လိုက်ရင်တော့ သူတို့အုပ်စိုးသူများဘက်က
လုပ်လာနိုင်စရာတွေက အများကြီး ရှိပါတယ်။ အာဏာရသူနဲ့အာဏာမဲ့သူ
ယှဉ်လိုက်ရင် အာဏာရသူဘက်က ရွေးချယ်စရာ ပိုများလေ့ ရှိတယ်ဆိုတဲ့
တရားအတိုင်းပါပဲ။ အရပ်ဝတ်စစ်အစိုးရက မလုပ်လေဘူးလို့တွက်မိတာကြောင့်
ခံလိုက်ရတယ်ဆိုရင် သမိုင်းက ကိုယ့်ကို အပြစ်တင်လာနိုင်စရာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောခဲ့ပြီဆိုတော့
နယ်ခရီးကိုထွက်ကိုထွက်ရတော့မှာပါ။ နောက်ဆုတ်လို့မဖြစ်တော့ ပါဘူး။
ကိုယ့်ဘက်က အဘက်ဘက်ပြင်ဆင်ပြီးမှ
သွားတာဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ သတိပေါ့လို့တော့မဖြစ် ပါဘူး။
တချိန်ထဲမှာစဉ်းစားရမှာက ဒီလိုကြိုကြေညာထားတဲ့အတွက်
အစိုးရဘက်ကပြင်ဆင်ချိန်ကောင်းကောင်းရသွား တယ်ဆိုတာပါပဲ။

တဆက်ထဲ ဒီခရီးကြောင့်ဗမာပြည်နိုင်ငံရေးနယ်ပယ်က
အစိုးရမဟုတ်တဲ့အင်အားစုတွေအထဲမှာ မတူတဲ့ အမြင်တွေ အမျိုးမျိုး
ပေါ်လာနိုင်ပါတယ်။ ပုစဉ်းလှံဖျားနား ကျီးကန်းချေးပါတာမျိုးရှိနိုင်သလို
ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ကြည့်ပြီး ဝေဘန်တာတွေလည်းဖြစ်နိုင်ပါတယ်။
ဘေးထိုင်ဘုပြောတာတွေကတော့ မုချပေါ်လာမှာပါ။

ဒါဖြင့် အရပ်ဝတ်အစိုးရထဲမှာရော မတူတဲ့အမြင်တွေ
ပေါ်မလာနိုင်ဘူးလား။ ဒီပဲယင်း အရေးအခင်းအပြီး
မကြာခင်မှာ ဗိုလ်ခင်ညွန့် ပြုတ်သွားခဲ့တာကို
ပြန်စဉ်းစားလိုက်ရင် တန်ပြန် အကျိုးသက်ရောက်မှုတွေ မရှိနိုင်တာမဟုတ်၊
ရှိနိုင်တယ်လို့ ဆိုရမှာပါ။ အမှန်ပဲ ရာထူးဌာနန္တရ ရကာစ ပုဂ္ဂိုလ်များကတော့
ပြောဝံ့၊ လှုပ်ဝံ့မယ်မထင်ရပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ဦးသိန်းစိန် အနေနဲ့
ဘာလုပ်မယ်ဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ သူ့နောက်က ဗိုလ်သန်းရွှေတို့က
ဘာညွှန်ကြားမလဲဆိုတာကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။

တကယ်တမ်းသာ ဒီခရီးထွက်ဖြစ်တယ်ဆိုရင် အစိုးရသစ်က ဒီပဲယင်းတုန်းကလို
မလုပ်အောင် နိုင်ငံရေးအဖွဲ့အစည်း အားလုံးက ဆန္ဒတွေ ဖော်ပြသင့်ပါတယ်။
ကိုယ်နဲ့တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နိုင်ငံသားတဦးရဲ့
ဒီမိုကရေစီအခွင့်အရေးကို ကာကွယ်ရမယ့်တာဝန်ကို နိုင်ငံရေးအဖွဲ့အစည်းနဲ့
နိုင်ငံရေးသမားဆိုသူတွေက
ခေါင်းရှောင်လို့မဖြစ်ပါဘူး။ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်တုန်းက
ဒါဟာနအဖပေးတဲ့ “ဒီမိုကရေစီအခွင့်အရေး” ကို ခံစားခဲ့ကြတယ်ဆိုသူတွေဟာ ဒီလို
အရေးအခင်းကြုံလာရင် ဒီမိုကရေစီဘက်ကရပ်ပါ့မလား စောင့်ကြည့်ရပါမယ်။

ပြောရရင် ဗမာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ်နဲ့
ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသူတွေအဖို့
ဒီအရပ်သားစစ်အစိုးရက ဘာလုပ်လာမယ်ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့်
သတိကြီးကြီး ထားရကောင်းမှန်းတော့ သိကြပါတယ်။ ပြောရရင် တဖက်နဲ့တဖက်က
ရာစုနှစ်တဝက်နီးပါး ရင်ဆိုင်ခဲ့ကြတာဆိုတော့ နှစ်ဖက်စလုံးဟာ အံခွ
နေတယ်လို့တောင် ဆိုနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်
ငါညံ့လို့ခံလိုက်ရတာမျိုး ဖြစ်ရင်တော့ ဖြစ်တဲ့ဘက်က
ခံပေရော့ဖြစ်ပါလိမ့်မယ်။

၂ဝဝ၃ တုန်းက ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လူထုကိုအားကိုး၊
လူထုနဲ့အတူချီတက်ခဲတာမှန်ပေမယ့် ဗိုလ်သန်းရွှေတို့ရဲ့
ရက်စက်ယုတ်မာနိုင်စွမ်းဟာ သာမန်လူ မှန်းဆနိုင်တာထက် အဆပေါင်းများစွာ
ပိုနေတာနဲ့ ကြုံခဲ့ရပါတယ်။ ဒီတခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ
အဲဒီသင်ခန်းစာကိုယူထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သင်ခန်းစာဆိုတဲ့အထဲမှာ အရေးကြီးတဲ့တခုက လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက NLD
အင်အားထု တခုတည်းနဲ့ရင်ဆိုင်ခဲ့ တာဟာ မလုံလောက်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။
၂ဝဝ၇ သံယာ့အရေးတော်ပုံမှာ သံဃာတော်တွေချည်း လှုပ်ရှားတာ
မလုံလောက်ဘူးဆိုတာတွေ့ခဲ့ရပါပြီ။ ဒါကြောင့် တခုခုလုပ်မယ်ဆိုရင်
ကျန်တဲ့အင်အားစုတွေ၊ ပြည်သူလူထုတွေပါ ပါလာအောင်ဘယ်လို လုပ်မယ်ဆိုတဲ့
စဉ်းစားမှုအမြဲရှိသင့်ပါတယ်။

အခုလိုဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့အရပ်ဝတ်စစ်အစိုးရကို
ကြိုတင်အသိပေးထားသလိုဖြစ်နေတော့ သူ့ဘက်ကပြင်ဆင်
နေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သူ့အကွက်ထဲဝင်လာပြီလို့
တွက်နေကောင်းလည်း တွက်နေပါလိမ့်မယ်။ ဒါဖြင့် ကိုယ့်ဘက်ကရော။
အရပ်ဝတ်စစ်အစိုးရဘက်က အရင်ဒီပဲယင်းတုန်းကလို ခြေကျွံလက်ကျွံဖြစ်လာရင်
ကိုယ့်အကွက်ထဲကို ဝင်လာတာပဲလို့ ဖြစ်အောင်မပြင်ဆင်နိုင်ဘူးလား။
ဗိုလ်ချုပ်ဦးသိန်းစိန်တို့ကို မဟုတ်တယုတ် မလုပ်ဝံ့အောင် ကိုယ်က
ကြိုတင်အကြပ်ကိုင်နိုင်တဲ့ နည်းတွေမရှိဘူးလား။

ဗမာပြည်နိုင်ငံရေးရဲ့ထူးခြားချက်ကိုမေ့လို့မဖြစ်ပါဘူး။ ဗမာပြည်မှာက
အုပ်စိုးသူနဲ့အတိုက်အခံတို့ဟာ တန်းတူအား ပြိုင်နေကြတာမဟုတ်ပါဘူး။
အဘက်ဘက်မှာမတရားချုပ်ခြယ်ခံနေရတဲ့ အတိုက်အခံတွေအနေနဲ့ စစ်ရေးမှာ
လိုပဲလှုပ်ရှား မှုတခုကို ကိုယ်ပိုင်တဲ့ခွင်ထဲမှာ အကောင်အထည်ဖော်တာ၊
အသေအချာပြင်ဆင်တာ၊ အလျင်အမြန်လှုပ်ရှားတာ စတာတွေလုပ်ရမယ်လို့ထင်ပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */