“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, January 14, 2010

ပြည်သူဘဏ္ဍာသုံး၍ နာမည်ကောင်းယူနေကြခြင်း..

တလ ၁၀၀ သွင်းစနစ်ဖြင့် ကြံ့ဖွံ့က အိမ်ဆောက်ပေးနေ
Wednesday, 13 January 2010 18:36 အောင်သက်ဝိုင်း
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန် ဆင်ခြေဖုံး ဒေသများတွင် ကျပ် ၇ သိန်းနှင့် ၈ သိန်းကြား တန်ကြေး ရှိသည့် နေအိမ်များကို တလလျှင် ၁၀၀ ကျပ်ပေးသွင်းသည့် စနစ်ဖြင့် တည်ဆောက် ပေးနေကြောင်း သိရသည်။

ငွေကြေး ချို့တဲ့သူများသည် သက်ဆိုင်ရာ မြို့နယ်များရှိ ကြံ့ဖွံ့အသင်း၏ ထောက်ခံချက်ဖြင့် အိမ်ပြုပြင်ခြင်း၊ အသစ် တည်ဆောက်ခြင်း ပြုလုပ်ပေးရန် လျှောက်ထားနိုင်ကြောင်း၊ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက နေအိမ်များ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ရရှိသူများသည် တလလျှင် ကျပ် ၁၀၀ ပြန်လည် ပေးဆပ် သွားရန်သာ လိုအပ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားသည်။

“ဆင်းရဲနွမ်းပါးတဲ့သူတွေ အိမ်ပြန်မဆောက်နိုင်တဲ့ သူတွေကို ဆောက်ပေးတာပါ။ ပြည်ခိုင်ဖြိုး အသင်းက ဦးစီးလုပ်ပေးတာပါ” ဟု မြို့တော်ဝန်က ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောသည်။

ယင်းသို့ သိန်းချီတန်သည့် နေအိမ်များ တည်ဆောက်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း စည်ပင် အရာရှိများထံမှ သိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များဖြစ်သော တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတနှင့် မရမ်းကုန်း မြို့နယ်အတွင်းမှ မိသားစု ၅၀၀ အတွက် အိမ် ၅၀၀ တည်ဆောက်မည်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြည့်မြင်တိုင် တဘက်ကမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမှ မိသားစု ၂၀ အတွက် အိမ် ၂၀ တည်ဆောက်ပြီးဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ဝင်ရောက်ချိန်တွင် ကြံ့ဖွံ့အသင်းက အခြေခံ လူတန်းစားများကို စည်းရုံးသည့်အနေဖြင့် ထိုသို့ နေအိမ်များ တည်ဆောက် ပေးခြင်းဖြစ်ကြောင်း၊ သိန်းချီတန်သည့် နေအိမ်အတွက် တလ ငွေ ၁၀၀ သာ ပြန်ဆပ် ရမည်ဟု ဆိုခြင်းမှာ အမာခံ အသင်းဝင်များ ပေါ် ပေါက်လာရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်ခံပြီး စည်ပင်ဘတ်ဂျက်နဲ့ လုပ်ပေးတာဆိုတော့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ထောက်ခံ မဲရအောင် ထောက်ပံ့စည်းရုံးတာပဲ” ဟု သတင်းစာဆရာကြီး တဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် လုံထိန်း၊ စစ်တပ်များနှင့်အတူ ၀ိုင်းဝန်းကူညီ နှိမ်နင်းရန် စွမ်းအားရှင် အမည်ခံ အမာခံကြံ့ဖွံ့ အသင်းဝင်များ တိုးပွားစေရေးအတွက် ထိုသို့ဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ အထက်တန်း ရှေ့နေတဦးက ဆိုသည်။

ရန်ကုန်မြို့မှ အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီးတဦးကမူ ကြံ့ဖွံ့အသင်းက ယခုကဲ့သို့ နေအိမ်များ တည်ဆောက် ပေးခြင်းကို ကြိုဆိုကြောင်း၊ အစိုးရအနေဖြင့် ပြည်သူအားလုံးအတွက် စေတနာမှန်ဖြင့် စားဝတ်နေရေး ချောင်လည်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

“ဆင်းရဲလို့ အိမ်မပြင်နိုင်တဲ့ သူတွေအတွက် ဒီလိုလုပ်ပေးတာ သာဓုခေါ်ရမယ်။ ပြည်သူတွေ အားလုံးရဲ့ ဒုက္ခကိုလည်း ပြေလည်အောင် လုပ်ဆောင်ပေးပါလို့ နိုင်ငံတော် အကြီးအကဲတွေကို ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သည် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ ငွေထုတ်ချေးခြင်း၊ အခမဲ့ကျူရှင် သင်တန်း ကျောင်း များ ဖွင့်လှစ်ပေးခြင်း၊ ရေရှိရေး ဆောင်ရွက်ပေးခြင်း စသည့် ၎င်း၏ လုပ်ငန်းများကို ကြံ့ဖွံ့အသင်း နာမည်ခံကာ ဆောင်ရွက်လျက်ရှိ သည်။

အဆိုပါ အသင်း၏ လုပ်ဆောင်မှုသည် အစိုးရဘတ်ဂျက်ဖြင့် မဲဝယ်ခြင်းဖြစ်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

ကြံ့ဖွံ့အသင်းသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် သေချာနေပြီး အသင်းဝင်များကို သင်တန်းများ ဆက်တိုက်ပေးခြင်း စသည့် ပြင်ဆင်မှု များ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ရှိ မြို့နယ်ကြံ့ဖွံ့အသင်းများမှ စုံစမ်းသိရှိရသည်။

“သောင်းစုမှူး၊ ထောင်စုမှူး၊ ရာစုမှူးဆိုတဲ့ မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက် စည်းရုံးရေးခေါင်းဆောင်တွေ ရွေးချယ်ပြီး သင်တန်းတွေ တက်ခိုင်းတယ်။ အသင်းဝင်သစ်တွေ ရဖို့အတွက် အထူးသဖြင့် ဘွဲ့ရ ပညာတတ် လူငယ်တွေကို မက်လုံးပေး စည်းရုံး တာလည်း ရှိတယ်” ဟု အင်းစိန်မြို့နယ် ကြံ့ဖွံ့ အသင်းဝင်တဦးက ဆိုသည်။

http://www.irrawaddy.org/bur/index.php/news/1-news/2415-2010-01-13-11-40-12

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */