“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 23, 2010

တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်

“ရှေ့ဆက်မတက်နိုင်ကြသေးရင်တောင် နောက်ဆုတ်မပေးရအောင် တောင့်ခံထားကြဘို့တော့ လိုတယ် ”
မောင်ချင့်ချိန်

(၁)

ငါတို့ခေါင်းဆောင်၊ လူထုခေါင်းဆောင်ရဲ့ ၆၅နှစ်မြောက်မွေးနေ့လို့ တစ်ကမ္ဘာလုံးမှာ ကျင်းပခဲ့ ကြတယ် ၊ လက်ရှိ , ရှိနေတဲ့ ဗမာပြည် နိုင်ငံရေးအခြေအနေတွေအတွက် ဒီလိုအခန်းအနား တွေဟာ တစ်စုံတရာအထောက်အကူပြုလှုပ်ရှားမှုမျိုး ဖြစ်စေမှာပါ ၊ ဒါပေမဲ့ အခန်းအနား ပြီးသွားရင် ထုတ်ပြန်ချက်စာရွက်တွေ , သ၀ဏ်လွှာ ဆိုတာတွေ , ဓါတ်ပုံတွေ , ဟိုတစ သည်တစ ဟိုလူနင်းသည်လူ နင်းပြန့်ကျဲလို့ ၊ ၂၀၀၉ က မဲဆောက်မှာ လုပ်တဲ့ ၆၄နှစ်မြောက် ပွဲမှာတုန်းကဆို တခါသုံးဗူးနဲ့နန်ကြီးသုတ်ကြွေးပြီး ကြေငြာချက်တွေ တစ်ရှုးဖြစ်ကုန်ရော၊ ပွဲအပြီး အမှိုက်ပုံးထဲမှာ ပွဲထဲမှာဝေတဲ့ဒေါ်စုပုံမျက်နှာဖုံးတွေ အထပ်လိုက်။

အဲဒီလို ရာသီစာအဖြစ် ၊ သတင်းထဲပါရုံ ၀တ်ကျေတန်းကျေအခန်းအနားတွေကတော့ ဟန်ဆောင်နေကြသလိုပါပဲ၊ တကယ်လေးစား တန်ဘိုးထားရင် ဒေါ်စုလွတ်မြောက်ရေးရဲ့ အဖြေမှန်ဖြစ်တဲ့ စစ်အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲ ထိထိရောက်ရောက်ဆင်နွှဲကြရမှာ။

ခုပဲကြည့် အမေရိကန်နယူးယောက်မှာလုပ်တဲ့မွေးနေ့ပွဲမှာ စစ်အာဏာရှင်အုပ်စုဝင်တယောက် က ဒေါ်စုပုံကိုခြေနဲ့ကန်သွားပြီ ၊ အခန်းအနားက ပန်းတွေကိုနင်းသွားပြီ ၊ အဲဒီအတွက် မွေးနေ့ပွဲ ကျင်းပသူတွေကိုအပြစ်မတင်လိုပေမဲ့ နှစ်ချက်တော့ပြောချင်ပါတယ် ။

နံပါတ်တစ်က ဒီဖြစ်စဉ်ပေါ်ကနေ ဘယ်မှာဖြစ်ဖြစ်စစ်အုပ်စုကိုလျှော့မတွက်မိဘို့ သင်ခန်းစာ ယူစေချင်ပါတယ် ၊ စစ်အုပ်စုဟာ ဒေါ်စုပုံ မပြောနဲ့ ဘုရားပုံတောင်တက်နင်းဘို့ဝန်မလေးဘူး၊ သံဃာကိုတောင်ရိုက်ဘို့ဝန်မလေးဘူးဆိုတာ ၂၀၀၇ စက်တင်ဘာမှာ ကျွန်တော် တို့မြင်ခဲ့ သိခဲ့ကြပြီးပါပြီ ၊ မိမိတို့တော်လှန်ရေးအင် အားစုတွေကို လုပ်ကြံသတ်ဖြတ်တာ ၊ ရောက်ရာ နိုင်ငံရဲ့ဥပဒေတွေနဲ့ငြိစွန်းအောင် ထောင်ချောက်ဆင်တာ ၊ ဂုဏ်သိက္ခာယုတ်လျော့အောင် လုပ်တာ စသဖြင့်ဘာမဆိုလုပ်မဲ့သူတွေ ဖြစ်တယ်ဆိုတာ သတိရှိကြပါ ။

နံပါတ်နှစ်အချက်ကတော့ ဒေါ်စုဟာကျွန်တော်တို့ခေါင်းဆောင်ဖြစ်တယ် ၊ လူထု ခေါင်း ဆောင်ဖြစ်တယ် ၊ ဒေါ်စုပုံကိုကန်ပြတာဟာ မင်းတို့တော်လှန်ရေးဆိုတာကိုဒါပဲကွလို့ စော်ကား စိန်ခေါ်လိုက်တာပဲဖြစ်တယ် ၊ ပြည်တွင်းမှာလူကိုယ်တိုင်ကိုဖမ်းထားပြီး ထင်ရာစိုင်း နေရုံသာ မက ပြည်ပမှာပါထင်ရာစိုင်းတော့မယ်လို့ စစ်အုပ်စုက ရှေ့တိုးပြီးရင်းတိုးလာတာာ ဖြစ်တယ် ၊ ဒါမျိုးကို ပြီး,ပြိးရော သဘောထား ရင် နောက်ဆုတ်သထက်ဆုတ်ပေးတာမျိုးဖြစ်ပြီး အတိုက်အခံ လောက နေစရာတောင်ရှိတော့မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ဒီစော်ကားခံရမှု အတွက် ထိထိရောက် ရောက်တုန့်ပြန်ဘို့ တာဝန်ရှိသွားပြီဆိုတာ သတိပေးတောင်းဆိုချင်ပါတယ် ။

(၂)

စစ်အုပ်စုက တလှမ်းခြင်း ပါးပါလေးရှေ့တိုးခဲ့ပေမဲ့ ကျွန်တော်တို့ကနောက်ကို သိသိသာသာ ဆုတ်ပေးခဲ့ရတာချည်းပါပဲ ၊ ရှေ့နှစ်လမ်း တိုးရအောင် နောက်တစ်လှမ်းဆုတ်ပေးသလိုလိုနဲ့ မူလ ရပ်ခဲ့ရာကိုတောင် ပြန်မလှမ်းနိုင်တဲ့အခြေအနေချည်းကြုံခဲ့တာပါပဲ။

ရှစ်ဆယ့်ရှစ်နောက်ပိုင်းပေါ်လာတဲ့အဖွဲ့အစည်းတွေထဲက အများစုကယုံကြည်မျှော်လင့်ခဲ့တဲ့အဖွဲ့အစည်း တွေဖြစ်တဲ့ ပြည်တွင်းမှာဆိုရင် NLD ၊ လက်နက်ကိုင်တပ်ဖွဲ့မှာဆို ABSDF ဆိုတဲ့ အဖွဲ့တွေကိုကြည့်ပါ ၊ နှစ်ဆယ့်နှစ်နှစ်ဆိုတဲ့သက်တမ်းမှာရှေ့ကိုဘယ်လောက်တိုးနိုင်ခဲ့ပြီး နောက်ကိုဘယ်လောက်ဆုတ်ပေးခဲ့ရပါသလဲ ။

လတ်တလောအရေးအပါဆုံးအဖွဲ့အစည်းဖြစ်တဲ့ NLD ကနေ စပြောကြည့်ပါရစေ ၊ ကျွန်တော် တို့ဒီမိုအရေစီအင်အားစုအားလုံးလိုလိုက NLD ကိုတပ်ဦးပါတီအဖြစ် သဘောထားဝန်းရံခဲ့ကြ တာ စစ်အုပ်စုကသိတယ်၊ဒါကြောင့် ၁၉၈၉မှာ ဒေါ်စုကိုဖမ်းကြည့်ပြီး NLD အခြေအနေကို ကြည့်ပါတယ် ၊(တိတိပပပြောရရင် ၁၉၈၉ မတ်လမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုအရင်ဖမ်းကြည့်ပြီး ပြောပလောက်တဲ့ အုံကြွမှုမရှိဘူးဆိုမှ ဂျူလိုင်လမှာ တလှမ်းထပ်တိုးပြီး ဒေါ်စုကိုဖမ်းတာပါ)၊ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည် ဆိုတာလောက်ပဲရှိပြီး ထိထိရောက်ရောက်တိုက်ပွဲဝင်တောင်းဆိုမှုမျိုးမလုပ်တဲ့အခါမှာ စစ်အုပ်စုဟာ သူတို့ရထားတဲ့ အခြေနေကနေနောက်ပြန်မဆုတ်တော့ပဲ ဒေါ်စုကိုအကျယ်ချုပ်ချထားလိုက်ပြီး သဘောထား တင်းမာတဲ့ ခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချတာမျိုး တလှမ်းချင်းတိုးလာပါတော့တယ် ။

အဲဒီအချိန်ကNLDမှာ ပါတီဝင်အင်အားသန်းနဲ့ချီရှိနေပြီး လူ့ဘောင်သစ် ၊ ဗကသ စတဲ့ ကျောင်း သားအဖွဲ့အစည်းတွေကလဲ ၀န်းရံရှိနေခဲ့ တာပါ ၊ ၁၉၈၈မှာ ဒေါ်စုက ဗိုလ်ချုပ်အောင်ဆန်းသမီး အဖြစ်ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းမှ ထိပ်တိုက်ရင်ဆိုင်ရေးဆိုပြီး (ရဲရဲဝံ့ဝံ့) ကျောင်းသား တွေပြည်သူတွေရှေ့ကနေဦးဆောင်ခဲ့လို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာခဲ့ တာပါ ၊ ဒေါ်စုထိမ်းသိမ်းခံနေရစဉ်တလျှောက်လုံးမှာတော့ NLD ဟာ ဒေါ်စုရဲ့ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့) ထိပ်တိုက်ရင်ဆိုင်ရေးမူကို သွေဖီခဲ့ပါတယ်၊ အာဏာပိုင်တွေနဲ့ ပြဿနာနဲပြီးရော နောက်ဆုတ်အလျှော့ပေးရေးမူကိုပဲ ကျင့်သုံးခဲ့ပါတယ်၊ (ရှေ့ဆက်ရမဲ့ခရီးအတွက် အပြုသဘောပြောနေတာဖြစ်တဲ့အတွက် တချို့လူနည်းစုလေး တိုက်ပွဲဝင်ခဲ့တာကို ထောက်ပြကာဗာလုပ်မငြင်းစေချင်ပါဘူး ၊ ဗမာတစ်နိုင်ငံလုံး အဖွဲ့အစည်း အားလုံးပေါင်းမှ နိုင်ငံရေးအကျဉ်းသားနှစ်ထောင် ကျော် ကျော်ရှိ တာ၊ အဲဒီထဲက NLD အင်အား ဟာ သန်းချီရှိခဲ့တဲ့ပါတီဝင်တွေနဲ့ဆိုရင် ဘာမှမဟုတ်ပါဘူး)။

၁၉၉၀ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို ထင်မှတ်ထားတာထက်ကို ထောက်ခံခဲ့ကြ တယ် ၊ဒါပေမဲ့ NLD က ပြည်သူ့အားနဲ့ အနိုင်ကိုကိုင်ပြီးရှေ့မတိုးခဲ့ဘူး ၊ စစ်အုပ်စုကသာ အကြောင်းအမျိုးမျိုးပြအာဏာမလွှဲတဲ့အပြင် ရှေ့တလှမ်းတိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးခေါင်စဉ်နဲ့ ညောင်နှစ်ပင်အမျိုးသားညီလာခံဆိုတာကို လုပ်လာခဲ့တယ် ။ဒီကြားထဲမှာ စစ် အုပ်စုကတစ်လှမ်းခြင်းတိုးပြိး NLD ကတစ်လှမ်းခြင်းဆုတ်ပေးခဲ့တာ အများကြိး ၊ အားလုံးသိပြီး သားတွေမို့ အသေးစိတ်မပြောနေလိုတော့ ။ အချို့ဆို နောက်ဆုတ်ရင်းဆုတ်ရင်း ပြည်သူ လူထုနှင့်ဝေးရာနိုင်ငံများဆိသို့ အဝေးရောက်အစိုးရအဖြစ်ရောက်ရှိပြီး အချောင်သမားများပင် ဖြစ်နေကြလေပြီ ။

၂၀၀၈နောက်ပိုင်းမှာတော့ စစ်အုပ်စုဟာ ရှေ့ကိုခပ်ကြမ်းကြမ်းတိုးလာပါတော့တယ် ၊ ဒါဟာလဲ ၂၀၀၇ စက်တင်ဘာမှာ ဘုန်းကြီးကျောင်း တွေကို ချိတ်ပိတ် ၊သံဃာတွေကိုရိုက်နှက်သတ်ဖြတ် ထောင်ချလုပ်တာတောင်မှ ဘယ်ပါတီကမှဦးဆောင်အုံကြွမလာတဲ့အပေါ် ၊ သံဃာ တော်တွေ အပါအ၀င်နယ်စပ်ထွက်ပြေးသူတွေကလည်း ထိထိရောက်ရောက်ပြန်တိုက်ပွဲဝင်ရေးမလုပ်ပဲ ဒုက္ခသည်အဖြစ် နိုင်ငံတကာ ထွက်သွားတာမျိုးပဲလုပ်တဲ့အပေါ် အပိုင်တွက်ပြီးတိုးလာတာ မျိုးပါ ၊ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲဆိုပြီးတိုးကြည့်ပြီးနောက်မှာ ဒေါ်စုကို အိမ်ချုပ်ကနေဆိုင်းငံ့ ထောင်ဒါဏ်ဆိုတာမျိုး တိုးကြည့်တယ် ၊ ဘာမှဖြစ်မလာတဲ့နောက်မှာ ၂၀၁၀ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ဆိုတာနဲ့ နိုင်ငံရေးပါတိများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွေကို မတရား သဖြင့်ကြေငြာပြီး လုံးလုံးလျားလျားဖိတိုးလိုက်တော့တာပါပဲ ။၁၉၉၀ရွေးကောက်ပွဲကို သူတို့ ဘက်က လုံးလုံးဖျောက်ဖျက်လိုက်ပြီလို့ တရားဝင်ကြေငြာလိုက်တာပါပဲ ။

၂၀၁၀ မတ်လ ၂၉ ရက်နေ့ ၊ နိုင်ငံရေးပါတီအဖြစ် ထပ်ပြီးမှတ်ပုံတင်စရာ မလိုတော့ဘူးလို့ ဆုံးဖြတ်ချက်ချတဲ့နေ့ဟာ NLD တိုက်ပွဲဝင်ပြီ ၊ နောက်မဆုတ်တမ်းရပ်ခံပြီလို့ ယူဆစရာ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ် ၊အဖွဲ့စည်းအားလုံးကလဲ ထောက်ခံအားပေးခဲ့ပါတယ်၊ခုတော့ NLD ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အာဏာပိုင်တွေနဲ့ထိပ်တိုက်မတွေ့ရေး ၊ ပြဿနာကင်းကင်းနေထိုင် ရပ်တည်နိုင်ရေး အတွက်လားလို့တောင် စဉ်းစားစရာဖြစ်လာပါတယ် ။

စစ်အုပ်စုကတောင်ဘာမှထပ်မလုပ်ရသေးဘူး ၊ သစ္စာဖေါက်တွေက ပါတီကိုစွန့်ခွာကြတယ် ၊ တိုက်ပွဲမ၀င်ရဲသူတွေကပါတီဆိုင်းဘုတ်တွေ ဖြုတ်ထားလိုက်ကြတယ်၊လက်ကျန်လူတွေက ပါတီဆိုင်းဘုတ်သာမဖြုတ်တာ ၊ ထိပ်တိုက်မတွေ့ရေးရှောင်ရှားနေကြပြီ ၊ ပါတီဌာနချုပ် (သို့မဟုတ်)တိုင်းရုံးလိုနေရာတွေမှာလုပ်ရမဲ့ NLD ရဲ့အထွေထွေအတွင်းရေးမှုး ၊ လူထုခေါင်း ဆောင်ရဲ့မွေးနေ့ကို ရန်ကုန်မြို့စွန်(၁၀မိုင်ကုန်း) က ဒေါ်မေနှင်းကြည်အိမ်မှာပဲလုပ်တာ ၊ NLD ပါတီကြီးရှေ့ဆက်ရမဲ့ခရီးအတွက်ဆွေးနွေးပွဲကို ပါတီရုံးမှာမလုပ်ပဲ ဘဘဦးတင်ဥိး အိမ်မှာပဲ လုပ်တာတွေဟာ တိုက်ပွဲကိုရှောင်တယ်လို့ခံစားမိပါတယ် ။ ဒီလိုကိုပဲ နိုင်ငံရေးနည်းပရိယာယ် ဆိုရင်လဲ နှစ်နှစ်ဆယ် ကျော်လုံးရှေ့မတိုးနိုင်တဲ့ အခံဘက်နည်းဆိုတာသိနားလည်ပြီး ပြောင်း လဲသင့်နေပါပြီ ။

ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိပြန်လွှတ်ပေးရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကိုပြင်ဆင်ပေးရေးနှင့် အား လုံးပါဝင်နိုင်မည့် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ ၏စောင့်ကြပ် လေ့လာမှုကိုခွင့်ပြုရေး စသည့်အချက်များပါဝင်သောရွှေဂုံတိုင်ကြေညာချက်ကို လူမှုရေးလုပ် ငန်းများသာလုပ်နေရုံ၊ ပါတီမပျက်ပါဟု ပြောရရုံတွေ့ဆုံပွဲများ၊အခန်းအနားများကျင်းပနေရုံမျှနှင့် ဆက်လက်ဆုတ်ကိုင်ထားနိုင်ပါမည်လား ။ စစ်အုပ်စုကတော့ သူတို့သဘောသူတို့ဆောင်၍ မည်သည်ကိုမှမလိုက်လျောပဲ ဆက်တိုးနေလေပြီ၊် ရွှေဂုံတိုင်ကြေငြာစာတမ်း၏ဂုဏ်သိက္ခာ အတွက် NLD မည်သို့ထိမ်းသိမ်းပါမည်နည်း ။

ပင်မနိုင်ငံရေးအခြေခံမကောင်း၍ လိုအပ်ချက်များရှိလာရသော လူမှုရေးလုပ်ငန်းများအတွက် ကိုကျော်သူ၊ဦးအေးမြင့်၊မဖြူဖြူသင်းတို့ကဲ့ သို့ စေတနာ့ဝန်ထမ်းများကလုပ်ကြမှာဖြစ်ပြီး NLD ကဲ့သို့လူထုကိုယ်စားပြုနိုင်ငံရေးပါတီကြီးက အကြောင်းရင်းမှန်ဖြစ်တဲ့ နိုင်ငံရေးပြုပြင် ပြောင်း လဲရန်သာ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ် ။ ဘဘဦးတင်ဦးလို ပုဂ္ဂိုလ်ကြီးက စည်းရုံးရေးခေါင်းစဉ် ဖြင့် HIV သမားများနှင့်အတူ ထမင်းစားပြရန် ၊ ဘဘဦးဝင်းတင်လိုပုဂ္ဂိုလ်ကြီးက သစ်ပင် လျှောက်စိုက်ပြရန် မလိုတော့ပါ ။

NLD ပါတီဖြတ်သန်းခဲ့သောသမိုင်းကိုကြည့်ရင် ပါတီဝင်အများစုဟာ မူဝါဒဦးဆောင်မှု နောက်ကိုမလိုက် ၊ လူပုဂ္ဂိုလ်ဦးဆောင်မှုနောက်သို့သာ လိုက်ခဲ့ကြတယ် ၊ ထို့အတွက် ဆုံးဖြတ် ချက်အမှားများဖြစ်ခဲ့ဘူးတယ် ၊ ထို့အတွက် ပါတီဝင်အင်အားများစွာလျော့ကျသွားခဲ့ရတယ်၊ ထို့ အတွက် ပါတီကိုကျောခိုင်းပြေးသော သစ္စာဖေါက်များကြုံတွေ့ခဲ့ရတယ်၊ထို့အတွက် စစ်အုပ်စု ကိုထိထိရောက်ရောက်တိုက်ပွဲမ၀င်နိုင် အခံဘက်မှနေဆုတ်ပေးခဲ့ရတ်ာချည်းဖြစ်တယ်။ဘဘ ဦးတင်ဦး , ဦးဝင်းတင်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ် ဦးစီးဦးဆောင်ကောင်းများဖြစ်ကြ ပါတယ် ၊ သို့သော် ဒေါ်စုပင်လျှင်အသက်ခြောက်ဆယ့်ငါးနှစ်ပြည့်ပြီဖြစ်ပြီး ဘဘများကား ရှစ် ဆယ်ကျော်များဖြစ်နေကြပေပြီ ၊ နောင်မည်မျှကြာအောင် ကျန်းမာရေးကောင်းကောင်းဖြင့် စစ်အုပ်စုကိုအံတုနေနိုင်ပါမည်နည်း၊ NLD အနေဖြင့်အချိန်ရှိခိုက်ကလေးတွင် ပြတ်ပြတ်သား သား တိုက်ပွဲတရပ် လူထုကိုဦးဆောင်ဆင်နွှဲသင့်ပေပြီ ။

စစ်အုပ်စုကတော့ နောက်ထပ်ခြေလှမ်းများစွာ ထပ်တိုးတော့မည်ဖြစ်ပါတယ် ၊ ရွေးကောက်ပွဲ ပြုလုပ်ပြီး ကြံ့ဖွတ်ပါတီအား အရပ်သား အစိုးရ အဖြစ်သရုပ်ပြပါတော့မယ်၊NLD ပါတီအပြင် အခြားဆန့်ကျင်နိုင်သည့်ပါတီများကိုပါ ဖျက်သိမ်းပေလိမ့်မယ်၊(ယခုကား အချိန်တခု အခြေနေ တခု စောင့်နေခြင်းသာဖြစ်နိုင်ပြီး သေချာပေါက်လုပ်ပါလိမ့်မယ်) ၊ ဒီပဲယင်းကဲ့သို့ ယုတ်မာ ကောက်ကျစ်တဲ့နည်းနဲ့ လူသတ်ပွဲများထပ်မလုပ်ပါလို့လည်း ဘယ်သူအာမခံနိုင်ပါ့မလဲ ။

“ နောက်မဆုတ်လိုလျှင် ရန်သူကိုရှေ့မတိုးနိုင်အောင်ကာ ” ဆိုတဲ့သဘောတရားအတိုင်း စစ်အုပ်စုထင်ရာစိုင်းနေသည်ကို တားဆီးရန် အတွက် NLD ပါတီဟာ လူထုနှင့်ဒီမိုကရေစီအင် အားစုတို့၏တပ်ဦးပါတီအနေဖြင့်သော်လည်ကောင်း ၊ ကျဉ်းထဲကြပ်ထဲ ရောက်နေသည့် ပါတီ တစ်ရပ်အနေဖြင့်သော်လည်ကောင်း တိုက်ပွဲတစ်ရပ် မလွှဲမသွေဆင်နွှဲရမှာပါ ။

(၃)

လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာလဲ ကျောင်းသားတပ်မတော် (ABSDF)ရဲ့အခြေအနေက ရှေ့တိုးဘို့မပြောနဲ့ လက်နက်ကိုင်အဖွဲ့ပါလို့ပြောဖြစ်ရုံ ဆိုးဆိုးရွားရွားအခြေနေမှာရှိနေပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးကနေပေါက်ဖွားပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေဝန်းရံပေးခဲ့တဲ့ ကျောင်းသားတပ်မတော် (ABSDF) ဟာ စစ်အုပ်စုက ရန်သူလို့တန်းတူထား သတိနဲ့တိုက်ရ လောက်အောင် ရပ်တည်နိုင်ခဲ့ဘူးပါတယ် ။ ပြောပလောက်တဲ့ တိုက်ပွဲတွေ အောင်ပွဲတွေလဲ ရှိခဲ့ဘူးပါတယ် ၊ နိုင်ငံတကာမှာရောက်နေတဲ့ရဲဘော်ဟောင်းတွေက ကျွန်တော်/ကျွန်မဟာ ABSDF ကပေါ့လို့ ဂုဏ်ယူဝင့်ကြွားစွာပြောရလောက်အောင်လည်း သိက္ခာကြီးမားခဲ့တာပါ ။

နယ်မြေရပ်တည်မှုအရ တိုင်းရင်းသားတွေကိုမှီခိုခဲ့ရတဲ့ ကျောင်းသားတပ်မတော်(ABSDF)ဟာ တိုင်းရင်းသားအဖွဲ့စည်းတချို့ စစ်အုပ်စုနဲ့ အပစ်ရပ်ငြိမ်းချမ်းရေးယူပြီးနောက်မှာ အခက်အခဲ တွေစတင်ကြုံတွေ့လာခဲ့ပါတယ် ၊ ABSDF ကိုအဓိကကူညီခဲ့တဲ့ KNU တပ်စခန်းအချို့နဲ့ မာနယ်ပလောကို စစ်အုပ်စုသိမ်းပိုက်ပြီးချိန်ကနေ တဖြည်းဖြည်းဆုတ်ယုတ်ခဲ့ပါတယ်။

စစ်အုပ်စုက ရှေ့ကိုတစ်လှမ်းချင်းတိုးပြီး နယ်မြေတစ်ခုခြင်းသိမ်းလာလို့ တဖြည်းဖြည်းဆုတ် ပေးခဲ့ကြရာမှာ အဆိုးဆုံးက စိတ်ဓါတ်ရေးရာအရပါနောက်ဆုတ်လိုက်ကြခြင်းပါ ၊ လက်နက် ကိုင်ပြီးတော်လှန်မယ်လို့ ခံယူချက်ပြင်းပြင်း စိတ်ဓါတ်ပြင်းပြင်းတောခိုခဲ့ကြတဲ့ ရဲဘော်တွေက၊ ခေါင်းဆောင်တွေအကွဲအပြဲ၊ အနေအစားဆင်းရဲ၊ရန်သူထိုးစစ်ဒါဏ်လဲခံရဆိုတာမှာ လက်နက် ကိုင်ဘ၀ဆိုတာကို တဖြည်းဖြည်းစွန့်ခွာသွားကြပါတယ် ။

လက်နက်ကိုင်တော်လှန်ရေးမှာကြုံတွေ့ရတဲ့ ပင်ပန်းဆင်းရဲမှုအခက်အခဲမျိုးစုံနဲ့ ပေးဆပ်ရတာ တွေကိုဆက်ရင်မဆိုင်ချင်တော့လို့ ၊ ABSDF ရဲဘော်ဟောင်းအဖြစ် ပြတ်ပြတ်သားသား နှုတ်ထွက်ပြီး ဘယ်မှာသွားနေနေ ပြဿနာမရှိပါဘူး ၊ ကိုယ့်ကိုယ်ကိုယ် ABSDF ရဲ့ ရဲဘော်ပါ၊ ဗဟိုကော်မတီဝင်ပါဆိုပြီး မြို့တွေပေါ်မှာပဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်ပုံစံနဲ့မတူတော့ပဲ ကွဲလွဲနေ နေကြတာတွေဟာ ABSDF ကို ပျက်ဆီးဘို့ဖြစ်လာစေပါတော့တယ် ။

အထောက်အပံ့ရရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကနေသွေဖီသွားတဲ့ တပ်ပေါင်းစုမှာ ၀င်ပါပြီးနောက်မှာ ၇ပ်တည်ချက်တွေပါ တဖြည်းဖြည်းပြောင်းလဲလာပါတယ် ၊ ကိုယ့်တော်လှန် ရေးကိုယ်ယုံကြည်ရင် ဘယ်သူကအကြမ်းဖက်သမားပြောပြော လုပ်ရပ်ပြောပြော ၊ ရင်ဆိုင်ရဲ လုပ်ရဲဖြစ်ရမှာ၊ ခုတော့ မြို့ပေါ်မှာဘာဖြစ်ဖြစ် “ကျွန်တော်တို့မဟုတ်ပါဘူး၊ကျွန်တော်တို့အဖွဲ့မှာ အဲဒီလူတွေမရှိပါဘူး၊အဲဒီလိုအကြမ်းဖက်လုပ်ရပ်တွေ ကျွန်တော်တို့အဖွဲ့ကဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး” ဆိုတာမျိုး ဥက္ကဌ/အတွင်းရေးမှုးဆိုသူတွေကိုယ်တိုင်က ငြင်းတော့တာပါပဲ ၊ လက်နက်ကိုင်လမ်းစဉ်ဆိုတာ ဘာပါလဲ ၊ မြို့တွေပေါ်မှာ မိသားစုတွေနဲ့အေးဆေးနေပြီး ၊ အရက်ကလေးသောက်ချင်တဲ့အခါသောက် ၊ဟိုဒီစားသောက်ဆိုင်တွေသွားလုပ်နေတာတွေက လက်နက်ကိုင်လမ်းစဉ်လား ။

နှစ်ဆယ့်နှစ်နှစ်ဆိုတဲ့ကာလမှာ ABSDF ဟာတဖြည်းဖြည်းဆုတ်ယုတ်လာနေပါတယ်၊ မြန်မာ ပြည်အောက်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ရေးဘိတ်ထားဝယ်ကနေ အထက်ပိုင်းကချင်ပြည်နယ် အထိ အင်အားသောင်းနဲ့ချီရှိခဲ့ရာကနေ ခုတပ်ရင်းဘယ်နှရင်းပဲရှိပါတော့လဲ ၊ တပ်ရင်းတစ်ရင်း စီမှာရော စစ်တိုက်နိုင်တဲ့အင်အား(ဖွဲ့စည်းပုံ)ဘယ်နှစ်ယောက်ပဲရှိပါတော့လဲ ၊ စစ်တိုက်ဘို့ လက်နက်အင်အားကရော ဘယ်လောက်ပဲရှိပါတော့လဲ ၊ တစ်လတစ်လ တောတွင်းလက်နက် ကိုင်စခန်းကို စစ်လက်နက်ရိက္ခာဖြည့်စည်းမှု ဘယ်လောက်ပဲလုပ်နိုင်ပါတော့လဲ ။

ကျောင်းသားတပ်မတော်ရဲ့ဂုဏ်သိက္ခာ ၊ ABSDF တပ်ဖွဲ့ဝင်တွေရဲ့ဂုဏ်သိက္ခာ ပြန်လည်မြှင့် တင်သင့်ပါပြီ ၊ ဗမာပြည်နိုင်ငံရေးခရီးကား လက်နက်ကိုင်လမ်းစဉ်မပါပဲ စစ်အုပ်စုနှင့်တန်းတူ အခြေအနေ လုံးဝ မဖြစ်နိုင်ပါ ၊ သို့ဖြစ်ပါ၍ မဲဆောက် , မဲစရီးယန်းနှင့် ဒုက္ခသည်စခန်း တွေ မှာ ရောက်နေတဲ့ တပ်ဖွဲ့ဝင်တွေပြန်စုစည်းပြီး လက်နက်ကိုင်အင်အားအဖြစ်ပြန်ရှိစေခြင်း ၊ မဲဆောက် ,မဲစရီးယန်း,ချင်းမိုင်,ဘန်ကောက် စတဲ့မြို့တွေပေါ်က ဗဟိုကော်မတီဝင်တွေကို ရံပုံ ငွေရှာဖွေရေးနဲ့ ထောက်ပို့တာဝန်အတွက် သီးသန့်ထားမဲ့သူကလွဲရင် တပ်ကိုအနီးကပ်ဦးစီးနိုင် တဲ့စခန်းတွေမှာနေထိုင်ဘို့ တာဝန်အဖြစ် ပြတ်ပြတ်သားသားညှိနှိုင်းရပါမယ်။ တိုင်းရင်းသား အင်အားစုများနှင့် ညှိနှိုင်း၍ ထိုးစစ်များဆင်နိုင်ရန် ကြိုးစားကြသင့်ပါတယ် ။

မျှစ်ချိုးစား ၊၀ါးရင်းတုတ်ဖြင့်စစ်သင်တမ်းတက် ၊ရန်သူ့လက်နက်ကိုယ့်လက်နက် ၊ရန်သူ့ရိက္ခာ ကိုယ့်ရိက္ခာ ကြွေးကြော်တိုက်ပွဲဝင်ခဲ့ပြီး ၂၂နှစ်ဖြတ်သန်းနိုင်ခဲ့ပြီးကာမှ ဖွဲ့တည်ခဲ့တဲ့ကာလ ကထက် ဆိုးသောအခြေအနေမျိုးမရောက်စေလိုတော့ပါ ၊ တော်လှန်ရေးတစ်ရပ်လုံးရဲ့ အခြေ အနေအရ ရန်သူစစ်အုပ်စုအား ထိုးစစ်များမဆင်နိုင်သေးလျှင်တောင် မိမိတပ်များအခြေအနေ ယိုယွင်းလျော့ပါးမသွားစေရန် အထူးသတိထားတည်ဆောက်ကြရမဲ့အချိန် ရောက်နေပါပြီ ။

တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

1 comments:

New World said...

It was good essay but we should understand their side (revolution). If we want to improve ABSDF, we should support them.

 
----------------------------------------- */ /* EOT ----------------------------------------- */