“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 24, 2010

ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန် စီစဉ်

အောင်ထက် / ၂၃ ဇူလိုင် ၂၀၁၀
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဝန်ကြီးဌာနပိုင် ပုံနှိပ်စက်ခန်း အစိတ်အပိုင်းနေရာတခုအား ပုဂ္ဂလိကသို့ ငှားရမ်းရန် စီစဉ်နေကြောင်း သိရသည်။

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်နှင့် ကိုကို (စက်မှုတက္ကသိုလ်) တို့ ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်တွင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး သာသနာရေးဝန်ကြီးဌာနပိုင် ပုံနှိပ်စက်ခန်းအတွင်း အော့ဖ်ဆက်များ ထားရှိရန်နှင့် လုပ်ငန်းများ လည်ပတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
သာသနာရေးရုံးဝန်ထမ်းတဦးက “သာသနာရေးပုံနှိပ်ခန်းဆိုတော့ လုပ်ငန်းနေရာကျယ်တယ်။ (၂၄) နာရီ လျှပ်စစ်မီး အပြည့်ရတယ်။ ဒီတော့ လုပ်ငန်းရှင်တွေ မျက်စိကျတယ်။ ဒါကြောင့် သာသနာရေး ပုံနှိပ်ခန်းထဲက အသုံးမပြုတော့တဲ့ ပုံနှိပ်စက် အဟောင်းတွေကို ၀န်ကြီးက ရှင်းလင်းခိုင်းထားတယ်။ ဦးကိုကိုရဲ့ 2 UNIT ကိုမိုရီ အော့ဖ်စက်နှစ်လုံး လာထားလိမ့်မယ်” ဟု ပြောကြားသည်။

သာသနာတော် အထောက်အပံ့အလို့ငှာဟူသော အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကပိုင်ပုံနှိပ်စက်များ ထားရှိလည်ပတ်ရန် ချမ်းသာစာပေမှ ဦးရဲမြင့်ဆိုသူက ဦးဆောင်ကြိုးပမ်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဦးကိုကိုပိုင် ဂျာနယ်တွေကို သူပိုင်အော့ဖ်စက်တွေနဲ့ သာသနာရေးပုံနှိပ်ခန်းမှာ ရိုက်နှိပ်လိမ့်မယ်။ စက္ကူထားသိုဖို့နဲ့ စာအုပ်ချုပ် လုပ်ငန်းအတွက် သာသနာရေးဝင်းထဲမှာ ဂိုဒေါင်တလုံး ငှားရမ်းဖို့လည်း စီစဉ်နေတယ်ကြားတယ်” ဟု ပုံနှိပ်ခန်း ၀န်ထမ်းတဦးက ပြောသည်။

ဦးကိုကို၏ပုံနှိပ်စက်များ၊ လုပ်ငန်းများအား လစဉ်ကြေး သို့မဟုတ် နှစ်စဉ်ကြေး မည်မျှဖြင့် သဘောတူညီမှု ရရှိသည်ကိုမူ မည်သည့်ဝန်ထမ်းမှ မသိရှိကြချေ။

ဝန်ကြီးဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကပိုင်လုပ်ငန်းများ ယင်းသို့ အငှားနေရာချထားခြင်းသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်းမရှိဟု သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။

သာသနာရေးဦးစီးဌာန အရာထမ်းတဦးကလည်း “သာသနာရေးရုံးဝင်းထဲမှာ KMD ကွန်ပျူတာ သင်တန်းဖွင့်နေတာ တနှစ်နီးပါး ရှိနေပြီ။ KMD က (၇၀) ရာခိုင်နှုန်း၊ သာသနာရေးက (၃၀) ရာခိုင်နှုန်းနဲ့ အကျိုးတူ ပူးပေါင်းအစီအစဉ်ပေါ့။ အဲဒီအတွက် ၀န်ကြီးရုံး သို့မဟုတ် ၀န်ကြီးကိုယ်ကျိုး တလပျမ်းမျှ (၅) သိန်းနဲ့အထက် ရှိနေတယ်။ ဒါပေမယ့် ၀န်ထမ်းတွေရဲ့ လူမှုဖွံ့ဖြိုးရေး၊ ဌာနရဲ့ တိုးတက်မှုတွေ တခုမှ ဖြစ်မလာဘူး” ဟု ဝေဖန်သည်။

ထို့ပြင် ဌာနတွင်း ရန်ပုံငွေရှာခြင်းကို ခွင့်မပြု ဟူသော ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) ၏ ညွှန်ကြားချက်နှင့်လည်း ယခု အပြုအမူသည် ငြိစွန်းလျက်ရှိကြောင်း ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။

“မှတ်မိသလောက် ၂၀၀၆-၂၀၀၇ လောက်ဖြစ်မယ်။ ၀န်ကြီးဌာန ရန်ပုံငွေအဖြစ် ရုံးမျက်နှာစာတွေမှာ စိုက်ထူခွင့်ပြုထားတဲ့ စီးပွားရေးကြော်ငြာဘုတ်တွေ တပ်ဆင်ခွင့် မပြုတော့ဘူး။ ပြီးခဲ့တဲ့ ၂၀၀၈-၂၀၀၉ ထဲမှာ မီးသတ်၊ ရဲစခန်း၊ မယကရုံး ရန်ပုံငွေအဖြစ် ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) အမိန့်နဲ့ ဖျက်သိမ်းပေးခဲ့ရတယ်။ အဲဒီမှာ ဆိုင်ရှင်တွေဟာ သိန်းကို ဆယ်နှင့်ချီ ဆုံးရှုံးခဲ့ကြရတယ်” ဟု သာသနာရေးဝန်ထမ်းတဦးက ပြောသည်။

ဦးကိုကိုပိုင် ပုံနှိပ်စက်များအား သာသနာရေးပုံနှိပ်ခန်းသို့ ပြောင်းရွှေ့၍ လုပ်ငန်းလည်ပတ်ရန် စီစဉ်နေခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းမ် အယ်ဒီတာတဦးက အတည်ပြုသည်။

Flower News ၊ Yangon Times နှင့် 8 days ဂျာနယ်များပိုင်ဆိုင်သည့် ကိုကို (စက်မှုတက္ကသိုလ်) သည် နအဖ လက်ကိုင်တုတ် စာနယ်ဇင်းသမားတဦးအဖြစ် လူသိများသူဖြစ်သည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */