“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 11, 2011

ထူးမခြားနား သူတို့သဘောထားနဲ့ ဂျွန်မက်ကိန်း ခရီးစဉ်

ရိုးမ ၃
ရီပတ်ဗလစ်ဆီနိတ်တာ မစ္စတာဂျွန်မက်ကိန်းက သူ့ခရီးစဉ်အတွင်း သူကြားသိခဲ့ရတာတွေကို မည်သို့ကောက်ချက်ချ လိမ့်မည်တော့မသိ။ “အစိုးရသစ်” ရဲ့ ဒုတိယသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ပြောလိုက်တဲ့စကားများနဲ့ သဘောထားတွေကတော့ ခပ်မာမာပင်။ နိုင်ငံရေးအကျဉ်းသားများ ကိစ္စ၊ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်တဲ့ သဘောထားပုံမှာ –
- နိုင်ငံရေးအကျဉ်းသားမရှိ။
- တစ်ဦးခြင်းဖြစ်စေ၊ ပါတီတစ်ခုချင်းအလိုက်ဖြစ်စေ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လိုပါက ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံပြီး ဆောင်ရွက်နိုင်တယ်။ လွှတ်တော်သည်သာ နိုင်ငံ၏အနာဂတ်အရေးအတွက် ဆွေးနွေးရန် အသင့်လျော်ဆုံးနေရာ။ (တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားလုံးပင် မသုံးပါ)
- သာမန်အရပ်သားတစ်ဦးအဖြစ် သဘောထားတယ်။ သာမန်အရပ်သားတစ်ဦးအနေဖြင့် ဥပဒေနှင့်အညီ သွားလာလှုပ်ရှားဆောင်ရွက်မှုများကို ကန့်သတ်ရန်မရှိ၊ မြန်မာနိုင်ငံသားမှန်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံ အသိအမှတ်ပြုရမယ်။

အများက အလေးထား ကိုးကားပြောနေကြတဲ့ မတ်လ ၃၀ ရက်မှာပြောခဲ့တဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်း၏ သရုပ်မှန်သည် တဖြည်းဖြည်းနဲ့ ထင်ရှားလာခဲ့ချေပြီ။
မြင်ခဲ့ ထင်ခဲ့ကြသော အကောင်းမြင်မျှော်လင့်မှုများသည် “အစိုးရသစ်” သက်တမ်းရက်ပေါင်း ၁၀၀ မပြည့်မီအတွင်းမှာပင် ထင်သလိုမြင်သလို လုံးဝမဟုတ်ခဲ့ကြောင်း အပြည့်အဝ အပီအပြင် နားလည်သဘောပေါက်နိုင်တော့မယ်။

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ သဘောထားပုံမှာလည်း ရှင်းပါတယ်။
စုစုပေါင်းအဖွဲ့ကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရယူခဲ့တယ်။
အဲဒီအထဲက (၁၄) ဖွဲ့က အခြေခံဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။

ကျန် (၃) ဖွဲ့က ငြိမ်းချမ်းရေးမယူသေးသည့်အဖွဲ့ (၂) ဖွဲ့ ပူးပေါင်းပြီး အစိုးရအား လက်ရှိဆန့်ကျင်နေတယ်။ စုစုပေါင်း အဖွဲ့ (၅) ဖွဲ့ရှိတယ်။ ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားနိုင်အောင် ငြိမ်းချမ်းရေးတံခါးဖွင့်ပြီး လက်ကမ်းကြိုဆိုလျက်ရှိတယ်။

(၁၇) ဖွဲ့ထဲက (၁၄) ဖွဲ့ အခြေခံဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုထားလေတော့၊ အခြေခံဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အဖွဲ့ (၃) ဖွဲ့က ဘယ်အဖွဲ့အစည်းတွေဖြစ်ပါသလဲ။ (KNPP) (NMSP) နဲ့ (KIO) တို့ကို ဆိုလိုပါသလား။

ယခင် (CPB) ခွဲထွက်အဖွဲ့တွေဖြစ်တဲ့ (UWSP) (NDAA) စတဲ့အဖွဲ့တွေနဲ့က အခြေခံဥပဒေကို အပြည့်အဝ လက်ခံလိုက်ပြီလား။ (BGF) အဖြစ်အသွင်ပြောင်းရေးကို သူတို့သဘောတူလိုက်ပြီလား။

ကချင်ပြည်နယ် မြစ်ကြီးနားတစ်ဝိုက် မိုင်းကွဲဒဏ်ရာရတဲ့ သတင်းတွေဖေါ်ပြရာမှာတော့ “KIA (ကချင်) အဖွဲ့” လို့ နေ့စဉ်ထုတ် သတင်းစာတွေထဲမှာ ဖေါ်ပြထားတယ်။
(UWSP) (NDAA) နဲ့ (KIO) တို့ဟာ တရုတ်ပြည်ကို ကျောပေးထားရတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ “ပေါက်ဖော်” က သူတို့အပေါ် တကယ်တန်းမီးသေပါ့မလား။ (UWSP) နဲ့ (NDAA) တို့အပေါ် မီးသေတယ်ထား။ (KIO) အပေါ် “ပေါက်ဖော်” က မီးသေနိုင်ပါ့မလား။ “ပေါက်ဖော်” စကားကို (KIO) က လက်ခံပါ့မလား။
ပေါက်ဖော်ကလည်း “ကုန်ထုတ်စွမ်းအားစု၊ မီးရထားလမ်း၊ သင်္ဘောဆိပ်တို့လို ကျနော်တို့တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံ” တွေမှာ ရင်းနှီးမြှုပ်နေတာ ဖြစ်ပြီး၊ ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ခွင့်ရဖို့ အထိလည်း ကြိုးစားမှာ အသေအချာပဲဖြစ်ပါတယ်။

ဒီတော့ တရုတ်နယ်စပ်မှာ သေနတ်သံထွက်မလာနိုင်ဘူးလို့ မပြောနိုင်သလို၊ (BGF) အဖြစ်အသွင်ပြောင်းရေးလည်း ရှောရှောရှူရှူ မဖြစ်ဖို့ မလွယ်ပါဘူး။
ချုပ်လိုက်တော့ ဂျွန်မက်ကိန်းခရီးစဉ်မှာ သူတို့ (အစိုးရသစ်) ပြောလိုက်တဲ့ စကားတွေနဲ့သဘောထားတွေက မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေးပြဿနာနဲ့ အပြီးအပြတ်သဘောထားလို ဖြစ်ပါတယ်။ ပြေလည်မယ့်အရိပ်အရောင် မတွေ့ရပါဘူး။

နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်လွတ်မြောက်ဖို့ မမျှော်လင့်နိုင်သလို၊ ထိပ်သီးချင်း (ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်) တွေ့ဆုံဆွေးနွေးရေး ဆိုတာက အလှမ်းဝေးမြဲဝေးနေဆဲပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို “သာမန်အရပ်သားတစ်ဦးအဖြစ် သဘောထားတယ်” တဲ့။ “အရပ်သားအစိုးရ” က “အရပ်သားလိုသဘောထားတယ်ဆိုပြီး” ဘယ်လိုအကြောင်းတွေကြောင့်များ မတွေ့နိုင်တာပါလိမ့်။

“နိုင်ငံရေးအကျဉ်းသားများ၊ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်” တို့အပေါ် ထားရှိခဲ့တဲ့ (နအဖ) စစ်အစိုးရရဲ့ သဘောထားနဲ့ လက်ရှိ “ဦးသိန်းစိန် အရပ်သားအစိုးရ” သဘောထားဟာ ဘာမျှမထူးခြားပါဘူး။ အတူတူနဲ့ အနူနူပါပဲ။

ဒါ့အပြင်သမ္မတကြီး (၃) ယောက်ရဲ့ဆောင်ရွက်လုပ်ကိုင်နေပုံများကိုလည်း အခုလိုခွဲခြမ်းနိုင်ပါတယ်။
ဆင်းရဲသားတောင်သူလယ်သမားတွေကို “အသေးစားငွေချေး” ရမယ်လို့ မိန့်ခွန်းချွေတဲ့ သမ္မတဦးသိန်းစိန်ဟာ “ပေါက်ဖော်” ဆီပြေးပြီး “အကြီးစားငွေချေး” သွားရသူဖြစ်ပါတယ်။

ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးကတော့ ဆီနိတ်တာ ဂျွန်မက်ကိန်းနဲ့တွေ့တာ “အဆွေတော်တို့နှင့် မိမိတို့သည် မူဝါဒစနစ်လမ်းကြောင်းတစ်ခုတည်းအပေါ် ရောက်ရှိနေပြီး ပိုမိုနီးကပ်နေပြီဖြစ်ပါကြောင်း၊ ထို့ပြင်နိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး (Geopolitics) အနေအထားအရ ပူးပေါင်းဆောင်ရွက်ရခြင်းများလည်း ရှိမည်သာဖြစ်ပါကြောင်း” ဆိုပြီး “မျက်ဖြေစကား” ဆိုရသူဖြစ်တယ်။ “ဝါဒသဘောထားခြင်းမတူတဲ့ (မဆလ) ခေတ်မှာတောင် အကူအညီတွေ အများကြီးပေးခဲ့သေးတာပဲ” တဲ့။

ရှမ်းအမျိုးသား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ခမျာမှာတော့ သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့လို နိုင်ငံရေးမှာ မပါဝင်ရဘဲ၊ “လူမှုရေး၊ သာသာနာရေး၊ ပညာရေး၊ ကျန်းမာရေး” လုပ်ငန်းတွေကိုသာ အဓိကထား လုပ်နေတာတွေ့ရလို့ “လူမှုရေးသမ္မတကြီး” ဖြစ်တယ်လို့ ခွဲခြမ်းနိုင်မှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ခွဲခြားမှု တစ်ခုပေါ့။

“မျက်ဖြေစကား” ဆိုမယ့်သာဆိုပေမယ့်လည်း ဇွန်လ ၃ ရက်နေ့ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၅) မှာ စီးပွားရေး လာသောင်းကျန်းတဲ့ ပေါက်ဖော်ကွန်မြူနစ်ပေါ်လစ်ဗျူဝင် (မစ္စတာလီယွန်ချောင်) ရဲ့သတင်းဓါတ်ပုံအောက်မှာ နိုင်ငံရေးလာဆွေးနွေးတဲ့ ရီပတ်ဗလစ်ဆီနိတ်တာရဲ့ သတင်းဓါတ်ပုံကို ဖေါ်ပြလိုက်တာကလည်း “အစိုးရသစ်” ရဲ့မီဒီယာပညာခန်းတစ်ခုဖြစ်မယ်လို့ ထင်မြင်ရကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

တူမောင်ညို

(၂၀၁၁ ခုနှစ်၊ ဇွန်လ ၃ ရက်)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */