“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 11, 2011

ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာအစိုးရသစ် တောင်းဆို

ခင်ဦးသာ Friday, 10 June 2011 18:20
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်၍ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကုသမဂ္ဂ လူ့အခွင့် အရေးကောင်စီ၌ မြန်မာအစိုးရသစ်က တောင်းဆို လိုက်သည်။

အစိုးရသစ်သည် သက်တမ်းအားဖြင့် ၆၉ ရက်သာ ရှိသေးသော်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာကို ကိုယ်စားပြုသည့် ကမ္ဘာ့ ကုလသမဂ္ဂကဲ့သို့သော အဖွဲ့ကြီးကလည်း ပူးပေါင်းပါဝင် နေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများကို ရှေးရှု၍ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က တောင်းဆိုခဲ့သည်ဟု အစိုးရ၏ ယနေ့ထုတ် သတင်းစာများတွင် ရေးသားထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၁၇ ကြိမ်မြောက် အစည်းအဝေးကို ဂျနီဗာမြို့၌ မေလ ၃၀ ရက်မှ စတင်ကျင်းပလျှက်ရှိရာ ဇွန်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ ပြည်ပရောက် အတိုက်အခံ အင်အားစုများလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ထိုအစည်းအဝေးတွင် အဝေးရောက် ညွန့်ပေါင်အစိုးရအဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းလည်း တက်ရောက်နေရာ မြန်မာအစိုးရ ပြောဆိုနေသော နိုင်ငံရေးအကျဉ်းသား မရှိ ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပြီး မကြာခင်က ပြန်လွတ်လာသူများ၌ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၁ ဦးသာ ပါဝင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဦးဆောင်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင် တရပ်ကို အမြန်ဆုံးဖွဲ့စည်းရေးနှင့် မြန်မာစစ်အစိုးရ ကျူးလွန်ထားသော စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကိုလည်း အစိုးရ၏ တားဆီး ဟန့်တားမှုတစုံတရာ မရှိစေဘဲ အကျဉ်းထောင် အသီးသီးသို့ ချက်ချင်းဝင်ရောက် စစ်ဆေးခွင့် ပြုရန်အတွက် ဒေါက်တာသောင်းထွန်းက ဆွေးနွေးခဲ့သည်။

အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ကျင့်စဉ် မရှိမှုများအပေါ် အခြေခံ၍ ဥပဒေအရ စီးပွားရေး ပိတ်ဆို့ထားခြင်း ဖြစ်သောကြောင့် ၎င်းပိတ်ဆို့မှုကို ဥပဒေအရ ထောက်ခံကြောင်း ရန်ကုန်မှ ရှေ့နေ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ စံနှုန်းတွေ မရှိတော့ဘူးဆိုရင် စီးပွားရေး ပိတ်ဆို့တာတွေက ပျောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်ပွင့်လင်းသော တရားစီရင်မှု တစုံတရာမတွေ့ ရသေးကြောင်းလည်း ဦးအောင်သိန်းက ပြောသည်။

“တရားရုံးတွေရဲ့ အခေါ် အဝေါ်တွေ၊ ဆိုင်းဘုတ်တွေ ပြောင်းလဲသွားတာက လွဲရင် တရားစီရင်မှုဆိုင်ရာ ကိစ္စတွေမှာ အပြောင်းအလဲ ဘာတခုမှ ထူးခြားလာတာ မတွေ့ရသေးဘူး” ဟု လည်း သူက ဆိုသည်။

ဂျနီဗာ၌ ကျင်းပနေသည့် အစည်းအဝေးသည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်းက အဆိုပြုထားခဲ့ကြသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ် များနှင့် ပတ်သက်သော အကြံပြုချက် ၁၉၀ ကို ပြန်လှန်သုံးသပ်သည့် ဆွေးနွေးပွဲဖြစ်သည်။

အကြံပြုချက် ၁၉၀ အနက် အချက် ၇၀ သည်မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို ထိပါးသည်ဟု ဆိုကာ မြန်မာ အစိုးရသစ်က ပယ်ချခဲ့သည်။ ၇၄ ချက်အား ထောက်ခံပြီး ကျန် ၄၆ ချက်ကို စဉ်းစားသုံးသပ်ဦးမည်ဟု မြန်မာအစိုးရက ဆိုထားသည်။

မြန်မာ အစိုးသစ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အတိုင်း ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံသားတိုင်း၏ အခြေခံ ရပိုင်ခွင့်၊ အခြေခံ အခွင့်အရေးများကို လက်ရှိ ဖွဲ့စည်းပုံပါအတိုင်း ပြန်လည်သုံးသပ် ဆွေးနွေးသွားမည်ဟု မြန်မာကိုယ်စားလှယ် ဒေါက်တာ ထွန်းရှင်က ပြောခဲ့သည်။

မည်သည့်နိုင်ငံမဆို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရမှုများ ရှိကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက် လာခြင်းကပင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာအစိုးရ၏ လူသားမျိုးနွယ်တုံး သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံးစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် တောင်းဆိုထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားအား မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ မပေးသေးပေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်လက ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ၏ အကျဉ်းထောင် များအတွင်း ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကြောင်း၊ တိုင်းရင်းသား ဒေသများ၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */