Planet|ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းသည် ဇန်န၀ါရီလ (၁၇)ရက်နေ့က ဟေတီနိုင်ငံရှိ ငလျင်ဒဏ်သင့် ဒေသသို့ ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံလိုက်ရသည့် ဟေတီနိုင်ငံနှင့် ပတ်သက်ပြီး ကနဦး အစီရင်ခံစာကို နယူးယော့ခ်မြို့သို့ ပြန်ရောက်ချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပထမဆုံး တင်သွင်းမည်ဖြစ်သည်။

ဟေတီတွင် ဇန်န၀ါရီလ (၁၂)ရက်နေ့က နှစ်ပေါင်း(၂၀၀)ကျော်အတွင်း အပြင်းထန်ဆုံးအဖြစ် ပြင်းအားအဆင့် (၇)ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ရာ ပို့တ်အူပရင့်စ်မြို့တော် တစ်ခုလုံးနီးပါး ပျက်စီးခဲ့သလို လူပေါင်းသိန်းဂဏန်းထိ သေကြေမည့် အနေအထားမျိုး ကြုံနေရသည်။ နိုင်ငံတကာ အဖွဲ့အစည်းများက သေဆုံးသူ အရေအတွက်မှာ (၂)သိန်းထိ ရှိနိုင်မည်ဟု ၀န်ခံထားပြီး ကုလသမဂ္ဂကလည်း ဟေတီနိုင်ငံရုံးခွဲ ထိပ်ဆုံးအရာရှိ (၃)ဦးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် အများစု ပါဝင်သည့် ကုလသမဂ္ဂ၀န်ထမ်း (၄၀)သေဆုံးကြောင်း အတည်ပြုခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ၀န်ထမ်း (၃၃၀)ကျော်မှ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်သည်။ ကုလသမဂ္ဂက ဟေတီရုံးခွဲတွင် ဒေသခံ နိုင်ငံသား အမြောက်အမြား အလုပ်လုပ်ကိုင်နေခြင်းကြောင့် ယခုလို ၀န်ထမ်းအရေအတွက် များပြားနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်သည် ပို့တ်အူပရင့်စ်ရှိ ဆေးရုံများ အပါအ၀င် ပျက်စီးဆုံးရှုံးသွားသည့် အခြေအနေများအား ကိုယ်တိုင်လိုက်လံ လေ့လာခဲ့သည်။

၎င်းသည် ဟေတီသမ္မတ ရီနီပရီဗယ်လ်၊ အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကူညီထောက်ပံ့ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။ ဟေတီငလျင်ဆိုင်ရာ ကုလသမဂ္ဂ ပြန်လည်ထူထောင်ရေးမစ်ရှင် (MINUSTAH) အဆာက်အအုံကြီးသည် ငလျင်အတွင်း ပြိုကျသွားရာ မစ်ရှင်အကြီးအကဲ ဟီဒီအန်နာဘီ၊ ၎င်း၏လက်ထောက် လူးဝစ်ဇ်ကားလို့စ်နှင့် ဟေတီဆိုင်ရာ ကုလသမဂ္ဂ ဒေါက်ဂ်ကိုတီစ်တို့ သေဆုံးကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြုခဲ့သည်။
.jpg)
ဟေတီနိုင်ငံသို့ ဘန်ကီမွန်း လာရောက်ချိန်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး စီမံကိန်းတာဝန်ခံ ဟယ်လန်ကလက်ခ်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အထွေထွေအတွင်းရေးမှူး အလိန်းလီရွိုင်း၊ လူသားချင်း ကူညီစောင့်ရှောက်ရေးဌာန အကြီးအကဲ ဂျွန်ဟုမ်းလ်စ်၊ ကွင်းဆင်းOperationတာဝန်ခံ ဆန်ဇန်နာ မာကော်ရာတို့လည်း လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။
Source: TheHindu
0 comments:
Post a Comment