“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, January 31, 2010

နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သုံးသပ်

ဆလိုင်းဟံသာစန်း | စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင် လှုပ်ရှားမှုများ ပိုမို များပြားလာနိုင်သဖြင့် ယခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား အရေအတွက် ပိုများလာနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရ ကြေညာထားသော ယခုနှစ်တွင်မူ ပြီးခဲ့သည့်နှစ်ထက် ပိုမိုသည့် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအခြေစိုက် AAPP-B က ထိုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

''၂၀၀၉ ထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၁ ဦး ဖမ်းတယ်။ ရှေ့ဆက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အများကြီး အဖမ်းခံရမယ့် အနေအထား ရှိနေပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေ စသဖြင့်ပေါ့။ ဒီတော့ ၂၀၁၀ မှာ နိုင်ငံရေး အကျဉ်းသား (နိုင်/ကျဉ်း) အရေအတွက် ပိုများလာဖွယ် ရှိနေတယ်လို့ ပြောလို့ရတယ်'' ဟု AAPP-B အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသည် ၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် အများပြည်သူ ဘေးဒုက္ခရောက်နေချိန်တွင် အတင်းအကျပ် မဲလိမ်၍ အတည်ပြုခဲ့သည့် စစ်တပ်ကြီးစိုးရေး အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် အတိုက်အခံ လှုပ်ရှားသူများအနေဖြင့် ကန့်ကွက်မှုများစွာ ပေါ်ပေါက်လာနိုင်သည်ဟု သူက ပြောဆိုသည်။

၂ဝဝ၈ ခုနှစ်တွင် နိုင်/ကျဉ်း အရေအတွက် ၂၁၆၂ ဦး ရှိခဲ့ပြီး၊ ၂ဝဝ၉ ခုနှစ်တွင် ၂၁၇၇ ဦးအထိ ရှိလာသဖြင့် ၁၅ ဦး တိုးမြင့်လာခဲ့ကြောင်း ယမန်နေ့ထုတ် AAPP-B ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ၂ဝဝ၈ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သံဃာ ၂၈ ပါး၊ ကျောင်းသား ၁၄ ဦးနှင့် နာဂစ်ဒုက္ခသည်အရေး ကူညီသူ ၁ဝ ဦး ပိုမို၍ ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ဆိုသည်။

AAPP-B က ထိုသို့ ပြောဆိုနေချိန်တွင် စစ်အစိုးရက ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက အကျဉ်းသား ၉ဝဝ၂ ဦး။ ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ၆၃၁၃ ဦးနှင့် ထိုနှစ် စက်တင်ဘာလအတွင်းက အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဟုဆိုကာ နိုင်ငံတဝှန်း အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သည်ဟု ကြေညာခဲ့သည်။

''အကျဉ်းသားတွေ လွှတ်တယ်ဆိုရင်တော့ ကမ္ဘာနဲ့ချီပြီး အော်ကြီးဟစ်ကျယ် သူတို့ (အာဏာပိုင်များ) ပြောတယ်။ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုကျတော့ ဘယ်နှယောက်ပါတယ်လို့ ဘယ်တော့မှ ပြောလေ့မရှိဘူး။ အခုလည်း စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂ဝဝ၈ ထက် ၂ဝဝ၉ က ပိုတိုးလာတယ်ဆိုတော့ လွှတ်ပေးတဲ့လူထက် ဖမ်းတဲ့လူက ပိုများတယ်ဆိုတာ ရှင်းနေပါတယ်'' ဟု AAPP-B အထွေထွေ အတွင်းရေးမှူးက ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှု မတိုင်မီ တလအလိုဖြစ်သည့် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက နိုင်/ကျဉ်း ၁၁၂ဝ ဦး ရှိခဲ့ပြီး၊ ရွှေဝါရောင်နောက်ပိုင်းတွင်မူ နိုင်/ကျဉ်း ၁၁၆၇ ဦး ထပ်မံဖမ်းဆီးခံရသည်ဟု AAPP-B အစီရင်ခံစာက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပလိုပါက ယုံကြည်ချက်အရ ဆန့်ကျင်ကန့်ကွက်သူများကို ဖမ်းဆီးမည့်အစား လက်ရှိချုပ်နှောင်ထားသည့် နိုင်/ကျဉ်း အားလုံးကို လွှတ်ပေးသင့်ကြောင်း AAPP-B အထွေထွေ အတွင်းရေးမှူးက စစ်အစိုးရကို တိုက်တွန်းပြောဆိုလိုက်သည်။

သူက ''တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရန်အတွက်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရမှာပါ။ ထပ်တိုးလာတယ်ဆိုရင်တော့ ဒီအဖြေက ရှင်းပါတယ်။ ဒီရွေးကောက်ပွဲက ဘယ်လောက် တရားမျှတသလဲဆိုတာ ရှင်းနေပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ စခန်းတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်၌ ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယမန်နေ့ထုတ် AAPP-B စာရင်းမှတ်တမ်း၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁၇၇ ရှိသည်ဟု ဆိုသည်။

သို့သော် စစ်အစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ မရှိကြောင်း ငြင်းဆိုလေ့ရှိသည်။

''တခုပဲ ပြောချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေး အဆင့်တွေကို တကယ်တမ်း သွားမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပထမဆုံး လွှတ်ပေးရမယ်ဆိုတာက သိပ်အရေးကြီးတဲ့ အချက်ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ ဒါကို သူတို့ကို တိုက်တွန်းချင်တယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဒီကိစ္စကို နအဖကို ဝိုင်းဝန်းဖိအားပေးဖို့ တိုက်တွန်းလိုပါတယ်'' ဟု ကိုတိတ်နိုင်က ပြောဆိုလိုက်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4701----aapp-.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */