“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, January 22, 2010

နအဖ...အနုကြမ်း..စီးနေတယ်

ရန်ကုန်မြစ်ဘေးမှ အဆောက်အအုံများ မျက်စောင်းထိုးခံနေရပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၂၁၊ ၂၀၁၀ ရန်ကုန်မြို့ ကမ်းနားလမ်းမှ အဆောက်အအုံများ
ရန်ကုန်မြစ်ကမ်းနား တစ်လျှောက်ရှိ ၀န်ကြီးဌာနပိုင် အဆောက်အအုံနှင့် မြေနေရာများအား စစ်အစိုးရက ဖယ်ရှား၊ ရှင်းလင်း၊ သိမ်းယူရန် ဆောင်ရွက်နေသည်ဟု သိရသည်။

ကမ်းနားလမ်းတစ်လျှောက် ရန်ကုန်မြစ်နှင့် ကပ်လျက်အခြမ်းကို ကီလီမှ စတင်ကာ ဗိုလ်တထောင် သန်လျှက်စွန်းရှိ ရေတပ်အထိ ၀န်ကြီးဌာနပိုင် အဆောက်အအုံများကို မြေကွက်တိုင်းယူခြင်း၊ အဆောက်အအုံများကို ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ လူဦးရေစာရင်း ကောက်ယူခြင်းများ ပြုလုပ်နေသည်ဟု ဗိုလ်တထောင်မြို့နယ်ရှိ အရာထမ်း အိမ်ယာတစ်ခုတွင် နေထိုင်သော အရာရှိကြီးတစ်ဦးက ပြောသည်။

“ကမ်းနားတစ်လျှောက်မှာရှိတဲ့ ၀န်ကြီးဌာနပိုင် မြေနေရာတွေကို နိုင်ငံတော်စီမံချက်နဲ့ သိမ်းမယ် ဆိုပြီး မြေနေရာနဲ့ စာရင်းအင်းတွေကို S1 က တောင်းလို့ ချက်ချင်းပဲ လုပ်ပေးလိုက်ရတယ်။ အရာထမ်းရော၊ အမှုထမ်းရော ရှိရှိသမျှ အဆောက်အုံတွေ အကုန်လုံး ဖယ်ပေးရမယ့်သဘော ရှိတယ်” ဟု ၄င်းအရာရှိကြီးက ပြောသည်။

ယခုလ ၁၅ ရက်နေ့က သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ၀န်ထမ်းများက ကမ်းနားတစ်လျှောက်ရှိ မိမိတို့ ဌာနနှင့် သက်ဆိုင်သည့် အဆောက်အအုံနှင့် မြေနေရာများအား တစ်ပြိုင်နက် မှတ်တမ်း တင်ခဲ့ကြရသည်ဟု ဆိုသည်။ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လိုက်လံ စစ်ဆေးခဲ့သည်ဟု သိရသည်။

ကမ်းနားတစ်လျှောက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန၊ နယ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနနှင့် တပ်မတော်ရေတို့ ပိုင်ဆိုင်သည့် မြေနေရာနှင့် အဆောက်အအုံ များစွာ ရှိပြီး ၀န်ထမ်း အိမ်ယာများလည်း ရှိသည်။

၎င်းနယ်မြေအတွင်းရှိ ၀န်ထမ်းအိမ်ယာတစ်ခုတွင် နေထိုင်သော ၀န်ထမ်းတစ်ဦးက “အိမ်တွေ ဖယ်ပေးရမယ်လို့ ပြောသံကြားတယ်။ စာရင်းတွေ လိုက်ကောက်နေတယ်။ နေဖို့နေရာ ပြန်မပေးဘူး ဆိုရင်တော့ လူတွေကို လမ်းပေါ် ထုတ်လိုက်သလို ဖြစ်သွားမှာပဲ။ ရတဲ့လခနဲ့ အိမ်ငှားနေဖို့ ဆိုတာ တစ်သက်လုံး ဘာမှ မစားရင်တောင် ရဖို့ မလွယ်ဘူး” ဟု ပြောသည်။

မည်သည့် စီမံကိန်းအတွက် ဖယ်ရှား ရှင်းလင်းမည်ကို အတိအကျမသိရသေးပေ။ ၄င်းနေရာများကို စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချမည်၊ ကုန်တင်ယာဉ်များ သွားလာနိုင်ရန် ကမ်းနားလမ်း တိုးချဲ့မည် စသဖြင့် မရေရာသည့် သတင်းများသာ ပျံ့နှံ့နေသည်။

နန်းသီတာဆိပ်ကမ်းနေရာအား စစ်အစိုးရနှင့် နီးစပ်သည့်စီးပွားရေးသမား ဦးတေဇပိုင် ထူးကုမ္ပဏီသို့ ရောင်းချထားပြီးဖြစ်သည်ဟု သိရသည်။

ယခုလ ၂၀ ရက်နေ့က ဆိပ်ကမ်းနေရာများ ဖယ်ရှားရေးအတွက် ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေက သက်ဆိုင်ရာ ဌာနများနှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ညပိုင်း သတင်းအစီအစဉ်များတွင် ဒုဗိုလ်ချုပ်မြင့်ဆွေနှင့် ပတ်သက်သော အခြားသတင်းများကိုသာ မြန်မာ့အသံက ထုတ်လွှင့်ခဲ့ပြီး ၄င်းသတင်းကို ထိန်ချန်ထားခဲ့သည်။

၂၀၀၃ ခုနှစ်က သန်လျှက်စွန်းတွင် ရေဆိုး သန့်စင်စက် တည်ဆောက်ရန် အတွက် ၀န်ထမ်းလိုင်းခန်းများ ဖယ်ရှားခဲ့ပြီး ရန်ကုန်မြို့နှင့် အလှမ်း ကွာဝေးလှသော ယုဇနဥယာဉ်မြို့တော် တိုက်ခန်းများတွင် ပြန်လည် နေရာချပေးခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ပြန်လည် နေရာချထားပေးမည့် အစီအစဉ် အစိုးရတွင် ရှိမည်မဟုတ်ဟု ၀န်ထမ်းများက ယူဆနေကြသည်။
http://moemaka.com/index.php?option=com_content&task=view&id=5742&Itemid=1

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */