“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 29, 2010

ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုထွေး Thursday, July 29, 2010
ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေး သောကြောင့် ပါတီများ စည်းရုံး လှုပ်ရှားရမည့် အချိန် နည်းပါးသဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။


daw_suu_poster
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ယမန်နေ့ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ ၂ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အခုထိ ကြေညာတာ မရှိသေးဘူး။ ဒီလို အခြေအနေမှာ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ အနေနဲ့က စည်းရုံး လှုပ်ရှားမယ့် အချိန်က အရမ်းနည်းတယ်။ တရားမျှတမှု ရှိမယ် ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်တဲ့ ပါတီအဖွဲ့ အစည်းတွေရဲ့ အသံကလည်း သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မကြားရဘူး လို့လည်း ပြောပါတယ်”ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ဦးဉာဏ်ဝင်း က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပမည့် ရွေးကောက်ပွဲ သည် တရားမျှတမှုရှိမည် မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */