ပြစ်မှုအချို့သည် ရဲအရေး မပိုင်သောကြောင့် တရားရုံးသို့ တိုင်ကြားနေ ရကြောင်း သိရ ဥပဒေ၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူမှု အချို့ကြောင့် ဥပဒေစိုးမိုးမှုအပေါ် သက်ရောက်လာ
ပြစ်မှုအချို့သည် ရဲအရေးမပိုင်သောကြောင့် တရားရုံးသို့ တိုင်ကြားနေရပြီး ဥပဒေ၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူမှု အချို့ကြောင့် ဥပဒေစိုးမိုးမှုအပေါ် သက်ရောက်လာကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။
ရဲအရေးမပိုင်သည့် ပြစ်မှုအမျိုးအစား အချို့မှာ ပြစ်မှုပုဒ်မ ၃၂၃ မိမိအလိုအလျောက် နာကျင်စေမှု၊ ပြစ်မှုပုဒ်မ ၅၀၀ အသရေဖျက်မှု၊ ပြစ်မှုပုဒ်မ ၄၉၇ မယားခိုးမှု၊ ပြစ်မှုပုဒ်မ ၅၀၄ ငြိမ်ဝပ်ရေး ပျက်ပြားစေရန် အကြံဖြင့် စော်ကားမှု၊ ပြစ်မှုပုဒ်မ ၅၀၆ ပြစ်မှုမကင်းသော ခြောက်လှန့်မှု၊ ပြစ်မှုပုဒ်မ ၅၀၉ မိန်းမတို့ ကာယိနြေ္ဒကို စော်ကားရန် ရည်ရွယ်သော စကားပြောခြင်း သို့မဟုတ် ကိုယ်အမူအရာ ပြသခြင်း ပြုလုပ်မှု၊ ပြစ်မှုပုဒ်မ ၅၁၀ မူးယစ်လျက် အများပြည်သူနှင့်ဆိုင်သော နေရာ စသည်များသို့ လာရောက်၍ တစ်ဦးတစ်ယောက်အား စိတ်ငြိုငြင်အောင် ပြုမှု၊ ပြစ်မှုပုဒ်မ ၃၅၂ လက်ရောက်မှု၊ ပြစ်မှုပုဒ်မ ၄၂၆ အကျိုးဖျက်ဆီးမှုတို့ ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
ဥပဒေ အကြံပေးတစ်ဦးက သုံးသပ်ပြောကြားခဲ့ရာ ''ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ဆိုရင် ရဲအရေး မပိုင်ပါဘူး။ ကျူးလွန်ခံရသူ တရားလိုက တရားရုံးမှာ ဦးတိုက်လျောက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သိထားသင့်တာတစ်ခုက နစ်နာတဲ့ တရားလို တွေဘက်က ကိုယ့်ကိုယ် ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူ ရှိလာပြီ ဆိုပါတော့။ သာမန် ပြည်သူတွေအနေနဲ့ ကိုယ်ကျူးလွန်ခံရတဲ့အမှုက ရဲအရေးပိုင်လား၊ မပိုင်လား မသိနိုင်ပါဘူး။ ကိုယ်ထိလက်ရောက် စော်ကားခံရပြီဆိုတာနဲ့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ သွားပြီးတိုင်တန်းတာ။ အကူအညီတောင်းတာပဲ လုပ်ရမှာပါ။ အကယ်၍ အမှုက ရဲအရေးမပိုင်ဘူးဆိုရင်တောင် ရဲတပ်ဖွဲ့စခန်း က ပုံစံ(က)(ခ)နဲ့ ဖြစ်စဉ် အချက်အလက်တွေဖြည့်ပြီး လာရောက်တိုင်တန်းသူကို တရားဝင်အောင် ဘယ်လိုဘယ်ပုံ တိုင်တန်းရမယ်။ ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး အရေးယူနိုင်အောင်လည်း ရဲတပ်ဖွဲ့စခန်းက တတ်နိုင်တဲ့ဘက်က ကူညီပေးတာတွေ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါမှ ပြစ်မှုတွေကို မြန်မြန်အရေးယူနိုင်မှာ ဖြစ်ပါတယ်''ဟု သုံးသပ်ခဲ့ပါသည်။
၎င်းက ဆက်လက်ပြောကြားခဲ့ရာ ''တချို့ကျတော့ ဥပဒေကို နားလည်ထားတော့ အားနည်းချက်ရှိတဲ့ ဥပဒေတချို့ကို သိနေတယ်။ ရဲအရေးမပိုင်တဲ့အမှုတွေက ဘာတွေဆိုတာ သိနေတယ်။ ရဲအရေးမပိုင်တဲ့ အမှုတွေကို ကျူးလွန်ရင် နစ်နာသူက တရားစွဲချင်တယ်ဆိုရင် တရားရုံးမှာ ဦးတိုက်လျောက်မှ ရမယ်ဆိုတာကို ကျူးလွန်သူက သိနေတယ်။ အဲဒီတော့ အဲဒီလို လူမျိုးတွေက ဘ၀အခြေအနေ နိမ့်ကျသူတွေ၊ ပညာနည်းပါးသူတွေ၊ တရားရုံးသွားပြီး ဦးတိုက်လျောက်ရလောက်တဲ့အထိ ငွေကြေးနဲ့ အချိန်မပေးနိုင်တဲ့ စားဝတ်နေရေးတွက် ရုန်းကန်နေရသူတွေအပေါ်မှာ ရဲအရေးမပိုင်တဲ့ အမှုတွေနဲ့ ကျူးလွန်တာတွေ ရှိလာတယ်။ ဒါကြောင့် တိုင်တန်းမယ့်သူက ဥပဒေလည်း နားမလည်၊ အတွေ့အကြုံလည်း တစ်ခါမှမရှိတဲ့သူဆိုရင် ရဲတပ်ဖွဲ့ဝင်တွေလို ကူညီပေးမယ့်သူ တွေမရှိရင် တရားရုံးမှာ ဦးတိုက်လျောက်တဲ့အခါ အမှုကို ပိုကြန့်ကြာ သွားစေနိုင်ပါတယ်''ဟု ဆိုပါသည်။
အချို့သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများ၏ ပြစ်ဒဏ်များတွင် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားရာ တရားရုံးအချို့က ပြစ်ဒဏ်ချမှတ်ရာတွင် ငွေဒဏ်ချမှတ်ခဲ့သည့် ဖြစ်ရပ်အချို့ ရှိခဲ့ကြောင်း သိရသည်။
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အချို့မှာ ၃၂၃ တုံးသော လက်နက်ဖြင့် သာမန်နာကျင်စေမှု၊ ၃၂၄ ချွန်ထက်သော လက်နက်ဖြင့် သာမန်နာကျင်စေမှု၊ ၂၉၄ ဆဲမှု၊ ၅၀၀ အသေရေဖျက်မှု၊ ၅၀၄ ငြိမ်ဝပ်ရေး ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း၊ ၅၀၆ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှု၊ ၅၀၉ မိန်းမတို့ ကာယိနြေ္ဒကို စော်ကားရန် ရည်ရွယ်သောစကား သို့တည်းမဟုတ် ကိုယ်အမူအရာ သို့တည်းမဟုတ် ပြုလုပ်မှု၊ ၃၅၂ လက်ရောက်မှု၊ ၄၂၆ အကျိုးဖျက်ဆီးမှု၊ ၄၉၇ မယားခိုးမှုတို့ ဖြစ်ကြောင်း သိရသည်။
အထက်ပါ ပြစ်မှုပုဒ်မများ၌ ထောင်ဒဏ်ဖြစ်စေဟု ဆိုရာတွင် ပုဒ်မအမျိုးအစားပေါ် မူတည်၍ ဥပဒေ၌ သတ်မှတ်ထားသော ထောင်ဒဏ် နှစ်အကန့်အသတ် အမျိုးမျိုးရှိကြောင်း သိရသည်။
ထို့ပြင် အချို့သော ပြစ်မှုများ၌ ချမှတ်နိုင်သည့် အမြင့်ဆုံးငွေဒဏ်သည် ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် ပြစ်မှုပုဒ်မ ၃၂၃ နှင့် ၃၃၆ တို့၏ ချမှတ်နိုင်သည့် အမြင့်ဆုံးငွေဒဏ်သည် ကျပ် ၁၀၀၀ နှင့် ကျပ် ၅၀၀ ဖြစ်ကြောင်း သိရသည်။
တရားရုံးသွားပြီး ဦးတိုက်လျောက်ရလောက်တဲ့အထိ ငွေကြေးနဲ့ အချိန်မပေးနိုင်တဲ့ စားဝတ်နေရေးတွက် ရုန်းကန်နေရသူတွေအပေါ်မှာ ရဲအရေးမပိုင်တဲ့ အမှုတွေနဲ့ ကျူးလွန်တာတွေ ရှိလာတယ်။ . . . ကူညီပေးမယ့် သူတွေမရှိရင် တရားရုံးမှာ ဦးတိုက်လျောက်တဲ့အခါ အမှုကို ပိုကြန့်ကြာသွားစေနိုင်ပါတယ်
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ပါက ငွေဒဏ်ဖြင့်လည်း ပြီးသွားနိုင်သည်ဟု အခွင့်ကောင်းယူနေသူများလည်း ရှိနေကြောင်း၊ ထိုသို့ အခွင့် ကောင်းယူနေသူများ အနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ရော ငွေဒဏ်ကိုပါ ကျခံရနိုင်သည်ကို သိထားသင့်ကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ခဲ့ပါသည်။
''ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀ အရ တိုင်တန်းချက် တစ်စုံတစ်ရာကို အရေးယူတဲ့ ရာဇ၀တ်တရားသူကြီးက တိုင်တန်းသူကို ကျမ်းသစ္စာနဲ့ စစ်ဆေးရပါမယ်။ အဲဒီအပြင် ထွက်ဆိုချက်တွေကိုလည်း ရေးမှတ်ရပါမယ်။ အဲဒါအပြင် တိုင် တန်းသူနဲ့ ရာဇ၀တ်တရားသူကြီးတို့က လက်မှတ်ရေးထိုးရပါမယ်'' ဟု ဥပဒေပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ပြစ်မှုတစ်စုံတစ်ရာကို အရေးယူသည့် ရာဇ၀တ်တရားသူကြီးတစ်ဦးသည် အမှုကို အရေးယူဆောင်ရွက်ရန် လုံလောက်သည့် အကြောင်းရှိသည်ဟု ထင်မြင်လျှင်၊ ထို့ပြင် အမှုမှာလည်း ဒုတိယဇယား စတုတ္ထစာတိုင်အရ ရှေးဦးစွာ သမ္မန်စာထုတ် သင့်ကြောင်း ပေါ်ပေါက်နေလျှင် စွပ်စွဲခံရသူကို ခေါ်ဆောင်လာစေရန်အတွက် သမ္မန်စာထုတ်ရမည်ဖြစ်ကြောင်း အကယ်၍ အမှုမှာ အဆိုပါဇယားအရ ဦးစွာ ပထမ၀ရမ်းစာ ထုတ်သင့်ကြောင်း ပေါ်ပေါက်နေလျှင် ယင်း ရာဇ၀တ်တရားသူကြီး၏ ရှေ့မှောက်သို့ သို့မဟုတ် (မိမိတွင် စီရင်ပိုင်ခွင့် အာဏာမရှိလျှင်) စီရင်ပိုင်ခွင့်အာဏာရှိသည့် အခြား ရာဇ၀တ်တရားသူကြီး၏ ရှေ့မှောက်သို့ စွပ်စွဲခံရသူကို ခေါ်ဆောင်လာစေရန်အတွက် ၀ရမ်းစာထုတ်နိုင်ကြောင်း သို့မဟုတ် မိမိသင့်သည်ထင်မြင်လျှင် သတ်မှတ်သည့်အချိန်တွင် စွပ်စွဲခံရသူ လာရောက်စေရန် သမ္မန်စာထုတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၄ တွင် ဆိုထားကြောင်း အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။
''အချို့ စွပ်စွဲခံရသူတွေက တရားရုံးက သမ္မန်စာထုတ်ပြီးခေါ်ရင် နည်းအမျိုးမျိုးနဲ့ ရှောင်တတ်ကြပါတယ်။ အိမ်မှာမရှိဘူးတို့၊ အိမ်ပြောင်းသွားပြီတို့၊ ခရီးသွားနေတယ်တို့ အစရှိသဖြင့် အကြောင်းမျိုးမျိုးပြ ရှောင်နေတတ်ကြပါတယ်။ စွပ်စွဲခံရသူက သမ္မန်စာကိုရပြီး သမ္မန်စာ အတည်ဖြစ်ရဲ့သားနဲ့ ရုံးတော်ကို မလာဘူးဆိုရင် ရုံးတော်က ဖမ်းဝရမ်းထုတ်တာ ခံရနိုင်ပါတယ်။ ဒါကြောင့် စွပ်စွဲခံရသူတွေက သမ္မန်စာကို မရှောင်ဘဲ တရားရုံးမှာ လာရင်ဆိုင်သင့်ပါတယ်။ ဒါမှ ကိုယ့်ဘက်က အမှန်တရားရှိရင်လည်း တင်ပြနိုင်မှာ ဖြစ်သလို၊ ကိုယ့်အမှုအတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်''ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။
သမ္မန်စာကိုရပြီး သမ္မန်စာ အတည်ဖြစ်သည်ကို တရားရုံးသို့ မလာဘဲ ရှောင်တိမ်းနေခြင်းသည် ဥပဒေအရ စွပ်စွဲခံရသူဘက်မှ အခွင့်အရေးတစ်ရပ် မဟုတ်ကြောင်း ဥပဒေပညာရှင်များက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားများအကြား ဖြစ်ပွားခဲ့သော ပြစ်မှုမြောက်သည့် ဖြစ်ရပ်အချို့ရှိနေပြီး မြန်မာနိုင်ငံသားများအား ကိုယ်ထိလက်ရောက် ကျူးလွန်သည့် နိုင်ငံခြားသားအချို့ ရှိနေကြောင်း သိရသည်။
နိုင်ငံခြားသားများ ကျူးလွန်သော ပြစ်မှုများအတွက် အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အကြောင်းကြားနိုင်ကြောင်း ထိုသို့ အကြောင်းကြားရာတွင် အချို့သော ပြစ်မှုအမျိုးအစားများသည် ကျူးလွန်ခံရသူဘက်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ သွား ရောက်တိုင်ကြားမည်ဆိုပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းက တိုက်ရိုက်အရေးမယူသော ပြစ်မှုများရှိကြောင်း၊ ယင်းကဲ့သို့ အမှုများအား ရဲအရေးမပိုင်သော အမှုများဟုခေါ်ပြီး သက်ဆိုင်ရာမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်မှသာ တရားရုံးက စုံစမ်းစစ် ဆေးမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက်ကြောင်း သိရသည်။
တရားရုံးများတွင် နိုင်ငံခြားသားအမှုအချို့ ရှိခဲ့ပြီး ယင်းအမှုများထဲတွင် ပြစ်မှုများသာမက တရားမမှုများပါ ပါဝင်နေကြောင်း တရားရုံးများတွင် အမှုရင်ဆိုင်နေရသော ရှေ့နေများနှင့်အမှုသည်များထံမှ သိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်းကပင် နိုင်ငံခြားသူနှစ်ဦးက မြန်မာအမျိုးသမီးလေးဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကမာရွတ်မြို့နယ် လှည်းတန်းတွင် ဖြစ်ပွားခဲ့ရာ ရဲအရေးမပိုင်သော အမှုဖြစ်၍ တရားရုံး၌ ဦးတိုက်လျောက် ထားမှုမရှိသဖြင့် အများမြင်ကွင်းတွင် ကျူးလွန်ခဲ့သောတရားခံမှာ သက်သာရာရရှိသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရုန်းရင်းဆန်ခတ်မှုဖြစ်စေရန် ကြံရွယ်၍ ရမ်းကားလိုသောသဘောဖြင့် ရန်စခြင်းသည် ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ပြစ်မှုပုဒ်မ ၁၅၃ ဖြစ်ကာ ရဲအရေးပိုင်သော အမှုဖြစ်၍ . . .
အဆိုပါဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် ကွမ်းခြံဈေးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လှည်းတန်းဈေးအနီးတွင် ဈေးသည်အမျိုးသမီးတစ်ဦးနှင့် နောက်ထပ် အမျိုး သမီးတစ်ဦးအား နိုက်ဂျီးရီးယားလူမျိုး အမျိုးသမီးနှစ်ဦးက ပါးရိုက်ခဲ့ပြီး ကွမ်းခြံဈေးတွင်လည်း အမျိုးသမီး နှစ်ဦးအား ထပ်မံပါးရိုက်ခဲ့ကြောင်း သိရသည်။
နိုက်ဂျီးရီးယား အမျိုးသမီးနှစ်ဦးသည် ယာယီဆင်မလိုက်ဈေးတွင်လည်း အမျိုးသမီးတစ်ဦးကိုရိုက်ရန် ကြိုးစားခဲ့ကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ အများပြည်သူများကိုလည်း ရိုင်းပျသော မဖွယ်မရာ အပြုအမူများ လုပ်ပြခဲ့ကြောင်း လျှပ်တစ်ပြက် သတင်းဂျာနယ်၌ ဖော်ပြချက်အရ သိရသည်။
ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့်ပတ်သက်၍ ဥပဒေအရ မည်သို့အရေးယူနိုင်ကြောင်းကို ''လူ တစ်ယောက်ကို ဘယ်သူမဆို ပါးရိုက်တာ၊ လက်သီးနဲ့ထိုးတာတွေ ပြုလုပ်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ အရ အရေးယူလို့ ရပါတယ်။တုတ်နဲ့ရိုက်တာတို့၊ ခွေးခြေနဲ့ရိုက်တာတို့ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ အရေးယူခံရနိုင်ပါတယ်။ ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိုးလိုက်မယ် လူမသေဘူးဆိုရင် ဒဏ်ရာပေါ်မှာ မူတည်ပြီး ပြစ်မှုပုဒ်မ ၃၂၄၊ ၃၂၆ နဲ့ အရေးယူခံရနိုင်ပါတယ်။ ဥပဒေမှာ နိုင်ငံသားဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် ပြစ်မှုကျူးလွန်ရင် သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူခံရမှာပါ။ ဒီနေရာမှာ ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူနိုင်မယ်ဆိုရင် ပြစ်မှုကျူးလွန်မှု တွေ ပိုမိုလျော့နည်းသွားမှာပါ''ဟု အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။
''အမှုတွေဖြစ်ပွားချိန်မှာ ရဲအရေးမပိုင်တဲ့ နာကျင်စေမှု တစ်ခုတည်း ကျူးလွန်သူတွေ ရှိနိုင်သလို နာကျင်စေမှုနဲ့တွဲပြီး ရဲအရေးပိုင်တဲ့ ဆဲမှုတို့၊ မိန်းကလေး ကာယိနြေ္ဒပျက်ပြားအောင် လက်ရောက်မှု ကျူးလွန်တာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ပြစ်မှု ကျူးလွန်တာ ရှိပြီဆိုရင် တိုင်ကြားသူကလည်း ရဲထံမှာ မချွင်းမချန် တိတိကျကျ တိုင်ကြားဖို့လိုသလို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဘာပုဒ်မနဲ့ငြိတယ်ဆိုတာ မှန်မှန်ကန်ကန်ဆုံးဖြတ် အရေးယူပေးနိုင်မှုတွေကလည်း အရေးပါပါတယ်။ဥပမာ နာကျင်စေမှုတစ်ခုမှာ ဆဲမှုတို့၊ မိန်းကလေး ကာယိနြေ္ဒပျက်ပြားအောင် လက်ရောက်မှု ကျူးလွန်တာတို့နဲ့ငြိနေတာကို နာကျင်စေမှု ပုဒ်မ ၃၂၃ တစ်ခုတည်းနဲ့ သက်ဆိုင်တယ်ထင်ပြီး ရဲအရေးမပိုင်ဘူးထင်လို့ ရဲက အမှုမဖွင့်ဘဲ တရားရုံးကို ဦးတိုက် လျောက်ထားခိုင်းလိုက်မယ်ဆိုရင် မလိုလားအပ်ဘဲ အမှုကို ပိုကြာသွားနိုင်ပါတယ်။ အကယ်၍ ရဲစခန်းက တရားလို လာရောက်တိုင်ကြားချိန်မှာ အမှုက နာကျင်စေမှုရော ဆဲမှုတို့၊ မိန်းကလေး ကာယိနြေ္ဒပျက်ပြားအောင် လက်ရောက်မှု ကျူးလွန်တာတို့နဲ့ ငြိနေတာကို သိနိုင်ခဲ့ရင် ရဲအရေးပိုင်တဲ့ အမှုတွေပါနေလို့ ရဲစခန်းမှာတင် အမှုဖွင့် စုံစမ်းမှုတွေ ပြုလုပ်နိုင်မှာဖြစ်လို့ ပြစ်မှုကျူးလွန်သူတွေကို မြန်မြန်အရေးယူနိုင်မှာ ဖြစ်ပါတယ်''ဟု ဥပဒေအကြံပေးတစ်ဦးက ရှင်းပြခဲ့ပါသည်။
ထို့ပြင် ရုန်းရင်းဆန်ခတ်မှု ဖြစ်စေရန် ကြံရွယ်၍ ရမ်းကားလိုသော သဘောဖြင့် ရန်စခြင်းသည် ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ပြစ်မှုပုဒ်မ ၁၅၃ ဖြစ်ကာ ရဲအရေးပိုင်သောအမှုဖြစ်၍ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပညာနှင့်ငွေကြေး ချို့တဲ့သူအများစုသည် တစ်ပါးသူ၏ အနိုင်ကျင့်ခြင်းခံရပါက သက်ဆိုင်ရာအား မည်သို့တိုင်ကြားရမည်ကို သိရှိမှု အလွန်နည်းပါးကြောင်း၊ ငွေကြေးတတ်နိုင်မှုလည်း မရှိကြောင်း၊ အမှုဖြစ်ပွားပါက မလိုအပ်ဘဲ အချိန် များပေးရမည်ဆိုလျှင် ၎င်းတို့၏ အလုပ်နှင့်စားဝတ်နေရေးကို ထိခိုက်နိုင်သောကြောင့် ကျူးလွန်ခံရမှုများ ရှိခဲ့ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံများအပါ် မြန်မြန်ဆန်ဆန် အရေးယူပေးနိုင်မှု ပိုမိုလိုအပ်ကြောင်း ပညာနှင့်ငွေကြေးချို့တဲ့သူ အချို့က အကြံပြု ပြောကြားခဲ့သည်။
ထို့ပြင် မကာကွယ်မခုခံလျှင် သေဘေးသို့ ရောက်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လောက်အောင် အကြောင်းရှိသည့် လက်ရောက်မှု၊ မကာကွယ်မခုခံလျှင် အပြင်းအထန် နာကျင်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင် အကြောင်းရှိသည့် လက်ရောက်မှု၊ လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခွင့် မရနိုင်ဟု စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင် အကြောင်းကို ဖြစ်စေပြီးလျှင် တစ်ဦးတစ်ယောက်သောသူအား မတရားချုပ်နှောင်ထားရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု အစရှိသည်တို့ကို အန္တရာယ်ပြုသူက ကျူးလွန်ခဲ့လျှင် ထိုအန္တရာယ်ပြုသူကို သေစေရန်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ် တစ်ခုခုဖြစ်စေရန်သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက်ပြု၍ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၀၀ အရ သိရသည်။
ဥပဒေ၌ ကာကွယ်ခုခံပိုင်ခွင့် ရှိသည်ဆိုသော်လည်း ပြစ်မှုကျူးလွန်ခြင်းခံရသည့် တရားလိုများအနေဖြင့် ဥပဒေအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခြင်းနှင့် ဥပဒေအရ တုံ့ပြန်ခြင်းသည်သာ ပိုမိုသင့်တော်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
''ဥပဒေရဲ့ အားနည်းမှုကို အကြောင်းပြုပြီး ချို့တဲ့အားနည်းတဲ့ သူတွေအပေါ် အနိုင်ကျင့်တာတွေ ရှိလာနိုင်သလို ဥပဒေအကာအကွယ် မရရင် an eye for an eye လို ဖြစ်တဲ့နေရာမှာ ချက်ချင်းလက်တုံ့ပြန်တာမျိုးတွေ၊ လက်စားချေလာတာမျိုး ဖြစ်လာရင် ဥပဒေစိုးမိုးမှု ထိခိုက်လာနိုင်ပါတယ်''ဟု Eleven Media Group မှ တာဝန်ရှိသူတစ်ဦးက ဝေဖန်ထောက်ပြခဲ့ပါသည်။
မှုခင်းများ ဖြစ်ပွားခဲ့ပါက ပြည်သူများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးခြင်းဖြင့် ပါဝင်ကူညီကြရန် ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံပါကလည်း ကူညီပေးမည် ဖြစ်ကြောင်း၊ ပြည်သူနှင့်ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပူးပေါင်း ကူညီ၍ တရားခံများအား ဖော်ထုတ်သွားရန် ပြည်သူများ၏ ပါဝင်ကူညီမှုဖြင့်သာ အမှုများအား အမြန်ဆုံးဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် မေလ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာမှလည်း ခေတ်နှင့်လျော်ညီမှု မရှိသော ဥပဒေများကို အခါအားလျော်စွာ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်တွင်လည်း ခေတ်နှင့်လျော်ညီသည့် ဥပဒေပြဋ္ဌာန်းမှုများ ပြင်ဆင်မှု များ ထပ်မံ၍ ရှိလာနိုင်သည်ဖြစ်ရာ ဥပဒေ၏ အားနည်းချက် အားသာချက်များအပေါ် အခွင့်ကောင်းယူ ပြစ်မှုကျူးလွန်နေသူများအနေဖြင့် ရေရှည်အခွင့်ကောင်းယူနိုင်မည် မဟုတ်ကြောင်း ဥပဒေပညာရှင်များ က သတိပေး ပြောကြားခဲ့ကြသည်။ Rest of your post
Sunday, July 04, 2010
ချစားနေပြီဖြစ်သောဥပဒေ နှင့် လိုရာသုံး အာဏာမဲ့ ရဲများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment