အခုတော့မစိမ်းလန်းနိုင်တော့ပြီ.... ခြောက်သွေ့ ခဲ့ရပြီကော ( အစိမ်းရောင်)
စာရေးသူ ငယ်စဉ်အခါ ကျောင်းသားဘ၀က စစ်စိမ်းရောင် ကိုနှစ်သက်ခဲ့ဖူးပါသည်။ ဖခင်ဖြစ်သူက တော်လှန်ရေးနေ့ ရောက်တိုင်း (တော်လှန်ရေးပန်းခြံ)တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော တော်လှန်ရေးရဲဘော်ဟောင်းတစ်ဦးလည်း ဖြစ်သလို ၊ မော်ကွန်းဝင် တစ်ဦးလည်းဖြစ်ပါသည်။ စစ်ရေးပြချီတက်ပွဲတွင် ပါဝင်သော စစ်ကြောင်းမှူးမှာလည်း ၊ ဆွေမျိုးတော်စပ်သူ အစ်ကိုတစ်ဦးဖြစ်ပါသည် ။ ကလေးဘ၀က ဖခင်နဲ့ အတူ တော်လှန်ရေးနေ့ ကို မြတ်နိုးသည် ။ စစ်သီချင်းသံဖြင့် ဇာတိမာန်တွေ တက်ခဲ့ဖူးပါသည် ။
ကျောင်းတက်ခဲ့စဉ်ကလည်း စစ်လွယ်အိပ်ကို နှစ်နှစ်ချိုက်ချိုက် လွယ်ခဲ့ဖူးပါသည် ။ စစ်ခါးပတ် စစ်ရေဘူး….စစ်တပ်အသုံးအဆောင်အားလုံးကို ခုံမင်ခဲ့ဖူးပါသည် ။ခေတ်တွေ စံနစ်တွေ ရာသီတွေပြောင်းခဲ့ပါပြီ ။ တော်လှန်ရေးနေ့ သည်လည်း..တပ်မတော်နေ့  အဖြစ်ပြောင်းလဲခြင်းခံခဲ့ရပါပြီ ။ တပ်မတော်၏ ဖခင်နေရာတွင်လည်း ပထွေး တစ်ဦးပြီးတစ်ဦး ပြောင်းခဲ့ပါပြီ ။ ပြည်သူချစ်သောတပ်မတော်သားများသည်လည်း ..ပြည်သူကို အမိအဖ မတော်တော့ပဲ ပြည်သူကပေါက်ဖွါးသည်ကို နားမလည်တော့ ။ အမိအဖ ပြောင်းကာ တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဖြစ်ကုန်ပါလေပြီ ။ တပ်မတော်သည် ပြည်သူ့ တပ်မတော် မဟုတ်တော့ ။အာဏာရူး တို့ ၏လက်ကိုင်တုပ် … ပြည်သူကိုသတ်သည့်..ကြေးစားလူသတ်စစ်တပ် ဖြစ်ခဲ့ပါပြီ။ စစ်သားကို …ယခင်ကပြည်သူတွေက တပ်မတော်သားလို့ ခေါ်ခဲ့ကြသည် ။ တန်ဖိုးထားချစ်မြတ်နိုးခဲ့ကြသည် ။ ယနေ့  တပ်မတော်သာအမိ ၊ တပ်မတော်သာအဖ ..ဆိုပြီးသားသမီးလုပ်နေသောစစ်သားတွေ သူတို့ အမိအဖ ကထမင်းမကျွေးတော့ပဲ စွန့် ပစ်သည့်အခါ ၊ ထမင်းအတွက် သူတို့  အမိအဖ မတော်ချင်သော ပြည်သူထံ အရှက်မဲ့စွာ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုလာကြပြန်ပါပြီ။
ခြေအတုတပ်ထားသော စစ်သားလေးငါးယောက်လောက် .. အိမ်တစ်အိမ်ပြီးတစ်အိမ် အတင်းဝင်ပြီး စာအုပ်လိုက်ရောင်းနေသော မြင်ကွင်းတခုတွင် စာရေးသူ သံဝေဂ ရမိပါသည် ။
(ရဲဘော်လေးတွေပါ..စာအုပ်ဝယ်ပါ)
လို့ ပြောနေသောအသံ နှင့် မ၀ယ်သေးပါဘူး လို့ ပြန်ပြောနေ သောအသံ ..အိမ်ရှင်တွေမရှိလို့ ပါ .. စာအုပ်မဖတ်ပါဘူး ။ အသံအမျိုးမျိုး ကြားနေရသည် ။ စစ်သားကို ပြည်သူ မချစ်တော့ပါ ။ အတုတပ်ထားရသော ခြေထောက်ကို မြင်လို့ လည်း ဂရုဏာမသက်တော့ပါ ။ ခပ်လှမ်းလှမ်းကလာနေသော အစိမ်းရောင်ဝတ် တွေမြင်ကတည်းက အိမ်တံခါးကို ကြိုပိတ်ကြသည် ။ သော့ခတ်ပြီးအိမ်နောက်ဝင်ပြေးကြ သည် ။
သူတို့ ကလည်း အတင်း တံခါးခေါက် အသံကျယ်ကျယ်ဖြင့်အတင်းခေါ် … မ၀ယ်လိုသောစာအုပ်ကို အတင်းရောင်း ။
ဒီမြင်ကွင်းသည်…စာရေးသူငယ်စဉ်က မြင်ခဲ့ဖူးသော မြင်ကွင်းများနှင့် ။ နံ့ သာဆီနဲ့  အီး …လိုပင်
လုံးဝကွဲပြားခဲ့ပါပြီ ။ အစိမ်းရောင်ကို ပြည်သူတို့ မချစ်တော့ပြီ ။ အစိမ်းရောင်ကို ပြည်သူတို့ အားမကိုးကြတော့ပြီ ။ ယုံကြည်မှုမရှိကြတော့ပြီ ။ သားသမီးလို မဆက်ဆံနိုင်ကြတော့ပြီ ။
အော့နှလုံးနာ နေကြပါပြီ ။ ပြည်သူကို အကြိမ်ကြိမ်သတ်ခဲ့သည့် ပါးကွက်အာဏာသား စစ်သားများအဖြစ် ပြည်သူတွေအမြင်ပြောင်းသွားသည် ။ အစိမ်းရောင်သည် ..စိမ်းလန်းစိုပြေခြင်းမရှိတော့ ။ ခြောက်သွေ့ ခဲ့ပြီ ။ အစိမ်းရောင်သည်..အာကိုးရာမဟုတ်တော့ ။ ကြောက်ရွံ့ စရာ ..ရွံရှာစရာ ဖြစ်ခဲ့ပြီ ။
ပြည်သူကို အမိအဖ နေရာမှာထားခဲ့သော ပြည်သူ့ တပ်မတော်သည် .. တပ်မတော်၏ပထွေး များကိုအဖေတော်ပြီး .. တပ်မတော်သာအမိ တပ်မတော်သာအဖ ဖြစ်ခဲ့ပြီ ။ ပြည်သူကို သတ်သော လက်ကိုင်တုပ် လူသတ် စစ်တပ်ဖြစ်ခဲ့ပါလေပြီ ။
အထက်ရောက် စစ်အရာရှိများက ရေပေါ်ဆီ ဈေးပွဲဖွင့် မယ်ရွေးပွဲတက် အကယ်ဒမီပွဲတွင်..အဆီပြန်မျက်နှာတ၀င်းဝင်းနှင့် ..တဏှာ တတင်းတင်းနှင့်..
တိုက်ပွဲထိ မသန်မစွမ်း အင်္ဂါ ချို့ တဲ့ ပညာနုံနဲ့  သော ရဲဘော်များ က မစားလောက်သော ပင်စင်နှင့် လမ်းဘေးတွင်ဖြစ်သလို..လုပ်ကိုင်စားနေကြရသည်။ အချို့ က သူတောင်းစားဖြစ်နေကြသည်။
ခြေမပြတ်သော စစ်ဗိုလ်များက ရင်ဘတ်တွင် ဘာကြောင့်ရမှန်း မသိသော ဆုတံဆိပ်အမျိုးမျိုးတတ် ဟန်ပြနေချိန်တွင်..ခြေလက်အင်္ဂါဆုံးရှုံးသော ဘာတံဆိပ်မှ နိုင်ငံတော်က ချီးမြှင့်ရကောင်းမှန်း မသိသော ရဲဘော်ကလေးများကို.မျက်ကွယ်ပြုထားသည်မှာတရားမျှတ၏လော။
မသန်မစွမ်း ရဲဘော်များခမျာ ပြည်သူကြားထဲဝင်၍ .ကောင်းရောင်း ကောင်းဝယ်လုပ်စားလိုသော်လည်း..ပြည်သူက..လက်မခံ ( နေ့ ခင်းကြောင်တောင် လေးလောင်းပြိုင်သတ်သော..စိမ်းလဲ့ကန်သာအမှုကို ကြည့်၍ ဓါးမြ စစ်တပ်ကို လန့် မြဲဖြစ်သည်။ မိမိ အိမ် လူစိမ်းမြင် (အထူးသဖြင့် စစ်သားမြင်ရင် သူရဲကဲ့သို့  ကြောက်သည် ။ မစင်ပုပ် သို့ ရွံ့ ရှာသည်။.) အ၀င်မခံရဲကြ။
ရင်ထဲမှာခံစားရပါသည် (ပြည်သူ့ တပ်မတော်)..။
တမ်းတမိပါသည် (ပြည်သူ့ တပ်မတော်)။
ခြောက်သွေ့ ခဲ့သော အစိမ်းရောင် ဘယ်တော့ ပြန်လည် စိုပြေစိမ်းလန်းလာလေမလဲလို့  ။
( အ.ဘ.ယ )
Tuesday, February 23, 2010
အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment