“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 13, 2010

ရန်ကုန်က အနှိပ်ခန်းပေါက်ဈေး

ပေးပို့ သူ ကိုကို(မြန်မာပြည်) ။သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတုန်း ရောက်တတ်ရာရာ စကား
ပြောကြရင်းက အခုနှစ်ထဲ ရန်ကုန်မြို့မှာ အနှိပ်ခန်းတွေ ပေါလာတယ်ဆိုတဲ့
အကြောင်းကို ရောက်သွားတယ်။ စီးပွားရေး အကျပ်အတည်း ဖြစ်နေချိန်မှာ
အနှိပ်ခန်းတွေ မှိုလိုပေါက်လာတာ စီးပွားရေးအရ တွက်ခြေကိုက်လို့လား
ဆိုတာကိုပြောဖြစ်ကြတယ်။ အဲဒါနဲ့ ဆက်နွယ်ပြီးတော့ အဲဒီ လုပ်ငန်းက
မိန်းကလေးတွေရဲ့ ၀င်ငွေမမာဏ နောက်ပြီး ဘာကြောင့် အနှိပ်ခန်းတွေမှာ
မိန်းကလေးတွေ အလုပ်လုပ်ကြသလဲ ဆိုတဲ့ အကြောင်းတွေ အထိ ရောက်ကုန်ကြတယ်။
အနှိပ်သမမိန်းကလေး တစ်ယောက်ရဲ့လခဟာ တစ်သောင်းကျပ်ပဲ ရှိပါတယ်။ တစ်နာရီစာ
တစ်ဆက်ရှင်(section) ကျပ် ၃,၀၀၀ အထဲကနေ ကျပ် ၅၀၀ ကော်မရှင်ရပါတယ်။ အခြေခံ
လစာက အမှန်တကယ် ၀င်ငွေရဲ့ ၁၀ ပုံ ၁ ပုံ သာသာပဲ ရှိပြီး ကျန်တဲ့ ၉ပုံက
ဧည့်သည်က စေတနာရှိလို့ ပေးခဲ့တဲ့ မုန့်ဖိုးငွေရယ် ဆက်ရှင် အလိုက်ရတဲ့
ကော်မရှင်ခရယ် ကြောင့်သာ သူတို့ ရပ်တည်နေနိုင်ကြတာ ဖြစ်ပါတယ်။ တစ်ချို့
ဧည့်သည်တွေက တစ်ပြားမှ မပေးတတ်ကြသလို့ တစ်ချို့ကလည်း သဘောကျရင်ကျသလို
လေးငါးထောင်အထိ ပေးတတ်ကြပါတယ်။
အနှိပ်ခန်းမှာ အချိန်မှတ်ဖို့နဲ့ တောက်တိုမယ်ရ ခိုင်းဖို့ ၀ိတ်တာ
တစ်ယောက်တော့ အနည်းဆုံး ထားကြပါတယ်။ ၀ိတ်တာ ၁၀ ယောက်ထက် မနည်း ခန့်ထားတဲ့
အနှိပ်ခန်း အကြီးကြီးတွေလည်း ရှိပါတယ်။ ၀ိတ်တာ တစ်ယောက်ရဲ့လခဟာ ကျပ်
၃၀,၀၀၀ ရှိပါတယ်။ ဧည့်သည်တွေ ဘီယာဝယ်ခိုင်း၊ အမြည်းဝယ်ခိုင်းရင် ရတတ်တဲ့
မုန့်ဖိုးရယ် အနှိပ်သမ မိန်းကလေးတွေက နေ့လယ်နေ့ခင်း မုန့်စားချင်လို့
ထွက်ဝယ်ခိုင်းရင်လည်း မုန့်ဖိုး ရတတ်ပါတယ်။ အနှိပ်သမ မိန်းကလေးတွေက
နေ့လယ် နေ့ခင်းမှာ အရေးမကြီးဘဲ အပြင် မထွက်လိုကြတာကြောင့် ၀ိတ်တာတွေကို
မုန့်ဝယ်ခိုင်းလေ့ ရှိကြပါတယ်။
ဆိုင်အမျိုးမျိုး ဘ၀အထွေထွေ
ရန်ကုန်မြို့က အနှိပ်ခန်းအများစုက နှိပ်တာထက်ကျော်လွန်တဲ့ ၀န်ဆောင်မှုကို
ဧည့်သည် စိတ်တိုင်းကျအောင် ပေးတတ်ကြပါတယ်။ တစ်ချို့ အနှိပ်ခန်း
မန်နေဂျာက(ဂျာကြီးလို့ အများက ခေါ်ကြသည်) မသိမသာခွင့်ပြုသလို
တစ်ချို့ဂျာကြီးများက သူတို့ ကိုယ်တိုင်က လိုလိုလားလား
ခွင့်ပြုထားတတ်ကြတယ်။ ဧည့်သည် ငြိုငြင်လို့ ပြန်ထွက်သွားရင် အဲသည့်
မိန်းကလေးကတော့ နားရင်း အုပ်ခံရပြီသာမှတ် ဆိုတဲ့ ဆိုင်တွေလည်း ရှိတယ်။
တစ်ချို့ ဆိုင်တွေမှာတော့ ပိုင်ရှင်က မိန်းကလေးတွေကို လခ အပြည့်
မပေးချင်လို့ စည်းကမ်း မျိုးစုံ ထုတ်ထားတာမျိုး လည်းရှိတယ်။
ဥပမာ - ကွန်ဒွန် တစ်ခုတွေ့ရင် ဒဏ်ငွေ ငါးရာ၊ ဧည့်သည်ပြန်သွားလို့
အိပ်ယာတွေ သေသေချာချာ ပြန်မခင်းခဲ့ရင် ဒဏ်ငွေငါးရာ၊ ဖုန်းပြောတာ
သုံးမိနစ်ထက် ကျော်သွားရင် ဖုန်းဖိုးပေးရတာ၊ အပြင်ထွက်တာကြာရင်
ဒဏ်ငွေတပ်တာ… စသဖြင့် လခဖြတ်တဲ့ နည်း မျိုးစုံကို သုံးတာပါ။
ကွန်ဒွန်တွေ့ရင် ငါးရာ ဆိုပေမယ့် မတွေ့အောင် လုပ်မယ် ဆိုရင်တော့ သိသာသိစေ
မမြင်စေနဲ့ဆိုတဲ့ ပုံစံမျိုးနေတတ်ကြတယ်။ အဲသည်လို ဆိုင်တွေမှာ ၀ိတ်တာနဲ့
အနှိပ်သမတွေကြားထဲမှာ ပြဿနာတွေ ရှိတတ်ပါတယ်။ ၀ိတ်တာနဲ့ အနှိပ်သမကြားထဲက
ပြဿနာကို နည်းနည်းလောက် ကြည့်ရအောင်။
ဂျာကြီးက ကွန်ဒွန်မမြင်ချင်တဲ့ဆိုင်တွေမှာ ဧည့်သည်နဲ့ အနှိပ်သမ
နေဖို့ထိုင်ဖို့ အဆင်ပြေလာတဲ့အခါ ၀ိတ်တာက တစ်ခုကို ငါးရာကျပ်နဲ့
ကွန်ဒွန်ရောင်းပါတယ်။ သက်သေခံ ဖျောက်ဖျက်ဖို့တော့ အနှိပ်သမက တာဝန်
ယူရပါတယ်။ တစ်ချို့ဝိတ်တာက ဧည့်သည်နဲ့ အနှိပ်သမကြားမှာ အဆင်ပြေပြေ
ဖြစ်အောင် အကျိုးဆောင်ပေးတတ်ကြပါတယ်။ ၀ိတ်တာကကြည့်မရတဲ့ အနှိပ်သမ ဆိုရင်
သူကိုယ်တိုင် ရောင်းထားတဲ့ ကွန်ဒွန်ကိုပဲ အခွံတွေ့ပါတယ် ဆိုပြီး
ဂျာကြီးကို ပြန်ပြီး ချွန်တွန်းလုပ်တတ်ပါတယ်။ အဲသည်လိုနည်းနဲ့
လခဖြတ်တာကို မခံချင်တဲ့ မိန်းကလေးတွေကတော့ ဖရီးကစ်(အကာအကွယ်မဲ့
ထိမှန်ခြင်း) နဲ့ပဲ တွေ့ကြရတော့တာပေါ့။ လခတစ်သောင်း ဆိုတော့လည်း
ဧည့်သည်ဆီကအပိုဝင်ငွေရအောင် လုပ်ယူကြရတဲ့သဘော ရှိပါတယ်။ ဒါကလည်း
အနှိပ်သမတိုင်းကို မဆိုလိုပါဘူး။ တစ်ချို့ကလည်း ကိုယ်သဘောကျတဲ့
ဧည့်သည်ကို မွေးထားပြီး နည်းနည်းစီ ဖဲ့ယူတတ်ကြပါတယ်။
သွားရောက် ပညာပေးသင့်သည့် နေရာ
သည်နေရာမှာ ကျွန်တော့်သူငယ်ချင်းရဲ့သဘောထားက အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ် ကာကွယ်ရေးနဲ့ သားဆက်ခြား ပညာပေး လုပ်ငန်းတွေ လုပ်နေတဲ့
အဖွဲ့တွေကို သည်လိုနေရာတွေမှာ သွားရောက် ပညာပေး စေချင်တယ်လို့ ဆိုပါတယ်။
တကယ်တော့ အခြေအနေကို အမှန်အတိုင်း ၀န်ခံလေ့မရှိတဲ့ မြန်မာစစ်အစိုးရ
လက်ထက်မှာ တော်တော်ခက်ခဲတဲ့ အလုပ်ပဲဖြစ်ပါတယ်။ အခြေအနေမှန်ကို ၀န်မခံ၊
လက်မခံတော့ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို အားလုံး ခံစားကြရမယ့်
သဘောမျိုး ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၉ ခု နှစ်ကုန်ပိုင်းလောက်က ပုဇွန်တောင်မြို့နယ်မှာ
အမျိုးသမီးရေးရာက ကြီးမှူးဖွင့်လှစ်တဲ့ ယဉ်ကျေးလိမ္မာ သင်တန်းကို
ရပ်ကွက်တိုင်း စီမံချက်နဲ့တက်ခိုင်းတော့ ရပ်ကွက်လူကြီးတွေက သူတို့
အနိုင်ကျင့်လို့ရတဲ့ အနှိပ်ခန်းတွေကို ဖိအား ပေးတာကြောင့်
အနှိပ်ခန်းဂျာကြီးတွေက တစ်ရက်ကို အနှိပ်သမ နှစ်ယောက်စီ အလှည့်ကျစေလွတ်
ပေးခဲ့ရပါသေးတယ်။ အဲသည့်သင်တန်းမှာတော့ ကျန်းမာရေး ပညာပေး
တွေမပါဝင်ခဲ့ပါဘူး။
နူရာဝဲစွဲ လဲရာ `ရဲ´တောင်း
အနှိပ်သမနဲ့ ၀ိတ်တာတွေ ၀င်ငွေပြီးတော့ အနှိပ်ခန်းကိုရင်းပြီး
စားနေသူတစ်ဦးရဲ့ဝင်ငွေကိုလည်း ပြောဖို့လိုလာတာပေါ့။ အဲဒါကတော့ ပြည်သူ့ရဲ
ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေတဲ့ ယူနီဖောင်းဝတ်
လက်နက်ကိုင်အဖွဲ့အစည်းပါပဲ။ အနှိပ်ခန်းအကြီးအသေး ပေါ်မူတည်ပြီး တစ်လကို
ကျပ် ငါးသိန်းကနေ ဆယ်သိန်းအထိ ဆက်ကြေးပေးရပါတယ်။ စီမံချက်ကာလ ဆိုရင်တော့
သူတို့ကအရင်ဆုံး သတင်းပေးပြီး အနှိပ်ခန်းတွေကို ယာယီ ပိတ်ခိုင်းထားတဲ့
တာဝန်ကိုယူပါတယ်။ ရပ်ကွက်ထဲကပြည်သူတွေ ဘာပြောပြော
အနှိပ်ခန်းတွေနဲ့ပတ်သက်ပြီး မသိချင်ယောင်ဆောင် တတ်တဲ့
မျက်နှာပြောင်တိုက်တဲ့ တာဝန်ကိုလည်းယူပါတယ်။ အနှိပ်ခန်းထဲက
သူတို့သဘောကျတဲ့ မိန်းကလေးတွေကိုလည်း ဘယ်ဧည့်သည်နဲ့မှ ပေးမ၀င်ရအောင်လည်း
စေတနာပိုပိုနဲ့ တာဝန်ယူတတ်ပါသေးတယ်။
အနှိပ်ခန်းတွေဟာ ပြည့်သူ့ရဲနဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းများကို
တဘက်တလမ်းက ထောက်ပံ့ရေး တာဝန် ယူထားတဲ့ ထောက်ပို့ စီးပွားရေး လုပ်ငန်း
ဖြစ်လို့ နေပါတယ်။ ပြည်သူ့ရဲ၊ စရဖနဲ့ အခြားလုံခြုံရေး အုပ်ချုပ်ရေး
တာဝန်ယူတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေရတဲ့ စီးပွားရေး နယ်ပယ်ကြီး
ဖြစ်ပါတယ်။ ဒါကြောင့်လည်း အညိုရောင် စီးပွားရေးလို့ ခေါ်တာပါ။
တရားဝင်ဟုတ်လားဆို မဟုတ်ပေမယ့် နေရာတိုင်းမှာ ကျယ်ပြန့်စွာ တည်ရှိနေတဲ့
အညိုရောင် စီးပွားရေး တစ်ရပ်ပါ။
အနှိပ်ခန်းဖွင့်ဖို့ အိမ်ခန်းငှားခကတော့ နေရာပေါ် မူတည်ပြီး
ကျပ်သုံးသိန်းကနေ ငါးသိန်းအထိ ရှိတတ်ပါတယ်။ ဒီလောက် ပေးနေရတာတောင်
အနှိပ်ခန်း ဖွင့်တဲ့သူတွေ ပေါလာတာ ဘာကြောင့်များပါလဲ။ အနှိပ်ခန်းတွေက
ရှာဖွေနိုင်တဲ့ ၀င်ငွေ ကိန်းဂဏန်းတွေကို ကျွန်တော့် သူငယ်ချင်းနဲ့အတူ
တွက်ချက်မိကြတယ်။
အနည်းဆုံး အနှိပ်သမ ၆ ယောက်ရှိတဲ့ အနှိပ်ခန်း တစ်ခန်းကို
နမူနာပုံစံယူပြီး တွက်ချက်ကြည့်ကြတာပါ။ ဘာကြောင့်လဲ ဆိုတော့
အနှိပ်ခန်းတစ်ခန်းမှာ အနည်းဆုံးတော့ ၆ ယောက်လောက်ရှိမှ လည်ပတ်လို့
ရတာကိုး။ ဘာကြောင့် အသေးဆုံး အနှိပ်ခန်းကို နမူနာတွက်ချက်ကြည့်တာလဲ
ဆိုတော့ အနှိပ်ခန်းတွေရဲ့ အနိမ့်ဆုံးဝင်ငွေကို သိချင်လို့ပါပဲ။
သူတို့တွေရဲ့ ၀င်ငွေ
တစ်ရက်ကို ၂၄ နာရီရှိတဲ့အထဲက မိန်းကလေးတစ်ယောက် တစ်ရက်ကို ရှစ်နာရီ စာပဲ
ဧည့်သည်ရတယ်လို့ ဆိုပါစို့…။ တစ်ချို့ဧည့်သည်တွေက ညလုံးပေါက်နေတတ်ကြသလို
တစ်ချို့ကလည်း သုံးလေးဆက်ရှင် နေတတ်ကြပါတယ်။ ပူအိုက်တဲ့ရာသီမှာ အိမ်မှာ
ပူပူလောင်လောင် အိပ်မယ့်အစား အဲကွန်းနဲ့ ကောင်မလေးတွေနဲ့
သွားအိပ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အချို့ကတော့
ရဲတွေလုံခြုံရေးတွေရဲ့ ရန်ကိုရှောင်ချင်လို့ အိမ်မှာ မအိပ်ဘဲ ရှောင်တဲ့
အနေနဲ့ ညဘက်မှာ အနှိပ်ခန်း သွားအိပ်တဲ့သူလည်း ရှိပါတယ်။ ၂၀၀၇ စက်တင်ဘာ
နောက်ပိုင်း နိုင်ငံရေးအရ ရှောင်တိမ်းသူ အချို့တောင်
အဲလိုအနှိပ်ခန်းတွေကို ညဘက်မှာ လုံခြုံဘေးကင်းရာ အဖြစ်
အသုံးပြုခဲ့ကြတယ်လို့ ကြားဖူးပါတယ်။
တစ်ရက်ကို ရှစ်နာရီနဲ့ အနှိပ်သမ ၆ ယောက် ဆိုရင် ၄၈ နာရီစာ
ဝင်ငွေရှိပါတယ်။ တစ်လကို ၁,၄၄၀ နာရီစာ ၀င်ငွေရှိတယ်။ တစ်နာရီကို ကျပ်
၃,၀၀၀ နဲ့ မြှောက်ကြည့်လိုက်ရင် တစ်လကို ၄၃သိန်း ကျော်ရရှိမှာပါ။ အဲသည်
အထဲကမှ အိမ်ခန်းငှားခ ငါးသိန်း၊ ရဲကြေး ငါးသိန်း နဲ့
ဝန်ထမ်းတွေပေးရတဲ့လခနဲ့ဆက်ရှင်ကြေး ရှစ်သိန်းခွဲလောက်ကို
နှုတ်ကြည့်လိုက်ရင် သူ့ဆီမှာ သိန်းနှစ်ဆယ် အစိတ်က အသားတင် ကျန်နေတာကို
တွေ့ရပါတယ်။
ဒါဟာ အသေးဆုံးအနှိပ်ခန်းလေး တစ်ခုရဲ့ဝင်ငွေပဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ
အနှိပ်သမ ၇၀ ကျော်နဲ့လည်ပတ်နေတဲ့ ကေတီဗီနဲ့ အနှိပ်ခန်း အကြီးစားကြီးတွေ
လည်းရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း ဦးရေကတော့ ခန့်မှန်းခြေ
သုံးထောင်ရှိတယ်လို့ ပြည်ပသတင်းဌာန တစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆိုင်တစ်ဆိုင် တစ်လ၀င်ငွေ (လည်ပတ်ငွေ) ၄၃ သိန်း နဲ့ တွက်ကြည့်မယ်ဆို
တစ်လကို သိန်း တစ်သိန်း ၂သောင်း၊ ၃သောင်းလောက် လည်ပတ်နေတဲ့ စီးပွားရေး
ကဏ္ဍတစ်ခုလို့ ဆိုနိုင်ပါတယ်။
အောက်မှာ အသေးဆုံးအနှိပ်ခန်းရဲ့ဝင်ငွေကို အနည်းဆုံးခန့်မှန်းခြေနဲ့
ဖော်ပြပေးလိုက်ပါတယ်။

မှတ်ချက်။ ။ စီးပွားဖြစ်လုပ်ကိုင်လိုသူများ တိုးပွားလာစေရန်
တွက်ချက်ပေးခြင်းမဟုတ်ပါ။

အနှိပ်သမ ခြောက်ယောက်ရှိသော အနှိပ်ခန်းမှတစ်လ၀င်ငွေ
စဉ်

အမျိုးအစား

အရေအတွက်

စုစုပေါင်း


အနှိပ်သမများတစ်ရက်ဝင်ရသောဆက်ရှင်

၈နာရီ x ၆ယောက်

၄၈နာရီ


အနှိပ်သမများတစ်လ၀င်ရသောဆက်ရှင်

၄၈နာရီ x ၃၀ရက်

၁၄၄၀နာရီ


အနှိပ်ခန်းတစ်လ၀င်ငွေ

၁၄၄၀နာရီ x ၃,၀၀၀ကျပ်

၎,၃၂၀,၀၀၀ ကျပ်

အနှိပ်သမ ခြောက်ယောက်ရှိသော အနှိပ်ခန်းမှ ထွက်ငွေများနှုတ်ပြီး လက်ကျန်ဝင်ငွေ
စဉ်

အမျိုးအစား

တန်ဖိုး

ဝင်ငွေမှခြားနားမှု

လက်ကျန်ငွေ


အိမ်ငှားခ

၅၀၀,၀၀၀

၎,၃၂၀,၀၀၀- ၅၀၀,၀၀၀

၃,၈၂၀,၀၀၀


အနှိပ်သမလခ

၆ယောက်x၁၀,၀၀၀= ၆၀,၀၀၀

၃,၈၂၀,၀၀၀- ၆၀,၀၀၀

၃,၇၆၀,၀၀၀


ဝိတ်တာလခ

၃၀,၀၀၀

၃,၇၆၀,၀၀၀-၃၀,၀၀၀

၃,၇၃၀,၀၀၀


အနှိပ်သမဆက်ရှင်ကြေး

၁၄၄၀ နာရီx ၅၀၀= ၇၂၀,၀၀၀

၃,၇၃၀,၀၀၀-၇၂၀,၀၀၀

၃,၀၁၀,၀၀၀


ပြည်သူ့ရဲကြေး

၅၀၀,၀၀၀

၃,၀၁၀,၀၀၀-၅၀၀,၀၀၀

၂,၅၁၀,၀၀၀


စုစုပေါင်းလက်ကျန်ဝင်ငွေ

၂,၅၁၀,၀၀၀
Rest of your post

1 comments:

Unknown said...

အနှိပ်ခန်းရှိတာက ရှိတာပေါ့၊ သွားတဲ့ လူတွေမှာလည်း တာဝန်ရှိပါတယ်။ စီးပွားရေးကြောင့် အနှိပ်ခန်းဖွင့်တယ်၊ ပိုက်ဆံရှာရခတ်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်၊ ဒါတွေကို ကြည့်ချင်းအားဖြင့် မြန်မာပြည်သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။

 
----------------------------------------- */ /* EOT ----------------------------------------- */