“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 10, 2010

ရှမ်းခေါင်းဆောင်များအမှု ပြန်စစ်ပေးရန် ကုလသို့ တင်ပြစေလို

ကိုဝိုင်း | တနင်္လာနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းသဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရဆဲ ရှမ်းခေါင်းဆောင် ၇ ဦး၏ အမှုကို တရားနည်းလမ်းကျ ပြန်စစ်ဆေးပေးရေးအတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံ မစ္စတာ ကင်တားနားမှ တဆင့် ကုလသမဂ္ဂအား တင်ပြလိုသည်ဟု ရှမ်းပြည်နယ်ပူးတွဲ ဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူး စိုင်းလိတ်က ဆိုသည်။

ရှမ်းပြည်နယ်ပူးတွဲ ဆောင်ရွက်ရေး ကော်မတီကို စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော ရှမ်းပြည်တပ်မတော်-မြောက် (SSA-N) နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တို့ ၁၉၉၆ တွင် ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သီပေါနှင့် လားရှိုးမြို့နယ်အကြား စိန်ကျော့ဒေသတွင် အခြေစိုက်သော SSA-N တွင် အင်အား ၄ ထောင်ကျော်ရှိပြီး ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေး ရယူခဲ့သည်။

စိုင်းလိတ်က “ဒီအမှုကို နအဖ စစ်အစိုးရက အစကနေ ပြန်ပြီး သုံးသပ် စစ်ဆေးစေချင်တယ်ဗျာ။ ကုလသမဂ္ဂရဲ့ ဖိအားပေးမှုနဲ့ပေါ့။ တရားနည်းလမ်းတကျ စစ်ဆေးပါ။ အပြစ်မရှိဘူးတွေ့လို့ရှိရင် ချက်ချင်းပြန် လွှတ်ပေးပါ” ဟု ပြောသည်။

ကုလအထူးသံ မစ္စတာကင်တားနားသည် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကုလအထွေထွေ ညီလာခံတွင် တင်ပြနိုင်ရန် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ စုဆောင်းသည့်အနေဖြင့် ထိုင်းနိုင်ငံရှိ ဒီမိုကရေစီ လိုလားသော မြန်မာအတိုက်အခံ အင်အားစုများနှင့် ၆ ရက်နေ့မှစ၍ တွေ့ဆုံလျက်ရှိသည်။

ရှမ်းအမျိုးသားရေးအတွက် တစုတစည်းထဲဦးဆောင်အဖွဲ့ ” ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ”ကို ဖွဲ့စည်းမှုကြောင့် နိုင်ငံတော် သစ္စာဖောက်သည်ဆိုကာ ၂ဝဝ၅ ခု ဖေဖော်ဝါရီလက ရှမ်းခေါင်းဆောင် ၉ ဦးကို ဖမ်းဆီးပြီး ၈ ဦးကို ထောင်ဒဏ် နှစ် ၇ဝ ကျော်မှ ၁ဝဝ ကျော်အထိ ချမှတ်ကာ ၁ ဦးကို အစိုးရသက်သေ အဖြစ် လွှတ်ပေးခဲ့သည်။ ရှမ်းခေါင်းဆောင်တဦးမှာ ထောင်တွင်းမှာပင် ကွယ်လွန်သွားခဲ့သည်။

တိုက်ဆိုင်မှုတခုမှာ ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရသည့် SSA-N ၏ နာယက ဗိုလ်ချုပ်ဆေထဲန့် (၇၄ နှစ်) အား ၁ဝ ရက်အတွင်း ထောင်လေးခု ပြောင်းလိုက်ခြင်းဖြစ်ပြီး ယခုလက်ရှိ စစ်တွေထောင်သို့ ရောက်ရှိနေသည်။

ဗိုလ်ချုပ်ဆေထဲန့်သည် ဇူလိုင် ၃၁ မှစ၍ မြန်မာပြည်မြောက်ဖျားရှိ ခန္တီးထောင်မှ မုံရွာ၊ အိုးဘို၊ အင်းစိန်ထောင်များတွင် ခေတ္တနေခဲ့ရပြီး စစ်တွေထောင်သို့ အပို့ခံရသည်။

မျက်စိတိမ်စွဲကပ်နေ၍ ခွဲစိတ်ကုသရန် လိုအပ်သော ဗိုလ်ချုပ်ဆေထဲန့်ကို ထောင်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်ပြီး မိသားစုကို ကြိုတင်အသိမပေးသဖြင့် ထောင်ဝင်စာ မတွေ့နိုင်သေးဘဲ ဖြစ်နေသည်။

“အဓိကက ဆေးကုသခွင့်ရဖို့ လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျန်းမာရေးကိုစစ်၊ စစ်ပြီးတော့ လွှတ်ပေးတဲ့အထိ ကျမတို့ တောင်းဆိုချင်ပါတယ်” ဟု သမီးဖြစ်သူ နန်းခမ်းပေါင်ဝ် က ပြောသည်။

ရှမ်းခေါင်းဆောင်များထဲမှ ဦးမြင့်သန်းသည် သံတွဲထောင်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။
ခွန်ထွန်းဦး ၊ စိုင်းညွန့်လွင် ၊ ဦးသန်းလှအောင် ၊ ဗိုလ်ချုပ်ဆေထဲန့်၊ စိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညို၊ ကိုညီညီမိုး စသည့်ခေါင်းဆောင်များမှာ ပူတာအို၊ ကလေး၊ ကျောက်ဖြူ၊ စစ်ထွေ၊ မြင်းခြံ၊ ဘူးသီးတောင်၊ ပခုက္ကူ ထောင်များတွင် အသီးသီး ဆက်လက်ကျခံနေရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */