“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 17, 2011

KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်

By နူးပန် VOA ။ ။ 16-06-2011 (ပေးပို့ သူ-ဗမာ့သွေး)
တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဘက် တိုက်ပွဲတွေ မရပ်မနား ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ KIA တပ်တွေ ချထားတဲ့ နေရာတချို့မှာ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ KIA ဘက်ကလည်း အစိုးရတပ်တွေကို အဟန့်အတား ဖြစ်စေဖို့ လမ်းတံတား ဖျက်ဆီးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

နောက်ဆုံးအချိန်ထိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရတပ်တို့ အခြေအနေ ပြင်းထန်နေဆဲဖြစ်ပြီး မနေ့ညမှာတော့ KIA တပ်ချထားတဲ့နေရာ မိုးမောက်၊ ဗန်းမော်၊ မန်စီမြို့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အကျအဆုံး ရှိခဲ့တယ်လို့ KIO ဌာနချုပ် ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဗန်းမော်တ၀ိုက်တွေမှာလည်းဖြစ်တယ်၊ ကျန်တဲ့ နေရာတွေမှာလည်း ဖြစ်တယ်လို့ ကြားပါတယ်။ ဒီ ဗန်းမော်၊ မန်စီ ဒေသမှာလည်း ဖြစ်တယ်။ ပြီးတော့ သူတို့တက်လာတဲ့ ယာဉ်တန်းတွေနဲ့လည်း ဖြစ်တယ်။ အဲဒီယာဉ်တန်းက ကား ၁ စီး တစစီ ဖြစ်သွားတယ်လို့ ကြားထားပါတယ်၊ အစိုးရဘက်က။ အဲဒီမှာ လူ ၆ ယောက် ဒဏ်ရာရတယ်။ သေသွားတဲ့လူ ၂ ယောက်လောက် ရှိတယ်လို့ ကြားပါတယ်။ ပြီးတော့ မန်စီမှာ ဖြစ်တုန်းကတော့ ၁၂ ယောက်လောက် ဒဏ်ရာရပြီးတော့ ၂ ယောက် သေတယ်လို့လည်း ကြားထားပါတယ်။ လိုင်ဇာ အနီးတ၀ိုက်မှာတော့ သေနတ်သံ မကြားရသေးပါဘူး။”

အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာလည်း မြန်မာတပ်တွေဘက်ကနေ သင်္ဘောနဲ့ ကားနဲ့ စစ်အင်အားတွေ ဖြည့်နေဆဲ ဖြစ်တဲ့အတွက် KIA တပ်တွေဘက်က အဟန့်အတားဖြစ်အောင် အဆက်အသွယ် ဖြတ်တဲ့နည်းနဲ့ တံတားတွေ ချိုးဖောက်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မနေ့ညမှာလည်း ကချင်ပြည်နယ် အနောက်ဘက် KIA တပ်မဟာ ၂ နယ်မြေအတွင်း လီဒိုလမ်းမပိုင်း တနေရာမှာတော့ ယုဇနကုမ္ပဏီ တည်ဆောက်ထားတဲ့ တံတား ၂ စင်းကို KIA တပ်ရင်း ၁၄ က ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့လည်း သိရပါတယ်။

KIA အနေနဲ့ အခုလို မြန်မာစစ်တပ်တွေကနေ KIA တပ်နားကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်နေတဲ့ အပေါ်မှာ လမ်းပန်းဆက်သွယ်ရေး ပျက်အောင် ပြုလုပ်ခြင်း ဖြစ်တယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

“တံတားဖောက်ခွဲတာက မိုးကောင်းဘက်မှာ တချက်၊ နမ္မတီးဘက်မှာ တချက်၊ မြစ်ကြီးနား လိုင်ဇာလမ်း တချက်၊ ဗန်းမော် ကိုင်ထိတ် ဆင်လွမ်ဘွမ် လွယ်ဂျယ်လမ်း အဲဒီလမ်းတွေ၊ ပြီးတော့ မူဆယ်နဲ့ နမ့်ဖတ်ကာကြားက မုန်းပေါ်တံတား၊ အဲဒါတွေ ပြောရမယ်ဆိုရင် ၆ စင်း၊ ၇ စင်းလောက်တော့ ရှိနေပါပြီ။ ဘာကြောင့်ဆိုရင် ဒီတံတားတွေ မဖျက်လိုက်ရင်လည်း မလွယ်ဘူး။ သူတို့အတွက် ရိက္ခာတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ အဲဒီကနေ လွယ်လွယ်ကူကူ ပို့ပေးနိုင်တာပေါ့။”

နောက်ပြီး ဖားကန့်ဒေသ ဂွေခါလမ်း၊ ဟိုပင် နမ်မွန်ကြားက တံတား ၂ စင်းကိုတော့ KIA တပ်ရင်း ၂၆ က ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၂ အရာရှိတွေကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး အတည်ပြု ပြောခဲ့ပါတယ်။ အခုချိန်မှာ မြစ်ကြီးနားမြို့ တ၀ိုက်မှာလည်း မြန်မာစစ်တပ်ရဲ့ အမြောက်ကားတွေနဲ့ စစ်ကားတွေဟာ အဆက်မပြတ် ပို့နေတာ တွေ့ရပြီး မြစ်ကြီးနားမြို့ တ၀ိုက်မှာလည်း ရဲတွေနဲ့ ယာဉ်ထိန်းရဲတွေက သေနတ်တွေ ကိုင်ဆောင်ပြီး လုံခြုံရေးတွေ နေရာယူထားတယ်လို့လည်း ဒေသခံက အခုလို ပြောပါတယ်။

“မြစ်ကြီးနားမြို့ တ၀ိုက်မှာ အစိုးရ အဆောက်အဦးတွေမှာလည်း လုံခြုံရေး ချထားတယ်။ ၀န်ကြီးချုပ်အိမ်ရာ၊ ၀န်ကြီးချုပ်နေတဲ့ အိမ်ဘက်ပေါ့နော်၊ သံဆူးကြိုးတွေနဲ့ ရဲတွေလည်း သေနတ်အကောင်းစားတွေနဲ့ အစောင့်တွေ အပြည့်အစုံ လုံခြုံရေး ချထားတာ တွေ့ရှိရတယ်။”

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရဲ့ တဘက်ကမ်းက ဒေသခံ အမျိုးသားတွေကိုလည်း မြန်မာစစ်တပ်က ခြိမ်းခြောက်ပြီး မောင်းထုတ်နေတဲ့အတွက် ဒေသခံ အမျိုးသားတွေက မြစ်ကြီးနားဘက်ကို ရှောင်ပြေးလာကြတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ် တပ်မဟာ ၄ ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲငယ်တွေ ဖြစ်ပွားနေပြီး တပ်မဟာ ၁ နဲ့ ၂ ဘက်မှာလည်း ဆက်လက်ပြီး တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဘက်မှာလည်း မြန်မာစစ်တပ်တွေက တပ်ရင်းချပြီး နေရာယူထားတဲ့အတွက် ဒေသခံတွေက စိုးရိမ် ကြောက်လန့်နေတယ်လို့ အခုလို ပြောပါတယ်။

“နမ့်ခမ်းနဲ့ ဗန်းမော်ကြားက နယ်စပ်ဒေသမှာ အရင်တုန်းက ရှမ်းလူမျိုးတွေရဲ့ လယ်ကွက်တွေ ရှိတယ်။ အခု လောလောလတ်လတ်လည်း လယ်ကွက်တွေရှိတယ်။ အဲဒီနားမှာ မြန်မာစစ်သားတွေ တပ်စွဲထားတယ်။ အရင်တုန်းက အဲဒီမှာ စစ်တပ်ဆိုတာ မရှိဘူးပေါ့။ အခု လောလောလတ်လတ် အနေနဲ့ တပ်စွဲထားတဲ့ အနေအထားမှာ ရှိတယ်။

“နောက်ပြီး ဧည့်စာရင်းတွေ လိုက်စစ်နေတယ်လို့ ကြားတယ်။ ကချင်အိမ်တွေပဲ လိုက်စစ်နေတယ်လို့ ကြားတယ်။ အဲဒါကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်ချင်တာ ဘယ်ဘက် ထွက်ပြေးရမှန်းမသိ ဖြစ်နေတယ်။ တောင်ပေါ်ဘက် ထွက်ပြေးရင်လည်း ဗမာစစ်သားတွေ တောင်ပေါ်တွေမှာ အကုန်လုံး နေရာယူထားတဲ့ အတွက်ကြောင့်မို့လို့ ဘယ်ဘက်သွားရမှန်းမသိ အဲဒီမှာ နေရာပျောက်နေတယ်။ အဲဒီလို အနေအထားမှာ ရောက်နေတယ်။”

အခုလို စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ အိုးအိမ်စွန့်ပြီး တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ လူဦးရေ ၁၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရပ်ဘက် အုပ်ချုပ်ရေး အရာရှိ ဦးဒွဲပီဆာကလည်း ပြောပါတယ်။ အခုလို အခြေအနေတွေ ပိုမိုပြင်းထန်လာတဲ့ အချိန်မှာ တဘက်မှာလည်း KIA က မြန်မာစစ်အစိုးရတပ်နဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လည်း အဆင်သင့် ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က KIA အနေနဲ့ ကြေညာချက် ထုတ်ပြန်တဲ့ နေရာမှာလည်း ဘုံရန်သူအဖြစ် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းဖို့ ဆန္ဒရှိတဲ့ သူတွေကို ကြိုဆိုလျက် ရှိနေကြောင်း ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်သူလူထုတွေ ကြားမှာတော့ အခုလို တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ မိမိရဲ့ အိုးအိမ်နေရာကို စွန့်ခွာပြီး လုံခြုံတဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။



စစ်ဗိုလ်ကို KIA ဖမ်း၊ ကချင်အရေး ဘယ်လိုရှင်းမလဲ

BBC News ။ ။ 16-06-2011

ကချင်ပြည်နယ်တွင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ၊ ကချင် လွတ်လပ်ရေးတပ်တို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ ဒေသတွင်း နေထိုင်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အပြင် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ နှစ်ဘက်စလုံးကို ပြောဆိုခဲ့ပါတယ်။



အစိုးရစစ်တပ်နဲ့ ကေအိုင်အေကြား ရင်ဆိုင်မှု နောက်ဆုံး အခြေအနေတွေမှာတော့ KIA က စစ်တပ်က ဗိုလ်တဦးနဲ့ ရဲဘော်နှစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ကေအိုင်အိုက အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

KIA တပ်မဟာ ၄၊ တပ်ရင်း ၈ ဧရိယာထဲမှာ ခမရ ၃၂၄ က နမ္မတူဘော်တွင်း စခန်းမှူး ဗိုလ်သီဟနိုင်နဲ့ ရဲဘော်နှစ်ဦးကို လက်နက် နှစ်လက်နဲ့ မိတယ်၊ နောက်ပြီး ရုံးစာရေး၊ စက်ပြင်နဲ့ လက်သမား စုစုပေါင်း ၆ ယောက်ကို ဖမ်းထားပေမယ့် နိုင်ငံတကာ စံနှုန်းတွေ အတိုင်း ကောင်းကောင်း မွန်မွန် ထားတယ်လို့ သူက ဆိုပါတယ်။

နှစ်ဘက်ကြား တိုက်ပွဲတွေက ဇွန်လ ၁၃ ရက် နေ့လယ်က စပြီး ရပ်ဆိုင်းသွားပေမယ့် KIA က လိုအပ်တဲ့ နေရာမှာ အစီအမံတွေ လုပ်နေသလို၊ အစိုးရဘက်က လှုပ်ရှားမှုတွေ ဆက်လုပ်လာရင်တော့ ထိပ်တိုက် တွေ့နိုင်တယ်၊ တိုက်ပွဲတွေ ရပ်သွားပြီလို့တော့ မပြောနိုင်ပါဘူးလို့ ဦးလာနန်းက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့လို့ တိုင်းရင်းသား ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိလာနေတဲ့အပေါ် ကချင်ပြည်နယ် အစိုးရအနေနဲ့တော့ ဆောင်ရွက်စရာ ရှိတာကို မကြာခင် စီစဉ် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲက စက်မှုဝန်ကြီး ဖြစ်တဲ့ SNDP အမတ် ဦးစိုင်းမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ ပြည်သူတွေ ခံစားနေရတာကို သိတယ်၊ မြစ်ကြီးနား ဒေသခံတွေ မပျော်ဘူး၊ စိတ်ပူနေတယ်၊ အောက်က တကယ့် အခြေအနေတွေကို အထက်ကို မတင်ပြကြဘူး၊ သူတို့ ကချင်ပြည်နယ် အစိုးရ အနေနဲ့တော့ တခုခု ညှိနှိုင်း ဆောင်ရွက်ဖို့ ကြိုးပမ်းမယ်လို့ ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

ဒီကိစ္စဟာ စစ်ရေးဆိုင်ရာ ကိစ္စဖြစ်လို့ အရေးပေါ် လွှတ်တော်ခေါ်ပြီး ဆွေးနွေး ပြောဆို နိုင်မလား ဆိုတာကိုတော့ နှစ်ဘက် အသံတွေကို နားထောင်ပြီးမှ ဆောင်ရွက် စရာရှိတာ ဆောင်ရွက်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ ဒုတိယဥက္ကဌ အခု နေပြည်တော် ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

နှစ်ဘက်စလုံးရဲ့ သဘောထားက ပိုအရေးကြီးတယ်၊ နှစ်ဘက် လက်မခံဘဲ လုပ်ရင် အလကားပဲ၊ လိုအပ်လာရင်တော့ ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ် ဆွေးနွေး ပေးလို့ ရတယ်၊ သက်ဆိုင်ရာ လူထုတွေက တရားဝင် အကြောင်းကြား လာရင်တော့ လွှတ်တော်မှာ အကန့်အသတ် မရှိပါဘူး၊ ဆွေးနွေး ပြောဆို နိုင်ပါတယ်လို့ သူက ပြောပါတယ်။

အငြင်းပွားရေပြင်ကို တရုတ် သင်္ဘော လွတ်
BBC News ။ ။ 16-06-2011



အာရှ အိမ်နီးချင်း နိုင်ငံ တွေကြားမှာ နယ်မြေ ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုတွေ ပိုမို ဆိုးဝါး လာနေတဲ့ တောင် တရုတ် ပင်လယ်ပြင် ထဲကို သူတို့ရဲ့ အကြီးဆုံး ကင်းလှည့် သင်္ဘော တစ်စီး စေလွတ် ခဲ့တယ်လို့ တရုတ် နိုင်ငံက ပြောပါတယ်။


တရုတ် နိုင်ငံရဲ့ တရားဝင် သတင်း မီဒီယာ ထဲမှာ Haixun သင်္ဘောဟာ ဗုဒ္ဓဟူးနေ့ကပဲ တရုတိ နိုင်ငံ တောင်ပိုင်းကနေ ထွက်ခွာသွားပြီး စင်္က࿿ာပူ တိုင်ငံဘက်ကို ဦးတည် နေပြီလို့ ဖော်ပြ ပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာ ပြောရေးဆိုခွင့် ရှိသူ ကတော့ ဒါဟာ ပုံမှန် သွားလာမှုပဲလို့ ဆိုပါတယ်။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကတော့ တောင်တရုတ် ပင်လယ်ပြင်ထဲက ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေ အများအပြား ရှိတယ်လို့ ယူဆနေကြပြီး ရေကြောင်း သွားလာမှု အရလည်း အဓိက ကျတဲ့ နေရာ မှာ တရုတ် ရေယာဉ် တွေရဲ့ ရန်လိုတဲ့ ပြုမူပုံတွေ ရှိခဲ့တယ်လို့ မကြာသေးခင်ကပဲ စွပ်စွဲခဲ့ပါတယ်။


ကျီးလန့်စာစား ဘုရားသုံးဆူ ကျောင်းများပိတ်
ကွန်းချမ်း | ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၉ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။ ။ သေနတ်သမားများက စီးပွားရေး အဆောက်အဦးတခုကို အင်္ဂါနေ့က ဖျက်စီးခဲ့ပြီးနောက် ကရင်ပြည်နယ်ရှိ ဘုရားသုံးဆူမြို့၌ လုံခြုံရေး စိုးရိမ်ရမှုကြောင့် ဒေသအာဏာပိုင်များက ကြာသပတေးနေ့ နေ့လည်တွင် စာသင်ကျောင်း အားလုံး ပိတ်ခိုင်းလိုက်သည်။

မြန်မာ-ထိုင်းနယ်စပ်မြို့လည်ရှိ လူသိများသော လုပ်ငန်းရှင် ဦးအောင်တင်ဝင်း၏ နေအိမ်၊ ရွှေဆိုင်နှင့် ကုန်စုံဆိုင်အား ဇွန် ၁၄ ရက်တွင် လက်နက်ကြီးငယ်များဖြင့် လူတစုက ပစ်ခတ် ဖျက်ဆီးခဲ့ပြီး နောက်တရက်တွင် ကျောင်းများပိတ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ကျောင်းများသို့ သွားရောက်ကာ လိုက်လံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ဘုရားသုံးဆူတွင် မူလတန်း ၄ ကျောင်း၊ အလယ်တန်း ၁ ကျောင်းနှင့် အထက်တန်း ၁ ကျောင်းရှိကာ ကျောင်းသူ
ကျောင်းသား ၅ဝဝဝ ကျော် ပညာသင်ကြားနေသည်။

“တမြို့လုံး ကျီးလန့်စာစား နေရသလိုပဲ။ ဘာသံမှလည်း မကြားရဘူး” ဟု သုံးဆူမြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။

ဥဒေါင်းကန် ဝန်းကျင်တွင် ခလရ ၂၈၄ နှင့် လွန်ခဲ့သည့် ၂ ရက်က သုံးဆူမြို့သို့ ရောက်လာသည့် ခမရ ၅၆၆ တို့က တပ်ဖြန့်ထားကြသည်။

မြို့တွင်း နေရာအတော်များများတွင်လည်း စစ်သားများက သဲအိတ်များဖြင့် ကတုတ်ကျင်းများ လုပ်နေသည်။

မြို့တွင် ကျင်းပဆဲ ပဋ္ဌာန်းပွဲကတော့ တပိုင်းတစဖြင့် ရပ်ဆိုင်းသွားခဲ့သည်။ “ပဋ္ဌာန်းပွဲက ၁၅ ရက်လောက် လုပ်မယ်ပေါ့။ အခုက ၇ ရက်ပဲ ရသေးတယ်။ ဆရာတော်တွေက စိတ်ဆိုးပြီး ပဋ္ဌာန်းပွဲကို ပိတ်လိုက်တာ” ဟု အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။

နောက်ထပ် တိုက်ပွဲများ ဖြစ်မှာကို ကြောက်လန့်နေကြသည့် ဘုရားသုံးဆူ မြို့ခံ အများအပြား တိမ်းရှောင်မှုများ ရှိနေပြီး မြို့အနောက်ဘက် ၉ မိုင်အကွာရှိ ချောင်းဆုံ လှေဆိပ်တွင် ပြည့်နှက်နေသည်။

ကရင်အမျိုးသား အစည်းအရုံး KNU၊ DKBA နှင့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့များ လှုပ်ရှားရာ ဒေသတခုဖြစ်သော ဘုရားသုံးဆူတွင် ဇွန်လ ၅ ရက်နေ့က မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ ဦးက အစိုးရ တပ်စခန်းများကို အလစ်ဝင်ပစ်ခဲ့သည်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် အစိုးရပ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA တပ်ရင်း ၉ဝ၇ တို့ ဘုရားသုံးဆူတွင် တိုက်ပွဲ ဖြစ်ခဲ့သည်။


လူ့အခွင့်အရေး ကိစ္စ မြန်မာတာဝန်ခံရန် အမေရိကန် ပြော
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်



မဇ္ဈိမသတင်းဌာန ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များအတွက် မြန်မာနိုင်ငံကို တာဝန်ခံစေလိုကြောင်း အမေရိကန်က ကုလသမဂ္ဂကို ပြောကြားလိုက်သည်ဟု AP အေပီ သတင်းတရပ်က ဆိုသည်။

တရုတ်၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဘားရိန်း၊ ဘီလာရုစ်၊ ကျူးဘား၊ သီရိလင်္ကာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗီနီဇွဲလား၊ ယီမင်နှင့် ဇင်ဘာဘွေတို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်သော နိုင်ငံများအဖြစ် အမေရိကန်က ပြောဆိုထားသည်။

‘‘သဘောထား ကွဲလွဲသူများကို ဖိနှိပ်သော်လည်း အရေးယူ အပြစ်ပေး မခံရသော နိုင်ငံများစွာ ရှိသည်’’ ဟု ကုလလူ့အခွင့်အရေး ကောင်စီသို့ စေလွှတ်ထားသော အမေရိကန် သံအမတ်ကြီး အီလင်း ချိန်ဘာလိန် ဒိုနာဟိုး Eileen Chamberlain Donahoe က ပြောသည်ဟု AP က ရေးသားသည်။

ဇွန်လတွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးက နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို `ကမ္ဘာလုံးဆိုင်ရာ ပုံမှန်သုံးသပ်မှု´ UPR အဖြစ် ပြုလုပ်ခဲ့သည်။

အဆိုပါ UPR ကို ၄ နှစ်တကြိမ် ပြုလုပ်ပြီး လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်း၍ တိုးတက်စေရန် မည်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုထားပြီ ဆိုသည်ကို ကြေညာခွင့်မှာ နိုင်ငံတိုင်းကို ပေးအပ်ထားသည်။ အလားတူ အဖွဲ့ဝင်နိုင်ငံများကို နိုင်ငံတနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးတက်စေရန် လုပ်ဆောင်ရမည့် အချက်များကို
ထောက်ခံတင်ပြခွင့်လည်း ပေးအပ်ထားသည်။

‘‘ကမ္ဘာတွင် လူ့အခွင့်အရေး အခြေအနေ အဆိုးဆုံးဖြစ်ပွားနေသည့် နိုင်ငံများတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာ၌ UPR သည် အလွန်အစွမ်းထက်သည်’’ ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
ပြောဆိုခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့ကြီး၏ အပြောအရ မြန်မာနိုင်ငံသည် အဆိုပါ ပြန်လည် သုံးသပ်မှုတွင် ပြုလုပ်ခဲ့သော ထောက်ခံတင်ပြမှု ၁၉ဝ အနက် ၇၄ ခုကိုသာ လက်ခံခဲ့သည်ဟု မဇ္ဈိမသတင်းဌာနက ကြာသပတေးနေ့တွင် ရေးသားခဲ့သည်။

မည်သည့် တင်ပြချက်များကို လက်ခံသည်ဟူသော အချက်ကို ရှင်းလင်းတင်ပြရန် AI က မြန်မာနိုင်ငံကို တောင်းဆိုခဲ့ပြီး၊ ‘‘ မြန်မာနိုင်ငံက ငြင်းပယ်ခဲ့သော ထောက်ခံတင်ပြချက် ၇ဝ အနက် အများအပြားမှာ နိုင်ငံတွင်း လူ့အခွင့်အရေး ကာကွယ်မှုများ ပြုလုပ်ရာ၌ အနိမ့်ဆုံး လိုအပ်ချက်များ ဖြစ်သည်’’ ဟု AI ၏ ကြေညာချက်တွင် အလေးပေး ဖော်ပြထားသည်။

ကုလလူ့အခွင့်အရေး ကောင်စီသည် သေဒဏ်ပယ်ဖျက်ရေးအတွက် အမေရိကန်ကို တိုက်တွန်း ပြောကြားခဲ့ပြီး၊ ယင်းအတွက် ၂ဝ၁ဝ နိုဝင်ဘာတွင် ကောင်စီ၏ ဝေဖန်ပြောကြားခြင်း ခံခဲ့ရသည်။ အီရတ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အမေရိကန် ပါဝင် ပတ်သက်နေမှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ပါရန်လည်း ကုလအဖွဲ့က အမေရိကန်သမ္မတ မစ္စတာအိုဘားမားကို တောင်းဆိုခဲ့သည်ဟု ဂါးဒီးယန်း သတင်းစာကြီးက ရေးသားထားသည်။

အယ်လ်ခိုင်းဒါး ခေါင်းဆောင်အဖြစ် အိုင်မန် အယ်လ်ဇာဝါရီကို ရွေး

By ဗွီအိုအေ (မြန်မာဌာန) 16-06-2011

အိုစမာ ဘင်လာဒင် (Osama Bin Laden) နေရာကို ဆက်ခံဖို့အတွက် အီဂျစ်နိုင်ငံဖွား အိုင်မန် အယ်လ်ဇာဝါရီ (Ayman al-Zawahri) ကို ရွေးချယ်လိုက်ပြီလို့ အယ်လ်ခိုင်းဒါးအဖွဲ့က ဆိုပါတယ်။

ဒီအကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်သစ် ကြေညာချက်ကို အယ်လ်ခိုင်းဒါးအဖွဲ့က အစ္စလာမ် အင်တာနက် စာမျက်နှာတခုမှာ တင်လိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့က အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေဟာ အစ္စလာမ်ဘာသာကို ကျူးကျော် ဖျက်ဆီးသူတွေ ဖြစ်တယ်လို့ သုံးနှုန်းလိုက်ပြီး ဒီနိုင်ငံတွေကို ချက်ချင်းပဲ ဘာသာရေးစစ်ပွဲ၊ မြင့်မြတ်တဲ့ စစ်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။

အယ်လ်ခိုင်းဒါး အဖွဲ့ကပဲ အစ္စလာမ်ပိုင်နက် နယ်မြေထဲမှာ ကျူးကျော် ၀င်ရောက်နေတဲ့ ဒီတပ်တွေ မထွက်ခွာသ၍ တိုက်ပွဲ ဆက်ဝင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

နောက်အပတ်မှာ အသက် ၆၀ ပြည့်မယ့် ခွဲစိတ်ဆရာဝန် ဇာဝါရီဟာ အချိန်ကြာမြင့်စွာ ဘင်လာဒင်ရဲ့ လက်ထောက် လုပ်လာသူ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် နှံ့စပ်သူတွေကတော့ ဇာဝါရီဟာ အယ်လ်ခိုင်းဒါးရဲ့ အဓိက မဟာဗျူဟာကျကျ စဉ်းစားနိုင်သူနဲ့ စစ်ဆင်ရေး စီမံသူ ဖြစ်တယ်လို့ ယူဆကြပါတယ်။

ပညာတတ် အလယ်အလတ် လူတန်းစာအလွှာက လာတဲ့ ဇာဝါရီဟာ ဆယ်ကျော်သက်အရွယ် ကတည်းက အစ္စလာမ်ဘာသာ အစွန်းရောက်သူ ဖြစ်လာခဲ့ပြီး လက်ရှိ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နယ်စပ်နားက တောင်ထူထပ်တဲ့ နေရာမှာ အခြေစိုက် နေထိုင်နေတယ်လို့ ယုံကြည်ထားကြပါတယ်။

အမေရိကန် အကြမ်းဖက် တိုက်ဖျက်ရေး အရာရှိ ဂျွန် ဘရန်နန် (John Brennan) ကတော့ ဒီခေါင်းဆောင်သစ်ကိုလည်း ထပ်ရဖို့ အမေရိကန် အနေနဲ့ လိုက်ရှာနေတယ်လို့ ဒီတပတ်ထဲမှာ ပြောခဲ့ပါတယ်။



နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု မြန်မာနိုင်ငံနေရာအနှံ့တွင် ပြုလုပ်


June 16th, 2011 | စာရေးသူ - ဘုန်းခိုင်.... ရိုးမ 3 သတင်ဌာန


မြန်မာနိုင်ငံတွင်းက ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မိတ္ထီလာ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ဒေသတွေမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် စာရွက်ကပ်၊ စာတိုက်ကနေ စာဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေအပြင် ဝတ်ပြုဆုတောင်းပွဲတွေလည်း ဒေသအတော်တော်များများတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေက ဒီကနေ့ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို လူငယ်တွေစုပြီး လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တဦးက “မြောက်ဥက္ကလာပဆေးရုံနဲ့ အထက (၁) (၂)၊ မဂိုလမ်းတ၀ိုက်နဲ့ မြေနီကုန်း၊ မြကလေးရုပ်ရှင်ရုံတ၀ိုက် စိန်ဂျွန်း ဈေးမှတ်တိုင်၊ စမ်းချောင်းမြို့နယ် အဲဒီနေရာတွေမှာ ကျနော်တို့က သုံးမျိုးလှုပ်ရှားတယ်။ စာအိတ် (၁၅၀၀) ကို လိပ်စာတပ်ပြီး စာထည့်တဲ့ လှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းပြန်လွတ်ပေးဆိုတဲ့ စာကို အရွက်ရေ (၂၀၀)ကပ်တဲ့လှုပ်ရှားမှု၊ နောက်တခုက ဗိုလ်ချုပ်ပုံပါတဲ့ လက်ကမ်းစာစောင်မှာ မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ အခုအစိုးရသစ်ကို ကျနော်တို့နဲ့အတူ ငြိမ်းချမ်စွာ ဆန္ဒပြတိုက်ပွဲဝင်ဖို့ လှုံ့ဆော်ထားပါတယ်” ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ် သမာဓိ(၈) လမ်းက ဒေါ်အေးမြင့်သန်းရဲ့ နေအိမ်မှာလည်း ဒီကနေ့မနက်က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆန္ဒပြုဆုတောင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေလို့ စာတမ်းရေးထိုးထားတဲ့ မိုးပျံဗူပေါင်း အလုံး (၈၈) လုံးနဲ့ ငှက် (၈၈) ကောင်ကို လွတ်ပြီး ဆန္ဒပြခဲ့တာလို့ သိရသည်။

အလားတူရခိုင်ပြည်နယ်အတွင်း ရက္ခအလင်းတန်းအဖွဲ့က စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံ၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်စတဲ့ မြို့တွေအပါအ၀င် မြို့နယ် (၁၃)ခုက တန်ခိုးကြီးဘုရားနဲ့ စေတီတွေမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ဆုတောင်းပွဲတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရက္ခအလင်းတန်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မပန်သုစံက “တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်ပါစေကြောင်းပေါ့နော် အဲလို ဆုတောင်းပွဲလုပ်တဲ့အပြင် ကျမတို့ ရခိုင်လူမျိုးတွေကို အခုလောလောဆယ် ဘာသာရေးအရ မတရားကျူးကျော်ခံနေရတဲ့ မင်းစိုးမင်းညစ်ရဲ့ နှိပ်စက်မှုအန္တရာယ်က ကင်းရှင်းပါစေကြောင်းဆိုတဲ့ ဆုတောင်းပွဲ ရက္ခအလင်းတန်းအဖွဲ့တွေက စုပေါင်းပြီး ဆုတောင်းခဲ့တယ်” ဟု ပြောသည်။

ရက္ခအလင်းတန်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ ဘုရားနဲ့ စေတီတော်တွေထံ ဆုတောင်းရာတွင် သစ်သီး (၉) မျိုးနဲ့ သစ်သီးဆွမ်းကပ်ပြီး ဘုရားမီးပူဇော်ကာ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း အသုတ်မြို့က ဘုရားမှာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲမှာ သာမန်အရပ်သားတွေပါ ပါဝင်ပြီး အယောက် (၃၀) ကျော်က ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ အလားတူ ရန်ကုန်တိုင်းအတွင်းက သုံးခွနဲ့ ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၊ မန္တလေးနဲ့ မိတ္တီလာမြို့တွေမှာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆုတောင်းပွဲများကို အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက်ဟန့်တားတာ မရှိဘူးလို့ သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */