“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, January 31, 2010

ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်

ခိုင်စု | စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၆ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ဝိုင်းရံသွားမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး ပါဝင်သည့် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို CRPP အနေဖြင့် အခိုင်အမာ ထောက်ခံဝန်းရံမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

''NLD က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အလက်တွေကို သဘောကျတယ်၊ လက်ခံတယ်၊ အခိုင်အမာ ထောက်ခံသွားမှာပါ၊ ဝိုင်းရံသွားမှာပါ'' ဟု ဦးအေးသာအောင်က ပြောသည်။

လာမည့်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ထည့်သွင်းလိုသည့် အချက်များကို အကြံပြုဖြည့်စွက်ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ CRPP အစည်းအဝေး ကျင်းပရာ CRPP အဖွဲ့ဝင်များက ထိုကဲ့သို့ သဘောတူ ထောက်ခံခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ပူးကျင့်ရှင်းထန် (ဇိုမီးအမျိုးသားကွန်ဂရက်)၊ ဦးထောင်ကိုထန်း (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)၊ နိုင်ထွန်းသိန်း (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးစိုးဝင်း (အမျိုးသားဒီမိုကရေစီပါတီ) အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။

ရွှေဂုံတိုင်စာတမ်းတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံးလွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လတ်တလော ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဤစာတမ်းကို ၂၀၀၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ CRPP အစည်းအဝေး၌ NLD ခေါင်းဆောင် ဦးဝင်းတင်က ရွှေဂုံတိုင် ကြေညာစာတမ်းကို ဦးဆောင်၍ ရှင်းလင်း တင်ပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေး အချက်များသည် NLD ၏ မူလသဘောထား ဖြစ်ကြောင်းနှင့် ၂၀၀၈ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးမှာလည်း ထိုဥပဒေသည် အာဏာရှင်စနစ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်သဖြင့် ထိုစနစ်ကို NLD က မူလကတည်းကပင် လက်မခံခဲ့သောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းက စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများ မထုတ်ပြန်သေးသလို၊ ရွှေဂုံတိုင် စာတမ်းကို စစ်အစိုးရ တုံ့ပြန်သည့်အပေါ် မူတည်ပြီး ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်သွားမည်ဟု တင်ပြခဲ့သည်။

ဦးအေးသာအောင်ကလည်း ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ပြည်ထောင်စုစိတ်ဓာတ် (ပင်လုံစိတ်ဓာတ်) ကို ထည့်သွင်းဖော်ပြရန် အကြံပြုခဲ့သည်။

''လွတ်လပ်ရေးကို အင်္ဂလိပ်က ပေးတော့မယ့်အခါ ပြည်မနဲ့ တောင်တန်း ပေါင်းစည်းရေး၊ မပေါင်းစည်းရေး ဆွေးနွေးရာက ဒီစိတ်ဓာတ် ပေါ်လာတယ်။ ပေါင်းပြီးယူရင် လွတ်လပ်ရေး အမြန်ဆုံး ရမယ်ဆိုတဲ့ သဘောထားနဲ့ ပေါင်းခဲ့တာပါ။ ဗမာကိုယ်စားပြုတဲ့ ဗိုလ်ချုပ် အောင်ဆန်း က ဗမာပြည် လွတ်လပ်ရေးရရင် တောင်တန်းဒေသပါ ရစေချင်တယ်။ ခွဲပြီးလုပ်ရင် မတိုးတက်နိုင်ဘူး၊ ပေါင်းလုပ်ရင် တောင်တန်းဒေသတွေပါ တိုးတက်မယ်၊ ဗမာတွေ အင်္ဂလိပ်ကျွန် မဖြစ်ချင်သလို ရှမ်း၊ ကချင်၊ ချင်းတွေကိုလည်း မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာကလည်း ရှမ်းတွေကို ကျွန်ပြုမှာ မဟုတ်ဘူးဆိုတာ ပြောခဲ့တယ်။ ဒီစိတ်ဓာတ်တွေက ပင်လုံစိတ်ဓာတ်ပဲ'' ဟု ဦးအေးသာအောင်က ပြောသည်။

ကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းပြည်နယ် ပင်လုံကျေးရွာ ၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာမှ ပြည်ထောင်စုနေ့ စတင်ပေါ်ပေါက်ခဲ့သည်။

''တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ် သဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်တွေ အများက မေ့နေတယ်။ ဖော်ထုတ်ရုံတင် မလုံလောက်ဘဲ ပင်လုံသဘောတူညီချက်အရ ပြည်ထောင်စုဖွဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်အရေးလည်း ချုပ်ငြိမ်းပြီး၊ နိုင်ငံ ငြိမ်းချမ်းမယ်။ တိုင်းရင်းသား စည်လုံးညီညွတ်ရေးအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ ရမယ်။ ခိုင်မာပြီး ဖွဲ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို ထူထောင်နိုင်မယ်'' ဟု ဦးအေးသာအောင်က ပြောသည်။

လတ်တလော ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် နအဖ စစ်အစိုးရ၏ သဘောထား တင်းမာမှုများ၊ စစ်ရေုးပြင်ဆင်မှုများကြောင့် တိုင်းပြည်အရေး စိုးရိမ်ရကြောင်းနှင့် ပင်လုံစာချုပ်အရ ပြည်ထောင်စုနိုင်ငံ တည်ဆောက်လျှင် တိုင်းရင်းသား လက်နက်ကိုင်ကိစ္စ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း ယမန်နေ့ အစည်းအဝေးတွင် CRPP ခေါင်းဆောင်များက မှတ်ချက်ပေးခဲ့ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ CRPP ကို ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရကမူ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုလေ့ရှိသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4700---crpp-.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */