“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 27, 2010

မလိမ့်တပတ်နည်းလမ်းများဖြင့်

မလိမ့်တပတ်နည်းလမ်းများဖြင့် ကြံ့ဖွံ့စည်းရုံးရေး လုပ်ဆောင်နေ မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၂၆၊ ၂ဝ၁ဝ ကြံခိုင်ရေးပါတီကို သရော်ထားသည့် ပုံတပုံက ၂၀၀၉ မှ စတင်ပြီး အင်တာနက်တွင် ပျံ့နှံ့နေသည်

စစ်အစိုးရ၏ အမာခံ နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရန်ကုန်မြို့ ရပ်ကွက် တချို့မှာ မလိမ့်တပတ် နည်းလမ်းတွေနဲ့ ပါတီဝင် လိုက်လံ စုဆောင်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောဆိုကြပါတယ်။

မလိမ့်တပတ်နည်းလမ်းလို့ ဆိုတာတွေကတော့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် (ရယက) တွေပါ ပါဝင်တဲ့ ကြံ့ဖွံ့ စည်းရုံးရေးမှူးတွေဟာ မဲစာရင်းလိုက်လံကောက်တဲ့ ပုံစံမျိုးနဲ့ တစ်အိမ်တက်ဆင်း အသက် ၁၈နှစ် ပြည့်ပြီးသူ စာရင်း လိုက်ကောက်ရင်း လျှောက်လွှာပုံစံလိုမျိုးမှာ လက်မှတ်ပါ ထိုးခိုင်းပြီး ကြံ့ဖွံ့ပါတီဝင် အဖြစ် လိုက်လံစုဆောင်းနေတဲ့ အဖြစ်အပျက်ကို ဆိုလိုတာပါ။

ရွေးကောက်ပွဲ အတွက် မဲပေးရမယ့် စာရင်း လိုက်ကောက်ခံတယ်လို့ ထင်မှတ်ပြီး လက်မှတ် ထိုးပေးလိုက်သူများ ရှိသလို တချို့သူတွေက ရှင်းရှင်း လင်းလင်း မေးမြန်းတော့မှ လက်မှတ် စုဆောင်းတာဟာ ကြံ့ဖွံ့ပါတီ အတွက် ဖြစ်မှန်း ရိပ်မိကြတယ်လို့ သင်္ဃန်းကျွန်းမှာ နေထိုင်သူ တဦးက ပြောပြပါတယ်။

မနှစ်ကတည်းကစပြီး မြန်မာတနိုင်ငံလုံး မဲစာရင်း တကြိမ်မက ကောက်ခံပြီးပေမယ့် ယခုလို လက်မှတ် ထိုးခိုင်းတာမျိုး မရှိခဲ့တာကြောင့် တချို့မြို့ခံတွေက မေးမြန်း စုံစမ်းပြီး သိရတာလို့ ပြောတာပါ။

တချို့ မြို့နယ်တွေမှာတော့ မြို့နယ် ကြံ့ဖွံ့ စည်းရုံးရေး အဖွဲ့ဝင်တွေ ဆင်းလာပြီး တအိမ်တက်ဆင်း ကြံ့ဖွံ့ ပါတီ ဝင်ဖို့ တည့်ပြောပြီး စည်းရုံးသလို အခုလို မလိမ့်တပတ်နည်းနဲ့ ပါတီဝင် စုဆောင်းနေတာလည်း ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပါတီဝင်ဖို့ စည်းရုံးတဲ့ အခါ စည်းရုံးခံရတဲ့ သူတွေ နေထိုင်ရာလမ်းတွေ ပြင်ပေးမယ်လို့ ပြောဆိုပြီး ပါတီဝင်အောင် စည်းရုံးတာမျိုးကို ကျယ်ကျယ် ပြန့်ပြန့် လုပ်နေတယ်လို့ မြောက်ဒဂုံမှာ နေထိုင်သူ တဦးက မိုးမခကို ပြောပါတယ်။

“ကျွန်တော့် အသိတဦးကို မြို့နယ်နဲ့ ရယကတွေ အိမ်လာပြီး ပါတီဝင်ဖို့ ၊ သူတို့ပါတီက သူတို့အိမ်ရှေ့က ရွှံ့တွေ ဗွက်တွေဖြစ်နေတဲ့လမ်းကို ပြင်ပေးမယ် ဆိုပြီး လာစည်းရုံးတယ်။ သူက တကယ် ပြင်ပေးမှာလား၊ ပြင်ပေးရင်ဝင်ဖို့ သဘောတူလိုက်မယ်။ နောက်တော့မှ မပြင်ဘူး ဆိုရင်တော့ ပြန်ထွက်မှာနော် ဆိုပြီး ပြောလိုက်တယ် တဲ့” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့မှာ မပြင်ဆင်ဘဲ ပစ်ထားတဲ့ လမ်းသွယ်၊ ကျောက်သား မခင်းဘဲ မြေကြီးနဲ့ အုတ်ကျိုးတွေ ကိုယ်ထူကိုယ်ထ ဖြည့်ခင်းနေရတဲ့ လမ်းသွယ်ပေါင်း ရာနဲ့ချီ ရှိခဲ့ရာက မကြာမီက ရွေးကောက်ပွဲနဲ့ ကြံ့ဖွံ့အသင်း၊ ပါတီ စည်းရုံးရေးတွေ လုပ်တဲ့ အခါမှာမှ မြို့တော်စည်ပင်ရဲ့ အသုံးစရိတ်နဲ့ ကြံ့ဖွံ့ ဆိုင်းဘုတ် တင်ပြီး လမ်းတွေကို ကတ္တရာ၊ ကွန်ကရစ်ခင်းတာ လုပ်ကိုင်လာတာ တွေ့မြင်နေရပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်သူ အိမ်တွေ စီးပွားရေး လုပ်ငန်းတွေဆီက ကောက်ယူထားတဲ့ စည်ပင်သာယာ အခွန် အမျိုးမျိုးကို သုံးပြီး လမ်းခင်းတာ၊ သန့်ရှင်းရေး နဲ့ ရေပေးဝေရေး အတွက် လုပ်ကိုင်တာဟာ မြို့တော်စည်ပင်က ပုံမှန် လုပ်ရမယ့် အလုပ်ပဲလို့ မြို့ခံ အများအပြားက ထောက်ပြပါတယ်။

ဒါပေမယ့် ကြံ့ဖွံ့ပါတီ အရေးပါတဲ့ တာဝန် ယူထားတဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းက အခုလို စည်ပင် ဝင်ငွေကို ပါတီအကျိုး သုံးစွဲနေတာဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီကြောင်း နိုင်ငံရေးပါတီ တချို့က ဝေဖန်ပြောဆိုခဲ့တာကိုလည်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။

သို့ပေမယ့် ယခုအချိန်ထိ စည်ပင်သာယာရေး ကော်မတီနဲ့ ကြံ့ဖွံ့ပါတီ စည်းရုံးရေး လုပ်ငန်းတွေဟာ ရောထွေးနေတုန်းပဲလို့ ရန်ကုန်မြို့ခံ တဦးက ဝေဖန် ပြောဆိုပါတယ်။

` ကြံ့ဖွံ့ အသင်းကို ယခုလ ၁၆ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီလို့ နေပြည်တော်မှ ကြံ့ဖွံ့တာဝန်ခံတဦးက ဘီဘီစီကို ပြောဆိုခဲ့ပြီး ရန်ကုန်မြို့က ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်တွေကိုလည်း ဖြုတ်သိမ်းပြီး ဖြစ်တာ တွေ့ရပါတယ်။ ကြံ့ဖွံ့ အသင်းပိုင် ရံပုံငွေ၊ စီးပွားရေး လုပ်ငန်းတွေကို ကြံ့ဖွံ့ ပါတီက ဆက်ခံမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် ဒီအချက်တွေနဲ့ ပတ်သက်ပြီး တရားဝင် ရှင်းလင်း ဖြေကြားခြင်းမျိုး မရှိသေးပါဘူး။
၂ဝ၁ဝ မှာ ပြုလုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲမှာ နအဖ စစ်အစိုးရကို အဓိက ကိုယ်စားပြုမယ့် ပါတီ အနေနဲ့ ကြံ့ဖွံ့ပါတီကိုသာ ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၂၇ ဦးနာမည်နဲ့ ပါတီ မှတ်ပုံတင် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */