“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 28, 2010

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ -

စည်းလုံးခြင်းရဲ့  အင်အား ဘလော့ဂ်မှ ဗိုလ်မှူးကျော်ကျော်ခိုင်၏ ဆောင်းပါးကို တစုတစည်းတည်း ပြန်လည်ဖော်ပြသည်။
ဆောင်းပါးရှင် – ဗိုလ်မှူးကျော်ကျော်ခိုင်

ကျွန်တော်တို့ မြန်မာ့တပ်မတော်ကြီးတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသော အသံများကို ကြားရမှာ ကြောက်ကြသည်၊ မုန်းသည်။ ထိုသို့သော စကားလုံးများကို မကြားချင်။ သို့သော် ထို Democracy နဲ့ Human Rights အဓိပ္ပာယ်ကို သေချာ မသိသလို ခံလည်း မခံစားဖူးရပေ။ “ဟင်း၏ အရသာကိုဇွန်းမသိ”သကဲ့သို့ပင်။

ဒီမိုကရေစီ ဆိုတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံကို “၁၈ရာစု” ကဲ့သို့ နယ်ချဲ့ ချင် ၍ နယ်ချဲ့လက်သစ် ၀ါဒီများ ပစ်လွှတ်လိုက်သော စကားလုံးဟူ၍သာ နားလည်သည်။ ဒီကနေ့ တပ်မတော်ထဲက မျိုးဆက်သစ် အရာရှိ/ စစ်သည်များ မပြောနှင့် ယနေ့ တပ်မမှူး Level၊ မဆလခေတ်မွေး အရာရှိများပင် သေချာနားမလည်။ သေချာစွာ နားလည်ရန်လည်း မစူးစမ်းကြချေ။

kkn1

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို စူးစမ်းလေ့လာ နားလည်ဖို့ ကြိုးစားလေ့လာသူများရဲ့  အခွင့်အလမ်းကိုလည်း ပိတ်ဆို့ထားသည်။ တပ်မတော်အတွင်း၌ BBC၊ VOA၊ RFA၊ DVB အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည့် ရေဒီယို နားထောင်သူများကိုလည်း ရှုတ်ချပိတ်ပင်၊ တားမြစ်ထားသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အရသာကို ခံစားဖူး ကြသူများ မဟုတ်ကြသော်လည်း ဒီမိုကရေစီတော့ လာမပြောနဲ့ ရန်သူ ဖြစ်သွားမည်။ ဘာကြောင့် ဒီလို ဖြစ်နေရသလဲဟု ဆင်ခြင် သုံးသပ်မိသည်။ ယနေ့ ကိုယ့်ကိုကိုယ် နိုင်ငံတော် အကြီးအကဲဟု ဆိုသူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်သူ ဗိုလ်သန်းရွှေ၏ လက်ချက်ပင် ဖြစ်ပါသည်။ ၄င်းသည် ယခင် စိတ်ဓာတ် စစ်ဆင်ရေး အရာရှိ (Psychological Warfare Officer) လုပ်ခဲ့ဖူးသည်။ ဒါပေမဲ့ ထက်ထက်မြက်မြက်တော့ မရှိ။ အတွေ့အကြုံ တော့ ရှိသည်။ ၄င်း အာဏာရှင် ဖြစ်စ အစွယ်မထွက်သေး၍ ဘီလူးမှန်း မသိကြသေး။ တပ်မတော် အတွင်း၌ပင် ပြည်သူသို့ အာဏာ ပြန်လွှဲပေးမည်ဟု ယုံကြည်ဆဲ ရှိကြသည်။

စိတ်ဓာတ်စစ်ဆင်ရေး ပညာ (Psy-War) ၌ အလွန်တော်သူ ပြန်ကြားရေး ဒုဝန်ကြီး လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီး(ဟောင်း) သိန်းစိန် နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဆန်း တို့ကို တာဝန်ပေး၍ စိတ်ဓာတ် စစ်ဆင်ရေး အကြီးအကျယ် လုပ်ခဲ့ကြသည်။ တပ်မတော် အတွင်း၌ Psy-War နည်းပြအဆင့် သင်တန်းနှင့် တိုင်းအဆင့် တိုက်ပွဲဝင် စည်းရုံးရေး မွမ်းမံသင်တန်းများ ဖွင့်၍ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသလို ကကပြည်ဌာန ဖွဲ့စည်းပုံကို စိတ်ဓာတ်စစ်ဆင်ရေး စကားလုံး ဖြည့်စွက် တိုးချဲ့ ပြီး ရုပ်မြင်သံကြား ဇာတ်လမ်းများ၌ ဒီမိုကရေစီ ဆန့်ကျင်ရေး ဇာတ်လမ်းများ ရိုက်ကူးကာ ၀ါဒဖြန့်သည်။ သတင်းစာစောင်များ၌ နာမည်ဝှက်များဖြင့် ရေးသားဝါဒ ဖြန့်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အဖွဲ့အစည်းများကို ကာတွန်းရုပ်ပြောင်များဖြင့် သရော်လှောင်ပြောင် ထည့်ကြသည်။ အမေရိကန် သံရုံးရှေ့ တွင် ပြည်ပအားကိုး ပုဆိန်ရိုး ၊ ပြည်တွင်းရေးကို စွက်ဖက်တဲ့ ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ ဆိုတဲ့ ခြိမ်းခြောက်သယောင် စာသားများပါဝင်သော ဆိုင်းဘုတ်များ “ပေါ်တင်” ထောင်ကြသည်။ စစ်အာဏာရှင်တို့သည် ဒီမိုကရေစီ ဆိုသည်ကို ရုပ်ဆိုးအောင် ကြောက်လန့်ဖွယ် ဖြစ်အောင် တင်ပြ ၀ါဒဖြန့်ခဲ့ကြရာ အတော်ထိရောက်မှု ရှိခဲ့သည်။ ဗရုတ်သုက္ခ ဒီမိုကရေစီ၊ ဇောက်ထိုးမိုးမျှော် ဒီမိုကရေစီဟု အပုတ်ချ နာမည်တပ်ပစ်လိုက်ကြသည်။

ဒီမိုကရေစီ ရရင်ဘဲ ပြည်ထောင်စု ပြိုကွဲမယောင်၊ ဖယ်ဒရယ် ကိုင်ရင်ဘဲ ခွဲထွက် တိုင်းရင်းသားများ ရှိသလို ဖန်တီးပေးကြသည်။ နဂိုကမှ မဆလခေတ်၌ မွေး၍ မဆလ၀ါဒဖြန့်မှု အောက်၌သာ ကြီးပြင်းခဲ့ကြပြီး နိုင်ငံရေး အမြင်လုံးဝ ရှင်သန်ခွင့်မရှိသူများကို ဒီမိုကရေစီ အဓိပ္ပာယ်၊ အနှစ်သာရများအား စူးစမ်းလေ့လာခွင့်မရှိစေပဲ အဆိုးမြင် ဆန့်ကျင်ဘက် ရှုထောင့်မှ သွတ်သွင်းခဲ့ကြသည်။ “သူရဲဆိုတာ ဘာမှန်း မသိမမြင်ဖူးသော လူကြီးတစ်ဦးက ကလေးငယ်ကို သူရဲကြီးဆိုပြီး ခြောက်လှန့် ထားခြင်း” နှင့် တူပေတော့သည်။

ထိုအခါ တပ်မတော်သားများသည် စစ်အာဏာရှင်ကြီးများ အပင်း သွင်း ဆေးထိုးထားတဲ့ အပင်ကို စားကောင်း သောက်ဖွယ်ထင်၍ မစူးစမ်းတော့ပဲ သဒ္ဓါစိတ်သက်သက်ဖြင့် စားမိကြသည်။ ဒီမိုကရေစီကို ငါတို့အတွင်းကျကျ သိရန်မလို (သိဖို့လဲ မကြိုးစား)၊ ဒီမိုကရေစီ ဆိုတာ မကောင်းဆိုးပါး၊ တို့နိုင်ငံအတွက် လုံးဝ မသင့်တော်၊ နယ်ချဲ့များ၏ နယ်ချဲ့ ရန် စကားလုံး၊ ဒီမိုကရေစီ အော်သူ ဒို့ရန်သူ ဟုမှားယွင်းစွာ ထင်မြင်လာကြတော့ရာ ဒီမိုကရေစီ တောင်းဆိုသူ ပြည်သူလူထုနှင့် တပ်မတော်တို့ အမြင်မတူရာမှ ဆန့်ကျင်ဘက် ဖြစ်လာကြသည်။ ထို့အပြင် တပ်ဖွဲ့စိတ် နှင့် ပေါင်းမိသောအခါ တပ်မတော်သည် ဒီမိုကရေစီ ဆန့်ကျင်ရေး အင်အားစုများ ဖြစ်သွားတော့သည်။

http://photayokeking.myanmarbloggers.org/2009/01/blog-post_3894.html
တစ်ချိန်က ဖယ်ဒရယ်မူကို တပ်မတော်က မလိုလားသလို ယခု ဒီမိုကရေစီကို မလိုလားမှု ဖြစ်လာသည်။ သေသေချာချာ မေးလျှင်တော့ ခြေခြေမြစ်မြစ် မသိ။ ကြားပင် မကြားဖူးသော သူများပင် တွေ့ရဖူးသည်။ ထိုသို့ တပ်မတော်အတွင်း၌ စိတ်ဓာတ်အသွင်းခံရခြင်းသည် နို်င်ငံရေး၌ တပ်မတော်နှင့် ပြည်သူလူထု ထိပ်တိုက် ဖြစ်နေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါသည်။တပ်မတော်သားများကို မေးခွန်းထုတ်လိုသည်? ကိုယ် ကိုယ်တိုင် ကောင်းစွာ မသိ၊ မခံစားဖူးသော အရာ ကိစ္စတစ်ခုကို စစ်အာဏာရှင်များ ပြောတိုင်း မျက်စိစုံမှိတ်ကာ မစူးမစမ်း၊ မဆင်မခြင် မကောင်းမြင်ခြင်း၊ ဖင်ပိတ် ငြင်းဆိုနေခြင်းများသည် သင့်တော်မှု ရှိပါရဲ့ လား။ ပိန္နဲသီး (သို့) ဒူးရင်းသီး ဆိုတာ ဆူးတွေနဲ့ ကွ၊ အထဲမှာလဲ အဆိပ်ရှိမှာ သေချာတယ်။ မစားနဲ့ဆိုလျှင် ကိုယ်တိုင် မစူးစမ်း မလေ့လာပဲ၊ မသိပဲ ဟုတ်မှာပဲ၊ ဒါ မကောင်းတဲ့ အသီးကြီးကွ. မစားကြနဲ့လို့ ပြောနေကြမှာလား။ သေသေချာချာ စဉ်းစားကြည့် ကြစေချင်ပါသည်။

စစ်မှုရေးရာ ကိစ္စရပ်များတွင်တော့ စစ်သားဆိုသည်မှာ အမိန့်ကို မြေ၀ယ်မကျ နာခံရပေမည်။

kkn21

ဘာသာတရားကိုင်းရှိုင်းတဲ့ ထိုင်းစစ်တပ်
kkn3

ဘုန်းကြီးတွေက ထိုင်ကန်တော့နေရတဲ့ မြန်မာစစ်တပ်နဲ့ ရဲ

သို့သော် ယခု ဒီမိုကရေစီ တောင်းဆိုသည့်ကိစ္စသည် နိုင်ငံတော်ကို အန္တရာယ် ကျရောက်မည့် စစ်ရေးစစ်ရာ ကိစ္စလုံးဝ မဟုတ်။ ပြည်သူလူထုနှင့် သက်ဆိုင်သော ကျယ်ပြန့်အရေးကြီးသည့် နိုင်ငံရေးကိစ္စ၊ ပြည်သူ့အာဏာနှင့်သက်ဆိုင်သော ကိစ္စဖြစ်သည်။ နိုင်ငံတော်၏ အာဏာပိုင်ရှင် အစစ်သည် ပြည်သူလူထုသာဖြစ်သည်။ သူ့အာဏာသူ ပြန်တောင်းခြင်းသာဖြစ်သည်။ တပ်မတော်သားများနှင့်လည်း သက်ဆိုင်သည်။ တပ်မတော်သားများ၏ တပ်ပြင်ပ မိဘဆွေမျိုး သားချင်း သူငယ်ချင်းများနှင့်လည်းဆိုင်သည့် နိုင်ငံရေးကိစ္စဖြစ်၍ ဒီနေရာမှာတော့ ကိုယ်ပိုင်ဥာဏ်နှင့် စူးစမ်းလေ့လာကာ သတိထား ဆင်ခြင်သင့်သည်။ နိုင်ငံရေးသည် ကြီးမားကျယ်ပြန့်ပြီး တိုင်းပြည်အတွက် အရေးကြီးလှသည်။ စစ်ရေးသည် နိုင်ငံရေးထဲမှ တစိတ်တဒေသသာ ဖြစ်သည်။ နိုင်ငံရေးသည် စစ်ရေးထဲမှ တစိတ်တဒေသ မဟုတ်ပေ။
kkn4

ပြည်သူ့ဘက် ရပ်တည်တဲ့ ထိုင်းစစ်တပ်ကို ပြည်သူက ကြိုဆိုနေပုံ

မိမိတို့၏ ကျေးဇူးရှင်စစ်ဖြစ်သော မိဘပြည်သူများနှင့် သက်ဆိုင်နေ၍ မတရားသော အမိန့်၊ စစ်ရေးစစ်ရာ မဟုတ်သည့် အမိန့်မျိုးကိုမူ မိမိတို့ ကိုယ်ပိုင် အသိဥာဏ်၊ သတိဖြင့် ဆင်ခြင် သုံးသပ်သင့်သည်။

ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ အဖြစ်အပျက်မျိုးတွင် တပ်မတော်သားများ အနေနှင့် ၀ိနည်းလွတ် လုပ်သင့်လျှင် လုပ်ရမည်။ လက်နက်ငယ် နည်းပညာလို ပြောင်းရင်း အပြစ်၊ ကျည်အိမ် အံမကျ၊ ကျည်ကန့်လန့်ခံ၊ ကျည် “အ” စသဖြင့် ဆင်ခြေပေး ရှောင်လွှဲနိုင်သည်။ လက်နက်ကိုင် ရန်သူများ မဟုတ်ပါဘဲ ပြည်သူလူထုထဲ ပစ်ခတ်ခိုင်းသည့် အမိန့်၊ ရဟန်းသံဃာများကို ရိုက်နှက်ဆဲဆို ပစ်ခတ်ခိုင်းသည့် အမိန့်မျိုးကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် လိုသည်။ တစ်ဘ၀သာမက ဘ၀ သံသရာ အဆက်ဆက်နှင့် ဆိုင်သော ကိစ္စ ဖြစ်သည်။ “တပ်မတော်သမိုင်း၊ တပ်မတော် ဂုဏ်သိက္ခာအစဉ်အလာ” နှင့်ဆိုင်သော ကိစ္စလည်း ဖြစ်သည်။

ယခင် ဆိုဗီယက် တပ်မတော်၊ ထိုင်း တပ်မတော်တို့ကို နမူနာ ယူသင့်သည်။ သူတို့သည် အာဏာရှင်အတွက်၊ မတရားမှုအတွက် ပြည်သူလူထုဘက်သို့ သေနတ်ပြောင်း မလှည့်ခဲ့ကြပေ။ ဆိုဗီယက်တွင် စစ်တပ်က မနှိမ်နင်း၍ ဆိုဗီယက် ပြိုကွဲခြင်း မဟုတ်။ သူ့သမိုင်းနှင့် သူ ရှိသည်။ အာဏာရှင်စနစ် ကျဆုံးခြင်း၊ ကွန်မြူနစ် စနစ် ကျဆုံးခြင်းသာ ဖြစ်သည်။

ယခု အာဏာရှင်အတွက် ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်သော စစ်တပ်မှာ ကမ္ဘာပေါ်တွင် ထင်ထင်ရှားရှား တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသာ ရှိသည်။ ရှက်စရာ ကောင်းလှသည်။ မှန်ကန်သော အသိဥာဏ်ရှိလျှင် ထိုယုတ်မာရိုင်းစိုင်းသော လူသတ်မှု၊ ရာဇ၀တ်မှုမျိုးကို ကျူးလွန်ရဲမည် မဟုတ်။ အကယ်စင်စစ် လူသတ်မှုကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ခြင်း ဖြစ်၏၊ စစ်ရာဇ၀တ်ကောင်များအဖြစ် ရောက်ရှိစေ၏။

စစ်တပ်ကို အသုံးချပြီး တိုင်းပြည်အာဏာ (ပြည်သူ့အာဏာ)ကို လုယူချုပ်ကိုင်ထားသော စစ်အာဏာရှင် (ယူနီဖောင်းဝတ်များ) တစ်စုသည် မည်သည့်ကိစ္စမဆို အကျိုးကိုသာ ပြောတတ်သည်။ အကြောင်းတရားကို ဘယ်တော့မှ မပြော။ အကြောင်းတရားကိုလည်း အသေအချာ စဉ်းစားဆင်ခြင်ခြင်းလည်း မရှိ။ မတတ်သာ၍ အကြောင်းတရားကို ပြောရလျှင်လည်း အာဏာရှင်တို့ကို မထိခိုက်အောင် မမှန်မကန်နှင့် အပေါ်ယံသာ လိမ်ညာ ပြောကြသည်။

ထိုစစ်အာဏာရှင်များကြောင့် မြန်မာ့နိုင်ငံရေး “တိုင်ပတ်”နေရခြင်း ဖြစ်၏။ အကြောင်းတရားကို မှန်ကန်စွာ လေ့လာဖြေရှင်းလိုက်လျှင် နိုင်ငံရေးမှာ လွယ်ကူစွာ ရှင်းလင်းသွားနိုင်သည်။ အရာရာ ဖြောင့်ဖြူးသွားနိုင်သည်။ နိုင်ငံတကာနှင့် ယှဉ်ကာ တိုးတက်ဖွံ့ဖြိုးသွားနိုင်မည်။

စစ်အာဏာရှင်များက စည်းစိမ်အာဏာ ယစ်မူးပြီး မိမိတို့သာ မြန်မာနိုင်ငံတွင် အတော်ဆုံး၊ အတတ်ဆုံးဟုဘ၀င်မြင့်ကာ ဘယ်တော့မှ နိုင်ငံရေးကိုပြေလည်အောင် ဆောင်ရွက်ချင်ကြသည် မဟုတ်။ ဗိုလ်သန်းရွှေ ကြည့်ပါ။ သေသည်အထိ အာဏာရှင် လုပ်ချင်သည်။ “ငါသေမှ ငါ့နေရာရမည်” ဟုပင် မဆို၊ “ငါ သေရင်တောင် ငါ့နေရာ ငါယူသွားမည်” ဆိုသော လူစားပင်။ နိုင်ငံရေး ပြေလည်၍ ၄င်းတို့ အာဏာ လက်လွတ်ရမှာ စိုးရိမ်သည်။ ပြည်သူ့အာဏာ သက်ရောက်သော ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း (ကျင့်စဉ်) ကို အကြောက်ကြီး ကြောက်ကြသည်မှာ စစ်အာဏာရှင်၏ အတွင်းသရုပ်ပင် ဖြစ်သည်။

“အာဏာရှင် ရှိလျှင် ပြည်သူလူထု၌ အာဏာမရှိ၊ ဒီမိုကရေစီ မရှိ”၊ “ပြည်သူလူထု၌ အာဏာရှိလျှင် ဒီမိုကရေစီ ရှိလျှင် အာဏာရှင် မရှိနိုင်”။ ထို့ကြောင့် ယူနီဖောင်းဝတ် အာဏာရှင် ဗိုလ်သန်းရွှေတို့ ဒီမိုကရေစီကို ရန်လုပ်နေခြင်း ဖြစ်သည်။ ဒီမိုကရေစီကို ကြောက်နေကြခြင်း ဖြစ်သည်။ စစ်တပ်ကို အသုံးချ အကာအကွယ်ယူပြီး အာဏာရှင် အသက်ဆက်ဖို့ အကွက်ဆင်ကာ နအဖ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အတင်းအဓမ္မ အတည်ပြုနေခြင်း ဖြစ်သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */