“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 21, 2010

ပျော့ဖက်စက်ရုံ ဓါတုစွန့်ပစ်ပစ္စည်းများ၏ဆိုးကျိုး ဒေသခံများ ခံစားနေရ

Tuesday, 20 July 2010 19:36 ရိုးမ ၃
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ပျော့ဖက်စက်ရုံ စွန့်ပစ်ပစ္စည်းများကြောင့် အနီးနားကျေးရွာများမှ ဒေသခံများ ကျန်းမာရေးထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု ဒဏ်များကို ခံနေရကြောင်း ရွာသားတဦးက ပြောသည်။

စက်ရုံမှ စွန့်ပစ်သည့် ရေများက ဒေသခံများ သောက်သုံး အသုံးပြုနေသည့် ချောင်းများသို့ စီးဝင်ကာ ရေထုညစ်ညမ်းမှုနှင့် အခြားအက်စစ်ဓါတ်ပါဝင်သည့် စွန့်ပစ်ပစ္စည်းများမှ အနံ့များကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းက ပြောသည်။

“စက်ရုံက ထွက်တဲ့ ရေဆိုးရေပုပ်တွေက နံနံပင်ကုန်းချောင်း၊ ကွန်းညစ်ချောင်း နှစ်ခုကနေပြီးတော့ တောက်လျောက်ထွက်နေတာ၊ ရေကမဲပြီး အပုပ်နံ့တွေ ထွက်နေတော့ ပြည်သူတွေ သုံးစွဲဖို့ ခက်တယ်၊ ရေတွေ ပျက်စီးတယ်၊ စက်ရုံက စွန့်ပစ်ထားတဲ့ ထုံးစည်းတွေကို ရွာအနောက်ဖက်မှာ ပစ်ထားတော့ ကျွဲတွေ နွားတွေက သွားလာနေတော့ ခွာမှာ အနာတွေဖြစ်ကုန်တယ်၊ စက်ရုံက ထွက်တဲ့ ကလိုရင်းအနံ့က အနီးအနားရွာတွေအပြင် သာပေါင်း၊ ခရေကုန်း၊ အရှေ့ဘက်ဆို ကန်ကြီးထောင့်နားအထိ နံနေတာ” ဟု ဒေသခံရွာသားက ပြောသည်။

ထို့အပြင် ကုန်ကြမ်းအဖြစ် အသုံးပြုရန် ဝါးများကို ခုတ်ယူနေခြင်းကြောင့် ဒေသတွင်း ဝါးတောများ ပျက်ဆီးကုန်ပြီး စက်ရုံ ကုန်ကြမ်းစိုက်ခင်းအတွက် ပြုလုပ်ထားသည့်နေရာများတွင်လည်း သစ်တောများ ပျက်ဆီးကုန်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဝါးတွေကိုလည်း စည်းမရှိ ကမ်းမရှိ အနုရောအရင့်ရော ဘာမှမကျန်အောင် ခုတ်တော့ နောက်ဆုံး ဝါးတောတွေလည်း ပျက်ကုန်တယ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်၊ ရေမသန့်တဲ့ ဒဏ်တွေကို ရွာသားတွေက ခံနေရတာ” ဟု ပြောသည်။

ဒေသခံများ အသုံးပြုနေသည့် ချောင်းများအတွင်းသို့ ဓါတုအဆိပ်သင့်နေသည့် ရေများစီးဝင်နေခြင်းကြောင့် သားငါး၊ ပုစွန်များ ရှားပါးလာမှုနှင့် ရေလွှမ်းဒေသတွင်း ရွာသားများတွင် အရေးပြားရောဂါများ ခံစားနေရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“ကွန်းညစ်ချောင်း အောက်ပိုင်းဆိုရင် ချောင်းဝဲ ယာဘက်တွေက ရေလွှမ်းတဲ့နေရာတွေမှာ အခုလို မိုးတွင်းဆိုရင် ရေတွေ မြှုပ်နေတော့ တော်တော်ဆိုးတယ်၊ ရေက ထိတာနဲ့ ယားယံတာတွေ ဖြစ်တယ်၊ ရေထဲမှာ အဲဒီ ဓါတုစွန့်ပစ်ပစ္စည်းတွေ စိမ့်ဝင်နေတဲ့အခါကြတော့ ငါးသားပုစွန်တွေက အစရှားပါးလာတယ်၊ တခါတလေ ငါးတွေသေ နေတာတွေဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ သာပေါင်း ပျော့ဖက်စက်ရုံကို ၂၀၀၄ ခုနှစ်ခန့်က စတင်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်အစိုးရတို့ စပ်တူလုပ်ကိုင်နေခြင်းဖြစ်ကာ နောက်ထပ် တန် (၆၀) ထွက် စက်ရုံ တခု ထပ်မံဆောက်လုပ်ရန် စီစဉ်နေလျှက်ရှိသည်။

ယင်းစက်ရုံ တည်ဆောက်စဉ်က ဒေသတွင်း ရွာသားများအနေဖြင့် ၎င်းတို့ဘိုးဘွားပိုင် လယ်မြေ၊ ဥယျာဉ်မြေများ ဧက ရာနှင့်ချီ၍ သိမ်းဆည်းခံရပြီး နေရာပြောင်းရွှေ့မှုများနှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများလည်း ခံခဲ့ရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */