“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 22, 2010

ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ


အင်တာဗျူး
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၀ ပြန်လည်လွတ်မြောက်လာသည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းက တွေ့ရသည့် ဦးတင်ဦး

နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ ဥရောပ ဘောလုံးပွဲတွေကို တီဗွီကတဆင့်ကြည့်တယ်၊ ဘ၀အတွေ့အကြုံ မှတ်တမ်း ရေးတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဘီဘီစီ အသံလွှင့်ဌာနကို စနေညက ပြောပါတယ်။ စစ်အစိုးရရဲ့ အနိုင်ကျင့်၊ အသက်အန္တရာယ်ပြုတာတွေ ရှိပေမယ့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးလိုတယ်လို့လည်း ပြောပါတယ်။ စစ်အစိုးရ ထုတ်ပြန်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လေ့လာဖို့ စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။ ဘီဘီစီက ထုတ်လွှင့်သွားတဲ့ ဦးတင်ဦး ရဲ့ ပြောကြားချက်တွေကို မိုးမခ အင်တာနက် စာမျက်နှာ ရောက်လာသူများ ဖတ်ရှုနိုင်ဖို့ ပြန်လည် စာစီပြီး ဖော်ပြပေးလိုက်ပါတယ်။ ဦးတင်ဦးက သူ အထိန်းသိမ်းခံနေရတဲ့ ကာလ ၆ နှစ်ကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာ ပထမဆုံး ပြောပြပါတယ်။

ကျနော်က ဗုဒ္ဓဘာသာဝင် ဖြစ်တော့ဗျာ ရတနာသုံးပါးကို အထူး ကိုင်းရှိုင်းရတော့တာပေါ့။ နောက်ပြီးတော့လည်း ဗုဒ္ဓရဲ့ ပဌာန်းတို့၊ ပရိတ်ကြီး ၁၁ သုတ်တို့ ၊ ဓမ္မစကြာတို့ - - - စသဖြင့်ပေါ့ဗျာ၊ အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ အင်အားစု အားလုံး အမြန်ဆုံး လွတ်ကြပါစေ၊ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ကြပါစေ၊ ဘုရားကု ကုတယ်ပေါ့ဗျာ၊ နောက်တော့လည်းပဲ just to kill the time (အချိန်ကုန်အောင်) ပေါ့ဗျာ ကျနော်က ငယ်ငယ်တုန်းက ဘောလုံးသမား ဆိုတော့၊ ဘောဝါသနာပါတော့ ဘောလုံးပွဲတွေကို မလွတ်တမ်း ကြည့်တယ်ဗျ။ ပရီမီယာလိဂ် ကြိုက်တဲ့ပွဲတွေကို ကြည့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့၊ ချယ်လ်ဆီးတို့၊ အာဆင်နယ် တို့၊ လီဗာပူတို့ စသဖြင့်ပေါ့။ နောက် - အများတိုက်တွန်းလို့၊ ကျနော့်မိသားစုက တိုက်တွန်းလို့ ကိုယ့်ရဲ့ အကျိုးအကြောင်းလေးကိုလည်း ရေးဖြစ်တယ်ဗျ။ စာအုပ်လည်း ကျနော်ထင်တယ် အုပ် နှစ်ဆယ်၊ အစိတ်လောက်တော့ ရေးထားတာပဲ။ စာအုပ်စာတမ်းတွေ ဖတ်ပါတယ်ဗျာ၊ အခါအားလျော်စွာ ပေါ်လာတဲ့ စာအုပ်တွေပေါ့။



၂၀၀၇ ခုနှစ် သံဃာဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ NLD ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အားမရကြတဲ့သူတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဦးတင်ဦးရဲ့ အမြင်ကို သိချင်ပါတယ်။



သိတဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်၊ ကျနော်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်မှာ ကျန်နေတဲ့သူများက အဖွဲ့ချုပ်ကြီးကို မားမားမတ်မတ် ရပ်နိုင်အောင်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အချိန်မှာ ကောင်းကောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ရတဲ့ ကိစ္စတွေလည်း ရှိတော့ ထိန်းထိန်းသိမ်းသိမ်း ချိန်ချိန်ဆဆနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နယ်တွေ နယ်တွေမှာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒေသအလိုက် အထိုက်အလျောက် ဆောင်ရွက်ကြတာတွေကို အဖွဲ့ချုပ် အနေနဲ့ ဒီအတိုင်းအတာအနေနဲ့ ဆောင်ရွက်တာကို ကျေနပ်နှစ်သက်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ထိန်းသိမ်းခံထားရလို့ NLD မှာ ဗဟိုချုပ်ကိုင်မှု ပိုများလာတယ်လို့ ပြောသံ ကြားရပါတယ်။ ဒါမျိုးက အခုခေတ် အခုအခြေအနေနဲ့ရော သင့်တော်ပါရဲ့လား။



ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ အပြင်မှာက ဘာလေးပဲဖြစ်ဖြစ် တခုခု လုပ်လိုက်လုပ်လိုက် အဖွဲ့ချုပ်ဝင်တွေဟာ ပြင်းထန်တဲ့ အနှောင်အဖွဲ့ အထိန်းအသိမ်း အချုပ်အနှောင် ဒါတွေ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ။ သူတို့ဟာ အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ကိုင်ကြတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။



ဦးတင်ဦး အကျယ်ချုပ်က လွတ်လွတ်ချင်းမှာပဲ NLD ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲသွားမယ်လို့ ပြောခဲ့ပါတယ်။ စစ်အစိုးရကလည်း ဒီနှစ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီးပါပြီ။ ဒီတော့ နှစ်ဘက် အဆင်ပြေဖို့ ဖြစ်လာပါ့မလား။ တခြား ရွေးချယ်စရာရော ဘာတွေများ ရှိပါသေးသလဲ။



ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကား ရှိပါတယ်၊ အချိန် မကျသေးဘူး၊ အချိန်မကျသေးဘူး လို့ သူ ပြောလိုက်ပါတယ်။ ခု လောလောဆယ်မှာတော့ ရွှေဂုံတိုင်စာတမ်းနဲ့ ပတ်သက်တဲ့အပိုင်းမှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ထားရတဲ့ အနေအထားလို့ ကျနော်တို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သက်ဆိုင်ရာ အကြီးအကဲများနဲ့ တွေ့ပြီးတော့ ဆွေးနွေးချင်ပါတယ်၊ ဒါတွေ ရှိတယ်၊ အဲဒါကြောင့် ကြေကြေလည်လည် ဆွေးနွေးလိုက်ရင်တော့ ဒီပြဿနာဟာ ချောချောမောမောနဲ့ ပြေပြေလည်လည် ဖြစ်သွားစရာ အကြောင်း ရှိတယ်လို့ ကျနော် မြင်ပါတယ်။



တွေ့ဆုံဆွေးနွေးတဲ့အဆင့် ရောက်အောင်လို့ ဘယ်လိုနည်းလမ်းနဲ့ သွားရင် အကောင်းဆုံး ဖြစ်မလဲ။



ကျနော်တို့က အဖြေတခုကိုတော့ တိုင်းပြည်ကို ပြောရမယ် ဆိုတာကို သဘောပေါက်ပါတယ်။ ပြောရမယ့်ဟာလည်း လောလောဆယ် သူတို့ဘက်ကလည်း ဒီနေ့အထိ သိတဲ့အတိုင်းပဲ ရွေးကောက်ပွဲဥပဒေတို့၊ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတို့၊ ပါတီများမှတ်ပုံတင်ခြင်း (ဥပဒေ)တို့က ဘာမှ မထွက်သေးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အချိန် မကျသေးဘူး ဆိုတဲ့ မူဟာ လောလောဆယ်မှာတော့ လျော်ကန်သင့်မြတ်တယ်လို့ ကျနော်က ဒီလိုပဲ ပြောရတော့မှာပဲ။



ဦးတင်ဦးက ကာကွယ်ရေးဦးစီးချုပ်ဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတော့ အခု လွတ်လာတဲ့အခါမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ့် အနေအထားရော ရှိပါသလား။



ဆွေးနွေးဖို့ ပြောလာတာ အခုမှ မဟုတ်ဘူး၊ ၁၉၈၈ ခုနှစ်ကတည်းက ပါပဲ။ ကျနော်တို့က ဆွေးနွေးဖို့ဟာကို တစိုက်မတ်မတ် ရပ်တည်နေပါတယ်။



အနှစ် ၂၀ လုံးလုံး စေ့စပ် ဆွေးနွေးဖို့ ပြောလာတာ အခုအချိန်မှာရော အောင်မြင်မယ့် အနေအထားမျိုး တွေ့ရပါသလား။



စေ့စပ် ဆွေးနွေးတဲ့လမ်း မဟုတ်ရင် ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲလို့ ခင်ဗျားတို့ ထင်သလဲ၊ ဆူရမလား ပူရမလား ဘယ်လိုလဲ၊ အကြမ်းဖက်တာကိုတော့ အစကတည်းက အဖွဲ့ချုပ်က မူ မဟုတ်တော့၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းပဲ ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ မျှော်မှန်းတဲ့ ခေါင်းဆောင် ဆိုတော့ကာ ကျနော်တို့က ဆွေးနွေးတဲ့ နည်းလမ်းပဲ လုံးပမ်းရမှာပဲ။



ဦးတင်ဦးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒီပဲယင်း အရေးအခင်း အပြီးမှာ ထိန်းသိမ်းခံရတာပါ၊ ဒီပဲယင်းကိစ္စအပေါ် ဘယ်လို သုံးသပ်ပါသလဲ။ နိုင်ငံရေးအရ လုပ်ကြံမှုတခုလို့ ယူဆပါသလား။



ဒီလိုပြောရင် အဖြေ ပေါ်မယ် ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရသတ္တိ၊ ဓမ္မသတ္တိ ပြည့်တဲ့ ခေါင်းဆောင်ဗျ။ ဒီပဲယင်းမှာ သူဟာ အသက်လုပြီးတော့ ကံကောင်းထောက်မလို့ လွတ်လာတယ်ပေါ့ဗျာ၊ ကျနော်လည်း အလားတူပဲ၊ ကျနော်ကတော့ သူ့လောက် အရေးမကြီးပါဘူး။ ညောင်နှစ်ပင်ညီလာခံ တက်ဖို့ ဖြစ်လာတော့ သူနဲ့ ကျနော်တို့ CEC (အဖွဲ့ချုပ်ခေါင်းဆောင်များ) တွေ့ခွင့်ရတယ်၊ သူပြောတဲ့ စကားက အင်မတန် ကောင်းပါတယ် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တလုံးတပါဒမှ ကျမ မပြောတော့ပါဘူး၊ ဟိုဘက်က လူတွေနဲ့ ဆွေးနွေးတယ်၊ အဲဒီတုန်းက ဗိုလ်ချုပ်သန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်တို့ ပြီးတော့ ထောက်လှမ်းရေးပိုင်းက ပုဂ္ဂိုလ်တွေ ပါကြတယ်။ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်တာ အားလုံးကို ဘာမှ မပြောတော့ဘူး၊ ရှေ့ဆက် နိုင်ငံအတွက် အကျိုးရှိရာ ရှိကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း လုပ်ဖို့ ဒီလိုတော့ ပြောလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးပါ၊ နယ်မှာ ပိတ်ပင်ထားတဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေ အားလုံးကို ဖွင့်ခွင့် ပေးပြီးတော့ ပါတီ တခု အနေနဲ့ ဆောင်ရွက်စရာကိစ္စ အ၀၀ လုပ်ဖို့ရယ် နောက်ပြီး ဆက်လက်အဖြေရှာဖို့ကိစ္စ ဒါကတော့ ညောင်နှစ်ပင်မှာ ပြောမယ်ဆိုရင်လည်း ညောင်နှစ်ပင်(ညီလာခံ)တက်ပြောမယ် ပေါ့ဗျာ၊ ဒီသဘောလေးတွေ ပြောလိုက်တော့ လာရောက်တဲ့ ပုဂ္ဂိုလ်တွေက အင်မတန် ၀မ်းသာတယ်၊ ၀မ်းသာလိုက်တာဆိုပြီးပြန်သွားတဲ့အကြောင်းကို ကျနော်တို့ကို ရှင်းပြတော့ ကျနော်တို့ သိတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်လာတော့မှာပဲ ဆိုပြီးတော့ ဦးအောင်ရွှေက ခေါင်းဆောင်ပြီးတော့ ညီလာခံတက်မယ်၊ ဘယ်သူတွေတက်မယ် ဆိုပြီးတော့ စာရင်းတွေ ရေးထားလုပ်ထားတယ်။ အဲဒီလို ၀မ်းပမ်းတသာနဲ့ လုပ်ကြတာပဲဗျ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဒါမဟုတ်ပြန်ဘူး ဆိုပြီး ပြောပြီးတော့၊ နောက်ပိုင်း တက်ချင်လဲနေ မတက်ချင်လည်း သဘောပဲ ဆိုပြီးတော့၊ တက်ရင်လည်း ကျနော်တို့ အားလုံးက အချုပ်အနှောင်နဲ့ နိုင်ငံရေးသမား ဆိုရင်လည်း အချုပ်အနှောင်နဲ့ တက် ဆိုတဲ့သဘော အဲဒီလိုဟာလေးတွေက ဖြစ်ခဲ့တယ်ဗျ။
http://moemaka.com/index.php?option=com_content&task=view&id=5919&Itemid=1

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */