“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, January 07, 2010

၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်

Thursday, 07 January 2010 17:42 ဗထူး .စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲကို ပြင်ဆင်မှုမရှိပဲ တဖက်သတ်လုပ်ဆောင်သွားပါက ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) နိုင်ငံခြားရေးကော်မတီက ယနေ့ပြောဆိုလိုက်သည်။

ယခုလ (၄) ရက်နေ့က (ဗကသ) စည်းရုံးရေးကော်မတီ ပြောခွင့်ရ၏ တတိုင်းပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့်သဘောထားထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲဥပေဒနှင့် ရွေးကောက်ပွဲကော်မရှင်ကို ယနေ့အချိန်အထိ မဖော်ဆောင်သေးပဲ ယင်းအားဆန့်ကျင်သူများကို ဆက်လက်ဖမ်းဆီးနေပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားကာ ပြုလုပ်မည့်ရွေးကောက်ပွဲကို စိတ်ကူးမယဉ်သင့်ဟု (ဗကသ) စည်းရုံးရေး ကော်မတီ၏ သဘောထားတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး အမေရိကန်အစိုးရအပါအ၀င် ပြည်တွင်းအင်အားစုအချို့အနေဖြင့် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု နည်းနာဖြင့် ချဉ်းကပ်ဆောင်ရွက်လာမှုများကို ထောက်ပြထားသည်။

ထိတွေ့ဆက်ဆံမှုနည်းနာ “ဒါအဓိကမကျပါဘူး၊ US၊ EU၊ UN စတာတွေ မြန်မာပြည်နဲ့ပတ်သက်လို့ ပေါ်လစီအမျိုးမျိုးကျင့်သုံးခဲ့ပေမဲ့ စစ်အစိုးရပြောင်းလဲသွားတာ တခါမှမတွေ့ဘူးဘူး၊ ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေနဲ့ စစ်အစိုးရကသာ မြန်မာပြည်လက်ရှိအခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ကျနော်တို့မြင်တယ်” ဟု (ဗကသ)နိုင်ငံခြားရေးရာတာဝန်ခံ ကိုမင်းနိုင်ကပြောသည်။

စည်းရုံးကော်မတီ၏ သဘောထားထုတ်ပြန်ချက်တွင် (ဗကသ) အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး (NLD) ပါတီ၏ ရွှေဂုံတိုင်ကြေညာချက်နှင့်အတူ ချီတက်ရမည်ဖြစ်သလို စစ်အစိုးရအနေဖြင့် အနိမ့်ဆုံးအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် (ဗကသ) က အစဉ်တစိုက်တောင်းဆိုလာသည့် ကြားဖြတ်အစိုးရတရပ်၏အောက်တွင် နိုင်ငံရေးအခြေခံပြဿနာများကို ဖြေရှင်းရန်လိုသည်ဟုဆိုသည်။

“ဒါကို ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ပြောတယ်၊ NLD ပါတီရဲ့ ၂၀၀၆ ခုနှစ် အထူးကြေညာချက်မှာလည်းတွေ့နိုင်တယ်၊ ဒါကို (ဗကသ)က ထောက်ခံခဲ့တယ်၊ အခြေခံဥပဒေပြဿနာ၊ ၁၉၉၀ ရလဒ်ကိစ္စ၊ နောက် အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးကနေတဆင့် ဖြစ်ပေါ်လာမဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရ၊ ဒါမှမဟုတ် ကြားဖြတ်အစိုးရတရပ်လိုအပ်တယ်လို့ ကျနော်တို့မြင်တယ်” ဟု (ဗကသ) နိုင်ငံခြားရေးရာတာဝန်ခံ ကိုမင်းနိုင်က ပြောသည်။

ယခုလ (၄) ရက်နေ့ထုတ် (ဗကသ) စည်းရုံးရေးကော်မတီ၏ တတိုင်းပြည်လုံးရှိ သမဂ္ဂအဖွဲ့ဝင်များသို့ ပေးပို့သည့် သဘောထားတွင် ၂၀၁ဝ ရွေးကောက်ပွဲအားဆန့်ကျင်သည့် အင်အားစုအားလုံးနှင့် လက်တွဲသွားမည်ဖြစ်သလို အဆိုပါရွေးကောက်ပွဲဆန့်ကျင်ရေးကို ရှေ့တန်းမှပါဝင်နိုင်ရေးပြင်ဆင်ထားပြီး ကျောင်းသားတို့၏ အစဉ်အလာအတိုင်း လူထုလှုပ်ရှားမှု ပုံသဏ္ဍန်ဖြင့် တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။
http://www.yoma3.org/index.php?option=com_content&view=article&id=463:2010-01-07-10-43-29&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */