ခင်ဦးသာ Thursday, 09 June 2011 15:14
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဒုတိယအကြိမ် ရာထူးသက်တမ်း အရွေးခံရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံး၌ ဇွန်လ ၆ ရက်နေ့က ကြေညာရာ၌ မြန်မာနိုင်ငံအတွက် ၎င်း၏ လုပ်ဆောင်ပေးခဲ့မှုများကိုလည်း ထည့်သွင်းပြောဆိုသွားသည်။
မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်း ကိစ္စအပါအ၀င် ဟေတီ၊ ပါကစ္စတန် စသည့် နိုင်ငံများ၌ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကိစ္စများ၊ ကမ္ဘာ့လူထု၏ ဆင်းရဲကျပ်တည်းမှုများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့၍ ဒုတိယအကြိမ် ၅ နှစ် ရာထူးသက်တမ်းအတွက် အရွေးချယ်ခံသင့်ကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့သည်။
မစ္စတာ ဘန်ကီမွန်းသည် နယူးယောက်မြို့တွင် ယမန်နေ့က ကျင်းပသော မြန်မာ့မိတ်ဆွေနိုင်ငံများ ညီလာခံ၌ ကြေညာချက် တခုထုတ်ပြန်ရာ ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များ၌ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။
သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးက မစ္စတာဘန်ကီမွန်းသည် ဒုတိယ ရာထူးသက်တမ်း အရွေးခံရန် တရုတ်နိုင်ငံ၏ ထောက်ခံမှုရရှိရေးအတွက် မြန်မာ့အရေးကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း ပြောသည်။
ဦးတင်ဦးက “ဘန်ကီမွန်းရဲ့ ပထမ သက်တမ်းမှာ နောက်တကြိမ်ပြန်အရွေးခံဖို့ မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ ဖိဖိစီးစီးလုပ်ခဲ့တာ မတွေ့ရဘူး။ တရုတ်လို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဆီကနေ ထောက်ခံမှုကို လိုချင်လို့ ဖြစ်မယ် ထင်တယ်။ ဒုတိယ သက်တမ်းမှာတော့ ဒီကိစ္စတွေကို ဖိဖိစီးစီး ကြိုးစားချင်လည်း ကြိုးစားလိမ့်မယ်” ဟု ဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဒုတိယအကြိမ် ရာထူးသက်တမ်းအတွက် မစ္စတာ ဘန်ကီမွန်းအား ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများနှင့် ဗီတိုအာဏာ ရထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဖြစ်သည့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ တရုတ် စသည့်နိုင်ငံများက ထောက်ခံကြောင်း ကြေညာထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံ၌ လူပေါင်း တသိန်းသုံးသောင်းကျော် သေဆုံးခဲ့ပြီး လူဦးရေ သန်းချီကာ အိုးအိမ်မဲ့ဖြစ်စေခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတွင် ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ အကူအညီများ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကိစ္စများကို မစ္စတာ ဘန်ကီမွန်းက ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များဦးဆောင်သော လူထုဆန္ဒထုတ်ဖော်မှုအား စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းပြီးနောက် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီအား မြန်မာနိုင်ငံသို့ စေလွှတ်၍ အာဏာပိုင်များနှင့် ဆွေးနွေးစေခဲ့သော်လည်း သိသာသော အပြောင်းအလဲများ လုပ်ဆောင်နိုင်မှု မရှိခဲ့ဟု လေ့လာသူများက သုံးသပ်ကြသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်၍ မစ္စတာ ဘန်ကီမွန်း အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အား စေလွှတ်မှု နောက်ကျသော်လည်း နာဂစ်ကဲ့သို့သော သဘာဝဘေးအန္တရာယ်အတွက် လုပ်ဆောင်ပေးနိုင်ခဲ့မှုတချို့ ရှိခဲ့ခြင်းကြောင့် သူ၏ မြန်မာပြည်နှင့်ပတ်သက်၍ ကြိုးပမ်းချက်သည် အတန်အသင့်ကောင်းမွန်သည်ဟု မှတ်ချက်ပြုနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဘာကလေ တက္ကသိုလ်မှ မြန်မာ့အရေးသုတေသီ ကိုမင်းဇင်က ပြောသည်။
မစ္စတာ ဘန်ကီမွန်းသည် ၂၀၀၈ ခုနှစ် နာဂစ်အလွန်၌ တကြိမ်၊ ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်ထော ၀င်ရောက်ပြီးနောက် တကြိမ် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ့နိုင်ငံရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သို့ရာတွင် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်များအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေး ဆောင်ရွက်ရာတွင် မြန်မာအစိုးရ၏ ပူးပေါင်းပါဝင်မှု၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတို့၏ ထောက်ခံမှုမရပါက မစ္စတာ ဘန်ကီမွန်းသည် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် မလွယ်ကူဟု ကိုမင်းဇင်က ပြောသည်။
တောင်ကိုးရီးယား နိုင်ငံခြားရေး ၀န်ကြီးဟောင်းဖြစ်သူ အသက် ၆၆ နှစ်အရွယ်ရှိ မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသား ဦးသန့် ပြီးနောက် အာရှတိုက်မှ ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။
မစ္စတာ ဘန်ကီမွန်းသည် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် အထွေထွေ အတွင်းရေးမှူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ၅ နှစ် ရာထူးသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
မစ္စတာ ဘန်ကီမွန်း၏ ဒုတိယအကြိမ် ရာထူးသက်တမ်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာရာ၌ ကုလသမဂ္ဂ အဖွဲ့ကြီးသည် ပြီးပြည့်စုံသော အဖွဲ့တခု မဟုတ်သော်လည်း ကမ္ဘာကြီးအတွက် အရေးပါသော ဌာနကြီးတခု ဖြစ်ကြောင်း၊ ၁၀ နှစ်ကျော်အတွင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ အသုံးစရိတ် သုံးစွဲမှု ငွေပမာဏကို မစ္စတာ ဘန်ကီမွန်း လက်ထက်တွင် လျော့ချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ ထိပ်တန်းနေရာများတွင် အမျိုးသမီးများ နေရာရရှိရေးအတွက် မစ္စတာ ဘန်ကီမွန်းက ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟုလည်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
မစ္စတာ ဂမ်ဘာရီသည် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်မှ အနားယူပြီးနောက် မစ္စတာ ဘန်ကီမွန်း၏ အကြံပေးအရာရှိ အိန္ဒိယနိုင်ငံသား မစ္စတာ ဘီဂျေ နမ်ဘီးယားအား မြန်မာနိုင်ငံအတွက် ယာယီကိုယ်စားလှယ်အဖြစ် တာဝန်ပေးခဲ့သည်။
Rest of your post
Friday, June 10, 2011
ဘန်ကီမွန်း မြန်မာ့အရေးဆောင်ရွက်မှု ထုတ်ဖော်ပြောဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment