( Saturday, June 12, 2010 )
စစ်ကိုင်းတိုင်း ကလေးမြို့ ထောင်တွင် အကျဉ်းကျနေသော အရှင် ဂမ္ဘီရကို ရဲ အထူးသတင်း တပ်ဖွဲ့က ရွေးကောက်ပွဲ အပေါ်ထားရှိသည့် သဘောထားများ မေးမြန်း ခဲ့သည်ဟု သိရသည်။
“ပြီးခဲ့တဲ့လ ၆ ရက်နေ့တုန်းက တခါ၊ ၂၆ ရက်တုန်းက တခါ လာမေးတယ်တဲ့။ ဦးဇင်းကတော့ ရွေးကောက်ပွဲလုပ်တာ လုပ်သင့်တယ်။ ကောင်းတယ်။ ဒါပေမယ့် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေပါဖို့လိုတယ်လို့ ပြန်ပြောလိုက်တယ်လို့ ပြောတယ်”ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့သည့် မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။
ထို့အပြင် ထောင်မှထွက်သည့်အချိန်တွင် ဘာအလုပ်ပြန်လုပ်မည်နည်းဟုလည်း မေးမြန်းသည်ဟု ဆိုသည်။“ထောင်ကထွက်ရင်တော့ ဦးပဉ္ဇင်းက ဘုန်းကြီးပြန်ဝတ်ရုံပေါ့လို့ ပြောလိုက်တယ်တဲ့။ သူတို့က အဲ့ဒီလိုမေးတော့ လွှတ်ပေးဖို့များ စိတ်ကူးရှိလား မသိဘူး။ ဦးပဉ္ဇင်းကတော့ မသိဘူးလို့ ပြောတယ်”ဟု သူက ပြောသည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အရှင် ဂမ္ဘီရ၏ ၃၁ နှစ်ပြည့် မွေးနေ့ကို ကလေးထောင်တွင်းတွင်ပင် အလှူပေး ကျင်းပရမည်ဖြစ်ကြောင်း မိခင်ဖြစ်သူကဆိုသည်။အရှင်ဂမ္ဘီရ ဖမ်းဆီးခံရချိန်မှ စ၍ ယနေ့အချိန်ထိ မိဘများနေထိုင်သည့် မိထ္ထီလာ စက်မှုဇုန်ရှိ နေအိမ်သို့ အာဏာပိုင်များက မကြာခဏ လာရောက်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ဆဲဖြစ်သည်ဟု ဆိုသည်။
အရှင်ဂမ္ဘီရ၏ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် ယောက်ဖဖြစ်သူ ကိုမိုးထက်လျှမ်း တို့ မှာလည်း ၂၀၀၇ သံဃာ အရေးအခင်းတွင် ပါဝင်ပတ်သက်မှုများကြောင့် ဖမ်းဆီးခံကြရပြီး ရှမ်းပြည် တောင်ကြီးထောင်၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင် စသည့် နယ်ဝေးထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေကြရသည်။နာဂစ်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မလွင်လွင်မြင့် တိမ်းရှောင်နေမှုကိုလည်း လာရောက် မေးမြန်းနေသည်ဟု ဆိုသည်။
ဒေါ်ရေးက “နာဂစ်တုန်းက အလှူလုပ်တဲ့သူတွေဖမ်းတော့ သမီးက ဒုက္ခသည်စခန်းမှာရောက်နေတာပါ။ သားအမိချင်း က တော့ အဆက်အသွယ်လုပ်မှာပဲ။ စကားပြောမှာပဲ။ ဒါတော့ အပြစ်မရှိပါဘူးနော်လို့ ပြောတော့ ကျနော်တို့ မေ့သွားလို့ မေးမိတာပါ ဘာညာနဲ့ တောင်းပန်သွားတယ်။ အဖေကြီးကတော့ ညကျတော့ သွေးတွေတိုးရော”ဟု ပြောသည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၇ နိုဝင်ဘာလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။ အမှုပေါင်း ၁၇ မှုနှင့် ထောင်ဒဏ် ၆၈ နှစ် ကျခံခဲ့ရသည်။၂၀၀၈ ဇွန်လအတွင်းက အယူခံဝင်ခဲ့ရာ ထောင်ဒဏ် ၅ နှစ် လျှော့ချပေးခဲ့၍ ထောင်ဒဏ် ၆၃ နှစ်ဖြင့် ကလေးထောင်တွင် အကျဉ်းကျနေရခြင်းဖြစ်သည်။
ကလေးအကျဉ်းထောင်တွင် အရှင် ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးစိုင်းညွန့်လွင်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်၊ တောင်ကုတ် NLD စည်းရုံးရေးမှူး ကိုမင်းအောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါးရှိကြောင်း သိရ သည်။
http://jacbaburma.blogspot.com/
Rest of your post
Sunday, June 13, 2010
အရှင်ဂမ္ဘီရကို ရွေးကောက်ပွဲ သဘောထား မေးမြန်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment