“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 24, 2010

“အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု (ကျော်သူ)

ငြိမ်းချမ်းရေး စကား
ကျော်သူ ဇွန် ၂၄၊ ၂၀၁၀
လူမှုရေးလုပ်ဆောင်ရာတွင် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြု လုပ်ကိုင်ကြရသော်ငြား … အဓမ္မ၀ါဒီ၊ အတ္တသမားများကို အစဉ်တိုက်ထုတ်ပစ်ရမည် ဖြစ်ပါ၏။
လူသားတို့အတွက် လူမှုရေးသည် လူသားတို့ရဲ့ ငြိမ်းချမ်းရေးသို့ ရှေ့ရှုရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဟု ဆိုရာတွင် လူ့အသိုင်းအ၀ိုင်းရဲ့ ငြိမ်းချမ်းရေး

လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး

လူ့ဘောင်လောကကြီး၏ ငြိမ်းချမ်းရေး

ကမ္ဘာလောကကြီး၏ ငြိမ်းချမ်းရေး တို့အပြင်

မိမိ ကိုယ်ကို ငြိမ်းချမ်းမှု ရရှိစေရမည်။
မိမိ ကိုယ်ကို ငြိမ်းချမ်းပါမှ အများအတွက် ငြိမ်းချမ်းရေးကို ပေးဆပ်နိုင်မည်ဖြစ်၏။

ငြိမ်းချမ်းရေး မရှိပါက လူ့အခွင့်အရေး ဆုံးရှုံးမည်ဖြစ်သည်။

လွတ်ငြိမ်းမှု ရှိပါမှ လူ့အခွင့်အရေး အပြည့်အ၀ ရရှိမည်။

လူ့အခွင့်အရေး ပြည့်ဝပါမှ သာယာစိုပြေသော ကမ္ဘာမြေကြီးပေါ် နေထိုင်ရကျိုး နပ်မည် ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ငြိမ်းချမ်းရေးကို ခုတုံးလုပ်၍ လူမှုရေးကို ထမ်းဆောင်သည်။

လူမှုရေးကို ခုတုံးလုပ်၍ ငြိမ်းချမ်းမှုကို ဖန်တီးဖော်ထုတ်မည် ဖြစ်၏။

ငြိမ်းချမ်းရေးကို တွေ့နေရပြီ။

ငြိမ်းချမ်းမှုအရသာကို သိရှိနေရပြီ။

ငြိမ်းချမ်းမှုကို ခံစားချင်ကြပြီ။

သို့သော် … ငြိမ်းချမ်းရေးကို မဖော်ထုတ်ကြ၊ မဖန်တီးကြ၊ မတူးဖော်ကြ . . . ။

ထို့ကြောင့် … လူသားတို့ မပျော်ရွှင်ကြ၊ မလွတ်လပ်ကြ၊ စာရိတ္တများ ပျက်စီးကြ၊ သီလများ မလုံခြုံကြ၊ အတ္တသမားများဖြစ်ကြ၊ အဓမ္မ၀ါဒီကို ကျင့်သုံးနေကြခြင်း ဖြစ်သည်။

ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဖို့ … ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးအတွက် … ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ ငြိမ်းချမ်းရေးသည် … ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန ငြိမ်းချမ်းရေးသည် … ကိုယ့်အိမ်၊ ကိုယ့်မိသားစု ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်အိမ်၊ ကိုယ့်မိသားစု ငြိမ်းချမ်းရေးသည် … မိမိ ကိုယ်ကို ငြိမ်းချမ်းရေးသည် အဓိက။

ထို့ကြောင့် … မိမိ ကိုယ်ကို ငြိမ်းချမ်းမှုကို ရှာဖွေကြသော … ဘာသာတရား၊ အဆုံးအမ၊ သြ၀ါဒ၊ မြတ်ဗုဒ္ဓ၏ လမ်းညွှန်မှုတို့ကို ကျင့်သုံးရတော့မည်။

မိမိ ကိုယ်ကို တကိုယ်ရေသန့်ရှင်းမှု၊ မိမိ၏ အဖွဲ့အစည်းမှ အဖွဲ့ဝင် အားလုံး၏ သန့်ရှင်းမှု၊ စည်းကမ်းရှိမှု၊ လူ့ဝတ္တရား တာဝန်ကျေမှု၊ ဖေးမမှု၊ ပံ့ပိုးမှု၊ ပေးဆပ်မှု စသဖြင့် ဗြဟ္မစိုရ်တရား ပြည့်ဝမှု၊ လိုက်နာမှုတို့သည် အဓိကကြတော့သည်။

မိမိတို့၏ ၀န်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသူ/သားများတို့သည် ဗြဟ္မစိုရ်တရား လက်ကိုင်ထားသည့်အလျောက် အသင်းအဖွဲ့ကြီး တစ်ခုအနေနှင့် ပြည်သူလူထုအား ပေးဆပ်နေကြရုံနှင့် မပြီး။ ညင်သာ ထွေးပွေ့ပေးရုံနှင့် မပြီး … မိမိတို့၏ ၀တ်စားဆင်ယင် သပ်ရပ်မှု သည်လည်း အဓိက ပါဝင်သည်။

ထို့ကြောင့် … လိုအပ်သော သင့်လျော်မည့် ၀တ်စားဆင်ယင်မှုတို့ကိုလည်း မိမိတို့ အစဉ်အမြဲ ဖန်တီးပေးနေကြသည်။

ထို့ပြင် … မိမိတို့ထံ ဆေးဝါးလာရောက်ကုသကြသော ဝေဒနာရှင် လူနာများ၊ ငွေလှူဒါန်းရန် လာရောက်ကြသော အလှူရှင်များ၊ လာရောက်လေ့လာကြသော ဧည့်သည်တော်များ၊ ပညာရေး၊ အနုပညာရေး လာရောက်သင်ကြားကြသော မျိုးဆက်သစ် ကလေးငယ်များ၊ မိဘများတို့သည် မိမိတို့ အသင်းအဖွဲ့ တည်ရှိရာ နေရာသို့ ၀င်ရောက်လာပြီဆိုပါက … နွေးထွေးသော ကြိုဆိုမှု၊ အသင်းလုပ်ဆောင်မှုတို့ကို စိတ်ရှည်လက်ရှည် ရှင်းလင်းပြသမှု၊ လူနာတို့ကို နွေးထွေးစွာ ဆေးဝါးကုသပေးမှု၊ ကလေးငယ်တို့အား ပညာဒါန ဖြန့်ဝေပေးမှု စသည်တို့ကို မပြုလုပ်မီ . . . . အသင်းအဖွဲ့ရုံးသို့ ၀င်ဝင်လာခြင်း စိတ်ကြည်နူးမှု၊ အေးချမ်းမှု၊ သာယာစိုပြေသော ငြိမ်းချမ်းသော စိတ်အင်အားများ ဖြစ်ပေါ်လာစေရန် … မိမိတို့၏ အဆောက်အအုံ ခြံဝင်းသည် စိမ်းလန်းစိုပြေသော ကမ္ဘာလေး တစ်ခုသို့ ရောက်ရှိသွားစေရန် … စိုက်ပျိုးရေးကဏ္ဍတစ်ခုဖြစ်သော အရိပ်ရအပင်၊ အလှပန်းပင်၊ သီးပင်စားပင်များ စိုက်ပျိုးမှုများကိုလည်း လုပ်ဆောင်နေရပါသည်။

မိမိတို့ ရရှိထားသော နိုင်ငံတော်မှ ပေးထားသော မြေနေရာသည် ကြွပ်ကြွပ်အိတ် (ပလပ်စတစ်) အမှိုက်ပုံဖြစ်နေ၍ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေး ပြုလုပ်ခြင်းတို့သည် များစွာအခက်အခဲ ရှိသော်ငြားလည်း လူအင်အား၊ ငွေအင်အား၊ အချိန်ပေး၍ အမှိုက်ထဲမှ ရွှေဖြစ်အောင် လုပ်ဆောင်ရသည်မှာ မိမိတို့၏ တာဝန်ဖြစ်တော့သည်။

မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေး၊ လူ့ဘုံဘ၀တစ်ခုလုံး ငြိမ်းချမ်းရေးအတွက် ရည်စူးကာ ၁၉.၆.၂၀၁၀ (စနေ) နေ့မြတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဓာတ်မှန်ခန်း ဖွင့်ပွဲအခမ်းအနားတွင် ဂျိုးငှက်များ၊ ခိုများ၊ စာကလေးများကို ဘေးမဲ့လွှတ်ခြင်း၊ မိုးပျံပူဖောင်းများကို လွှတ်တင်ခြင်း အခမ်းအနားတွင် “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု မိမိမှ တိုင်တည်၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

ထို့ကြောင့် … ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တို့ ခိုင်မာဖို့ အရေးကြီးသည်။

အခြေခံအုတ်မြစ် ခိုင်မာစေရန် … မိမိတို့ အစဉ်သဖြင့် ကြိုးစားလျက် ရှိပါကြောင်း . . . . . ။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */