ထိန်လင်း
ဖေဖော်ဝါရီ ၁၊ ၂၀၁၀
တိုင်းပြည်တစ်ခုဟာ အာဏာရှင်စနစ်အောက်ကို ရောက်နေမယ်၊ အာဏာရှင်တွေရဲ့ အုပ်စိုးတာ ခံနေရမယ်ဆိုရင် နိုင်ငံရေးလွတ်လပ်ခွင့်ကနေကျန်တဲ့အခွင့်အရေးအားလုံး ဆုံးရှုံးရမှာဖြစ်ပါတယ်။ အဲဒီလိုဆုံးရှုံးရတဲ့အခါ အခြေခံ အခွင့်အရေးတွေနဲ့အတူ လူတွေရဲ့
ကိုးကွယ်ယုံကြည်မှုတွေကိုပါ ထိပါးနှောင့်ယှက်တာ ခံရပါတယ်။
လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တွေကိုသာမကဘာသာရေးခေါင်းဆောင်များကိုပါ နှိပ်စက်ကလူ ပြုတတ်ပါတယ်။ အထူးသဖြင့်အရာရာကို မျက်မှန်စိမ်းတပ်ပြီး ကြည့်တဲ့သဘောမျိုး ဘယ်လူပုဂ္ဂိုလ်ဘယ်အရာကို ကြည့်ကြည့် ‘နိုင်ငံရေး’ဆိုတဲ့ ခေါင်းစဉ်နဲ့ကြည့်တဲ့သဘောတွေကြောင့် အခွင့်အရေးချိုးဖောက်မှုတွေက လိုအပ်တာထက် ပိုမိုဆိုးဝါးတာကို တွေ့ရမှာဖြစ်ပါတယ်။
အာဏာရှင်က သူ့ရဲ့အကျိုးစီးပွားနဲ့ အာဏာပါဝါကို ကာကွယ်တယ်၊ စစ်တပ်ကသူ့ရဲ့တပ် မပြိုကွဲအောင် မကျဆုံးအောင် ကာကွယ်တယ် ဆိုရင်ကိုးကွယ်ယုံကြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကလည်း မိမိတို့ရဲ့ ဘာသာသာသနာ မပျက်စီးအောင်၊ တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရမှာပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ သံဃာ့အာဇာနည်များဟာလည်း ဒီလိုထိန်းသိမ်းကာကွယ်ခဲ့သူတွေ ဖြစ်ကြပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ဟာ ပြီးခဲ့တဲ့ ၂ နှစ်က သံဃာတော်များအပေါ် အာဏာပိုင်တွေ ကအကြမ်းဖက်ခဲ့တဲ့နေ့ဖြစ်သလို စက်တင်ဘာလ ၉ ရက်နေ့ဟာလည်း ဆရာတော် ဦးဥတ္တမကိုဂုဏ်ပြု သတ်မှတ်ထားတဲ့ ‘ဦးဥတ္တမနေ့’ ဖြစ်ပါတယ်။ ဒီ ၂ ရက်ဟာ အတိတ်ကအာဏာရှင်တွေနဲ့ မျက်မှောက်ခေတ် အာဏာရှင်တွေကြောင့် ပေါ်ပေါက်လာတဲ့အထိမ်းအမှတ်နေ့ရက်တွေ ဖြစ်ပါတယ်။ ဒီတော့ ဒီ ၂ ရက်နဲ့ ဆက်စပ်ပြီးအတိတ်နဲ့ပစ္စုပ္ပန်ကို ရောယှက်တွေးတောမိပါတယ်။
အရင်ဆုံး အတိတ်က ဘီလူးသဘက်လို ကြောက်ရွံ့မုန်းတီးခဲ့တဲ့ကိုလိုနီအစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ပေါ်ပေါက်လာခဲ့ရတဲ့ သံဃာ့အာဇာနည်များအကြောင်းသမိုင်းနဲ့အတ္ထုပ္ပတ္တိစာအုပ်တွေမှာ ရှာဖွေကြည့်မိပါတယ်။ အင်္ဂလိပ်ခေတ် မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပထမဆုံး အပြစ်ပေးခံခဲ့ရသူက ဆရာတော်ဦးဥတ္တမဖြစ်တယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ အင်္ဂလိပ်ဘုရင်ခံကို ‘ကရက်ဒေါက် ထွက်သွား’လို့ မောင်းထုတ်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမကို ၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာမှာ ‘လိပ်အခွံနွှာရမည်’ဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောတဲ့အတွက် မတ်လ ၃၁ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆူးကလပ်ရွာကနေ ထွက်ကတည်းက သံကြိုးစာ ပို့ပြီးအထက်က ဖမ်းခိုင်းခဲ့တာဖြစ်ပေမယ့် ဆရာတော်ကို ကျောင်းကုန်းမြို့ ရောက်မှဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကို ဖမ်းဖို့ ကျောင်းကုန်းတိုက်ပိုင်အင်စပက်တော် ဦးထွန်းငြိမ်းက ဌာနာအုပ်ကို စေခိုင်းခဲ့တာဖြစ်ပေမယ့် တရားဟောနေတုန်း မဖမ်းဖို့၊ တည်းခိုတဲ့အိမ် ရောက်မှ ဖမ်းဖို့၊ ဖမ်းတဲ့အခါမှာ လည်း အမိန့်စာကို ရိုရိုသေသေ ပြပြီးမှ ဖမ်းဖို့နဲ့ ပုလိပ်ယူနီဖောင်း ဝတ်မသွားဖို့ စသဖြင့် မှာကြားပြီးမှ ဖမ်းခိုင်းခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ဆရာတော်ကို ထောင်ဒဏ် ၁ နှစ် ကျခံစေခဲ့ပါတယ်။
ဆရာတော်ကို တရားစွဲပြီး အမှုစစ်ဆေးနေတုန်း လပြည့်လကွယ်တွေမှာဥပုသ်ပြုခွင့်တွေ ပေးခဲ့လို့ ထောင်ချုပ်ချ ရာ မအူပင်ထောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ ကျောင်းတိုက်တစ်ခုဆီ သွားရောက် ဥပုသ်ပြုနိုင်ခဲ့ပေမယ့် အကျဉ်းချလိုက်တဲ့နေ့ကစပြီး သင်္ကန်းကိုချွတ်ပြီး ထောင်ဝတ်ထောင်စားကို ဝတ်စေခဲ့တာဖြစ်ပါတယ်။ ထောင်က
ပြန်ထွက်လာပြီးတဲ့နောက်မှာလည်း ဆရာတော်က လွတ်လပ်ရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့ပြီး ၁၉၂၄ ခုနှစ် အောက်တိုဘာလမှာလည်း ရန်ကုန် မြို့လုံးကျွတ် အစည်းအဝေးကြီးမှာ “အစိုးရလုပ်တာ မကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ။ ဒီအခွင့်အရေး ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့”
စတဲ့ ဒီမိုကရေစီတရား ဟောကြားခဲ့ပါတယ်။ ဒီအတွက် ထပ်အဖမ်းခံရပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် အပြစ်ပေးတာ ခံခဲ့ရပြန်ပါတယ်။
ဆရာတော်ဦးဥတ္တမဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့တန်းက ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့လို့ ထောင် ၃ ကြိမ် ကျခဲ့ရပါ တယ်။ ဒါကြောင့်ပဲ စက်တင်ဘာလ ၉ ရက်နေ့ကို ‘ဦးဥတ္တမနေ့’အဖြစ် ၁၉၄၇ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့တာ ဖြစ်ပေမယ့် ဘယ်အာဏာပိုင်၊ ဘယ်အစိုးရကမှ ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုကျင်းပတာ မရှိခဲ့ပါဘူး။ ရွှေတိဂုံစေတီ ခြေတော်ရင်းက ‘ကန်တော်မင် ပန်းခြံ’ကို ‘ဦးဥတ္တမ ပန်းခြံ’လို့ အရင်က ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ‘ကန်တော်မင်္ဂလာ ပန်းခြံ’လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါပြီ။
ဆရာတော် ဦးဝိစာရကတော့ နိုင်ငံရေးတရားဟောမှုကြောင့် ၃ ကြိမ် ဖမ်းဆီးထောင်ချတာ ခံခဲ့ရသလို လူမဆန်တဲ့ ရက်စက်မှုတွေနဲ့ နှိပ်စက်တာတွေလည်း ခံခဲ့ရပါတယ်။ အကျဉ်းချလိုက်တာနဲ့ သင်္ကန်းချွတ် လူဝတ်လဲခိုင်းတာ၊ ဥပုသ်စောင့်ခွင့်မပေးတာ၊ သံဃာတော်တွေကိုတောင် အမိန့်စာ ပေးပို့တဲ့အခါ ‘မောင်မင်း နာခံရမည်’ ဆိုတဲ့ ရိုင်းပျမောက်မာတဲ့ အသုံးအနှုန်းတွေ သုံးစွဲတာကို ဆရာတော်က တရားဟောတာ၊ အစာငတ်ခံတာတွေ နဲ့ ဆန့်ကျင်ပါတယ်။
ကိုလိုနီအစိုးရက ဆရာတော်ဦးဝိစာရကို မြန်မာပြည်နိုင်ငံရေး (လူဆိုး)စာရင်းဝင် နံပါတ် ၄၄ အဖြစ် မှတ်တမ်းတင် ခဲ့ပါ တယ်။ ဆရာတော် ဦးဝိစာရဟာ တရားဟောပြောရာမှာ ရဲရင့်ပြောင်မြောက်ပြီး ပွင့်လင်း ပြတ်သား တယ်၊ အသံသြဇာနဲ့ ပြည့်စုံပြီး တရားနာပရိသတ်ရဲ့ အာရုံကိုသိမ်းကျုံးဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။ ရဟန်းတော်တို့ရဲ့ ဣေ¹န္ဒသိက္ခာတော်နဲ့ ပြည့်စုံပြီး တည်ငြိမ်သိမ်မွေ့စွာ နေထိုင်သူဖြစ်တဲ့အတွက် တကာ တကာမများကလည်း အထူး ကြည်ညိုလေးစားကြတယ်လို့ သိရပါတယ်။ ဆရာတော်ဟာ စီစဉ်ထားတဲ့ တရားပွဲကို ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်ထားတာကိုတောင် ဖီဆန်ပြီး တရားဟောခဲ့သူဖြစ်ပါတယ်။ ဖမ်းဆီးပြီး
ထောင်ချတော့ ထောင်အာဏာပိုင်တွေက သင်္ကန်းချွတ်ပြီး ထောင်အဝတ်အစား လဲခိုင်းတာကိုလည်း မလဲဘဲ အံတုခဲ့တဲ့အပြင် အင်အားသုံးပြီး သင်္ကန်းကို အတင်းအဓမ္မဆွဲချွတ်တဲ့အတွက် သင်္ကန်းမရှိတော့ပေမယ့် ထောင်အဝတ်ကို မဝတ်ဘဲ အဝတ်မပါ ကိုယ်ဗလာနဲ့ နေရင်း ဆန္ဒပြခဲ့ပါတယ်။ ဒီလိုပဲ ထောင်တွင်းမှာ
ဥပုသ်စောင့်ခွင့်မပေးတဲ့အတွက် ရက်ပေါင်းများစွာ ဆွမ်းဘုဉ်းမပေးဘဲ အကြိမ်ကြိမ်ဆန္ဒပြခဲ့ပါတယ်။ နောက်ဆုံး ၁၆၆ ရက်တိတိ အစာငတ်ခံပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် ဆရာတော် ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။
ဒီလို အစာငတ်ခံ ဆန္ဒထုတ်ဖော်တဲ့အခါ ကိုလိုနီအာဏာပိုင်တွေ၊ အာဏာရှင်အလိုတော်ရိ ထောင်ဝန်ထမ်းတွေက ဆရာတော်ကို အစာစားဖို့ အတင်းအဓမ္မ ပြုမူခဲ့တာတွေ လည်း ကြုံခဲ့ရပါတယ်။ ဥပမာအားဖြင့် ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုဆက်ဆံတာတွေ၊ အဓမ္မဝိုင်းချုပ်ပြီးနှာခေါင်းပေါက်ကနေ နွားနို့ကို ပြွန်နဲ့ ထိုးသွင်းတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ ရက် ၄ဝ လောက် အစာမစားလို့ အားအင်ပြတ်ပြီး
လဲနေတဲ့အချိန်မှာ အရင်တုန်းက ‘အရူးထောင်’လို့ ခေါ်တဲ့ စိတ္တဇဆေးရုံကိုပို့ပြီး စိတ်မနှံ့သူတွေကြား ပစ်ထားပြန်ပါတယ်။ ထောင်များစွာ၊ အချုပ်ခန်းများစွာမှာ လှည့်လည်အကျဉ်းချတာကိုလည်း ခံခဲ့ရပါတယ်။ လက်ရှိစစ်အစိုးရလက်ထက်မှာ ကျင့်သုံးနေတဲ့ ထောင်က လွှတ်ပေးပြီး ထောင်ဗူးဝကနေ နောက်တစ်မှုနဲ့ပြန် ဖမ်းတဲ့ အဖြစ်မျိုးကိုလည်း ဆရာတော် ကြုံခဲ့ရပါတယ်။
တတိယအကြိမ် ထောင်ကျတဲ့အချိန်မှာတော့ ဆရာတော်ဟာ သံဃာတော်အားလုံးအတွက်
အခွင့်အရေး တောင်းဆိုရင်း ထောင်ထဲမှာပဲ ပျံလွန်တော်မူခဲ့ရပါတယ်။ ဆရာတော်အဓိကတောင်းဆိုတာက အချက် ၃ ချက်ဖြစ်ပြီး
(၁) ထောင်ဒဏ် အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်၊
(၂) ထောင်အတွင်း၌ ဝိနည်းတော်အရ ၁ လ ၂ ကြိမ် ဥပုသ်နေ့တိုင်း
ဥပုသ်ပြုခွင့်ပေးရန်၊
(၃) နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ ထောင်တွင်းရောက်ရဟန်းများအား ထိုက်တန်သော သီတင်းသုံးခွင့်ပြုရန် တို့ဖြစ်ပါတယ်။ ဒါပေမယ့်ကိုလိုနီအာဏာပိုင်တွေက မလိုက်လျောခဲ့ တဲ့အတွက် ဆရာတော်က အစာငတ်ခံသပိတ်တိုက်ပွဲ ဆင်နွှဲရင်း ၁၆၆ ရက်မြောက်မှာပျံလွန်တော်မူခဲ့ရ တာဖြစ်ပါတယ်။
ဆရာတော်ဦးဝိစာရ ရဲ့ အဂ္ဂိဈာပန ပြီးမြောက်တဲ့အခါ ဆရာတော်ရဲ့ အရိုးတွေကိုကောက်ယူပြီး ရွှေတိဂုံစေတီအနီး မှာ အရိုးအိုးစေတီတစ်ဆူ တည်ထားခဲ့ပေမယ့်ဒီစေတီ ဘယ်လို ပျောက်ပျက်သွားတယ် ဆိုတာတောင် ဘယ်လူမှ မသိကြဘူးလို့မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒီလို
သမိုင်းဝင် အထိမ်းအမှတ်တွေ အများအပြား ပျောက်ပျက်ကုန်ပေမယ့် အတိတ်ကအမွေဆိုးတွေနဲ့ ပြည်သူတွေ အပေါ် ဆက်လက်ဖိနှိပ်နေမှုတွေ ကျန်နေသေးတာကတော့တကယ့်ကို စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါ ပဲ။ ။
ထိန်လင်း (၂၊ ၉၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၄ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
(မိုးမခသတင်း)

0 comments:
Post a Comment