“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, January 16, 2010

အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ ၁၁ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ - CEC ကို အဖွဲ့ဝင်သစ် ၉ ဦးဖြင့် ထပ်မံတိုးချဲ့လိုက်ပြီဖြစ်သည်။ CEC အဖွဲ့ဝင် ၇ ဦး တက်ရောက်လာနိုင်သည့် အစည်းအဝေးက ထိုကဲ့သို့ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အသစ် ဖွဲ့စည်းပြီး CEC အဖွဲ့ဝင် ဦးရေ ၂ဝ ၏ အမည်စာရင်းကိုမူ ယမန်နေ့ ၁၄ ရက်နေ့ကျမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရက်ရွှေ့ဆိုင်းကာ CEC အမည်စာရင်း ထုတ်ပြန်မည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက မီဒီယာများသို့ ပြောကြားသည့်အပေါ် အကဲခတ်အချို့က ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိနိုင်ကြောင်း ခန့်မှန်းသည်များလည်း ရှိခဲ့သည်။
ထို့ကြောင့် မဇ္ဈိမက CEC အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို CEC အသစ်တိုးချဲ့ ဖွဲ့စည်းမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးဝင်းတင်က လတ်တလော CEC တိုးချဲ့မှုတွင် အထစ်အငေါ့မရှိသလို၊ ပါတီတွင်း၌ ညီညွတ်မှု တည်ရှိနေကြောင်းနှင့် ဆက်လက်၍လည်း ညီညွတ်ရေးကို ထိန်းသိမ်း သွားမည့်အကြောင်း ပြောဆို လိုက်ပါသည်။ အသေးစိတ် အခြေအနေကို မဇ္ဈိမ တီဗီသတင်းထောက်က မေးမြန်းထားခြင်း ဖြစ်ပါသည်။

ဦးဝင်းတင် ပြောဆိုချက်များ


အခု NLD ကနေပြီးတော့ CEC တိုးချဲ့ဖွဲ့စည်းလိုက်တယ်ပေါ့ဗျာ။ ဒါဟာ လိုအပ်လာလို့ ကျနော်တို့ လုပ်တာပါ။ ဒီဟာဖွဲ့ဖို့ ကျနော်တို့ စီစဉ်နေတာ ကြာပြီ၊ ညှိနှိုင်းနေတာလည်း ကြာပြီ။ အခုမှ ဖွဲ့ဖြစ်တယ်ပေါ့။ ဒါဟာလည်း အောက်ခြေတို့ ဘာတို့ကလည်း တိုးချဲ့ဖွဲ့စည်းဖို့ တောင်းဆိုနေတာလည်း ကြာပြီ။ အထက်မှာလည်း လိုအပ်ချက်တွေအရ ဖွဲ့ဖို့ စီစဉ်နေတာလည်း ကြာပြီပေါ့။ အခု ဖွဲ့ဖြစ်တယ်။
ဖွဲ့တဲ့နေရာမှာလည်း အဖုအထစ်၊ အထစ်အငေါ့ မရှိဘဲနဲ့ အပြေပြစ်ဆုံး၊ အချောမောဆုံး ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ နောက်တခုက ညီညီညွတ်ညွတ် ဖြစ်အောင်လို့ အရှိနိုင်ဆုံးရှိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အခုဖွဲ့လိုက်တဲ့ CEC အသစ်ဟာ လုပ်ငန်းများကို ချောချောမွေ့မွေ့၊ အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်လိမ့်မယ်။ နောက်တချက်ကလည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းလုပ်နိုင်မယ်လို့ ယူဆတယ်။
CEC ဖွဲ့တာက အကုန်လုံး ညီလာခံကြီးတို့၊ အစည်းအဝေးကြီးတို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ ဖွဲ့နိုင်တာကတော့ CEC အဖွဲ့ဆိုတဲ့ နဂိုကတည်းက ၁၄ ဦး အဖွဲ့ရှိတဲ့အထဲက ၉ ဦးကို CEC အဖွဲ့ဝင်အဖြစ် ကျနော်တို့ သတ်မှတ်တယ်ပေါ့ဗျာ။ အတွေ့အကြုံရှိနေတဲ့၊ နဂိုကတည်းက CEC နဲ့ ပူးတွဲပြီးတော့ ခိုင်းတယ်၊ ပြီးတော့ CEC အစည်းအဝေးပြီးတော့ ပြန်ပြီး ညှိနှိုင်းကြတယ်ဆိုတဲ့ အလေ့အကျင့်တွေ အများကြီး ရှိတဲ့အတွက်ကြောင့် အဲဒီလူတွေရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း မြင့်မြင့်မားမား ရှိတယ်လို့ ယူဆပါတယ်။ ဒါက တခုပေါ့။
အဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ ကျနော်တို့ တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး လုပ်ပါတယ်။ ပုံမှန်ကတော့ CEC ထိုင်တဲ့ ၇ ယောက် ရွေးလိုက်တာပဲ။ သို့သော် အဲဒီ ၇ ယောက်ကလည်း ဒီဟာတွေ ဖွဲ့မယ်ဆိုပြန်တော့လည်း ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးတို့ စတဲ့ ပုဂ္ဂိုလ်များ ရှေ့ကနေပြီးတော့ တတ်နိုင်သမျှ အကြံဥာဏ်၊ တတ်နိုင်သမျှ သဘောထားတွေ၊ သဘောတူညီချက် မတူညီချက်တွေ ယူတယ်။ ယူပြီးတော့ ဖွဲ့တယ်။ ဒါကြောင့် တတ်နိုင်သမျှ အကောင်းဆုံး အနေအထားနဲ့ CEC ပေါ်ထွက်လာတယ်ပေါ့ဗျာ။
ဘယ်သူဘယ်ဝါ ပါမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဘာလို့မရသလဲဆိုရင် ကျနော်တို့ ဆုံးဖြတ်ချက် ချတာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ပေါ့ဗျာ၊ ၁၁ ရက်နေ့က ချောချောမွေ့မွေ့ ပြီးတယ်။ ကျနော်တို့ ဘာမှ အငြင်းပွားခြင်း မရှိဘူးပေါ့ဗျာ။ သို့သော် CEC အမည်စာရင်းများကို ချက်ချင်း ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိတဲ့အခါကျတော့ ဒီမှာ သံသယတွေ ဖြစ်တာပေါ့။ အထစ်အငေါ့တွေ ရှိနေသလား၊ အငြင်းပွားမှုတွေ ရှိနေသလားလို့။ အဲဒါ မဟုတ်ပါဘူးခင်ဗျ။ ဘာ့လို့လဲဆိုတော့ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်တို့ဘာတို့ဆီ စာရင်းပို့ရမယ်။ ကော်မရှင်ကိုပို့တဲ့ စာရင်းကို နအဖတို့ဘာတို့ဆိုတဲ့ဆီ၊ အသိပေးရမယ့်၊ အကြောင်းကြားရမယ့် ပုဂ္ဂိုလ်များရှိရင် အကြောင်းကြားရမယ်။ အဲဒါကြောင့်ပါ။
အခု CEC ဖွဲ့လိုက်တဲ့ အဖွဲ့သစ်က အဖွဲ့သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတယ်။ လုပ်ငန်းတွေက အောက်ခြေနဲ့ ကျနော်တို့ အထက်အဖွဲ့အစည်း ဆက်ဆံရေးတို့၊ စည်းရုံးရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ စသည်ပေါ့။ လုပ်ငန်းတွေ အများကြီးရှိနဲ့အထဲမှာ ဒီလုပ်ငန်းတွေမှာ CEC ကို သဘောတူညီစွာနဲ့ ဖွဲ့မယ်။ လုပ်ငန်းတွေရှိတဲ့ အထဲမှာ သူတို့ကော်မတီက လူတွေပါ ဖော်ထုတ်ပြီးတော့၊ ကျနော်တို့နဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပိုမိုချောမွေ့လာမယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာမယ်၊ သွက်လက်လာမယ်၊ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်လာလိမ့်မယ်။

CEC အသစ် ပေါ်ထွက်လာတဲ့အတွက် ဒီလုပ်ငန်းနဲ့ပတ်သက်လို့၊ စည်းရုံးရေးတို့၊ ခုနကပြောခဲ့တဲ့ လူ့အခွင့်အရေး၊ အောက်ခြေနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ၊ တခြား နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စတွေ၊ အသစ်တွေ ပေါ်လာတဲ့ အခါကျတော့ ဒီလုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကတော့ ပေါ်လာတော့မှာပေါ့။ ဘယ်လိုပြုပြင်ပြောင်းလဲမှု ဆိုတာကိုတော့ ကျနော် ပြောလို့မရပါဘူး။ ဒါကတော့ ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပဲ။
သို့သော် CEC အသစ်လိုဟာမျိုး ပေါ်ပေါက်လာပြီ ဆိုကတည်းကိုက ကျနော်တို့ထဲမှာလည်း လုပ်ငန်းဆိုင်ရာ အပြောင်းအလဲတွေ၊ လုပ်ပုံကိုင်ပုံတွေကလည်း အသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ အတွေးအခေါ်သစ်တွေ၊ လူသစ်တွေ ပေါ်လာမယ်။ CEC အသစ်ကို အသက်သွင်းပြီးရင် အသက်ရှင်လာတဲ့ လူတယောက်လို လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်၊ အားပေးကူညီမှုဖြစ်အောင်၊ ဟိတ်ဟန်အပြည့်နဲ့ လုပ်နိုင်အောင် ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားကြရမယ်ပေါ့။ လုပ်ငန်းသစ်တွေ၊ အစီအမံအသစ်တွေ ပေါ်လာမယ်လို့ ယူဆပါတယ်။
မီဒီယာကနေ မေးတယ်။ မေးတိုင်းလည်း ဖြေလိုက်ပါတယ်။ ကျနော့်ကို သဘောထားတင်းမာတယ်၊ တချို့လူများဆို သဘောထားပျော့တယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒါလည်း မဟုတ်ဘူးခင်ဗျာ့။
ပါတီထဲမှာ လူတွေဟာ နိုင်ငံရေးလုပ်တယ်ဆိုကတည်းက အယူအဆတွေ၊ ကိုယ်ပိုင်အယူအဆတွေ၊ ခိုင်မာတဲ့ သဘောထားတွေ ရှိကြလို့ နိုင်ငံရေးလုပ်ကြတာကိုး။ အဲဒီအခါမှာတော့ အကြောင်းအခြေအနေပေါ်မှာ တည်ပြီးတော့ ဒါမှမဟုတ် မူဝါဒသဘောထားမှာ အခြေတည်ပြီးတော့၊ လုပ်ငန်းပေါ်မှာ အခြေတည်ပြီးတော့ အယူအဆ မတူညီတဲ့ဟာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့။ ဘယ်လိုပဲရှိရှိ ကျနော်တို့ကတော့ ဒါကို သဘောထားကွဲလွဲတယ်လို့ သဘောမထားဘူး။ အရေးကြီးတာက ဆုံးဖြတ်ချက်၊ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ တညီတညွတ်ထဲ ရပ်တည်နိုင်သလား ဆိုတဲ့အပေါ်မှာပဲ သဘောထားညီညွတ်မှုကို အကဲဖြတ်နိုင်တယ်လို့ပဲ သဘောထားတယ်။
ကျနော့်ကို သဘောထားတင်းမာတယ်လို့ ပြောတာမျိုးတွေလည်းရှိတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ ကျနော်က မူဝါဒတွေအပေါ်မှာ စွဲမြဲတဲ့လူလို့ပဲ ပြောချင်ပါတယ်။ သဘောထား တင်းမာတယ်လို့ မပြောချင်ဘူး။ ဘာလို့မပြောချင်တာလဲဆိုတော့ ကျနော်က သတင်းစာဆရာ လုပ်လာတာ။ သတင်းစာဆရာဆိုတာ အယူအဆတွေ မြောက်မြားစွာ၊ အကြောင်းအရာတွေ မြောက်မြားစွာ ထိတွေ့ဆက်ဆံချင်တဲ့လူ၊ လူပေါင်းများစွာနဲ့ ဆက်ဆံချင်တဲ့လူ။ ပြောချင်တယ်၊ နားထောင်ချင်တယ်။ ဒီအကျင့်လေးက ကျနော့်မှာ ဒီနေ့အထိ ရှိတယ်ဗျ။ အဲဒီတော့ ကျနော်ကတော့ အမြဲတမ်းပဲ ဘယ်သူနဲ့ဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့၊ အပေးအယူလုပ်ဖို့၊ အကြံဥာဏ်တွေကို နာခံဖို့ဆိုတာ အမြဲတမ်း ဒီအလေ့အထက ရှိပါတယ်။ ဆိုတော့ ကျနော် စောစောကပြောသလိုပဲ၊ ကျနော်က မူဝါဒမှာ စွဲမြဲတဲ့လူ။
ဥပမာ NLD မှာ ဆိုပါတော့ဗျာ။ မူဝါဒရှိတယ်။ ဥပမာ အာဏာရှင်စနစ် မှန်သမျှကို ကျနော်တို့ ဆန့်ကျင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ထုတ်မယ်၊ တည်ဆောက်မယ်ပေါ့ဗျာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်မယ်၊ လူအခွင့်အရေးတွေ ပြည့်ဝရေးကို ဆောင်ရွက်မယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်မယ်။ ဒီမူဝါဒတွေ ရှိတယ်။ ဒီမူဝါဒတွေကို လွယ်လွယ်နဲ့ မစွန့်နိုင်ဘူး။ ဒီမူဝါဒအတိုင်း ရပ်တာ။ အလားတူပဲ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ထဲ ကျနော်တို့လုပ်ခဲ့တဲ့ ရွှေဂုံတိုင်လိုဟာမျိုး။ ရွှေဂုံတိုင်မှာ ကွန်ကရက်မှာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်များကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေးကို တောင်းဆိုတယ်။ အကျဉ်းသားအားလုံးကို လွှတ်ပေးရေး တောင်းဆိုတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို တောင်းဆိုတယ်။ ဆိုတဲ့ဟာတွေက ဒီလို တောင်းဆိုချက်တွေနဲ့ ကျနော်တို့က စွဲစွဲမြဲမြဲ တိုက်မှာပဲ။ ဒီဟာတွေကို ကျနော်တို့ လွှတ်မချနိုင်ဘူး။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲလေ။ ဒီလိုဟာမျိုးတွေမှာ၊ မူဝါဒဆိုင်ရာတွေမှာ၊ တောင်းဆိုချက်တွေမှာ အများသိ ကြေညာထားတဲ့ တောင်းဆိုချက်တွေ၊ လုပ်ငန်းစဉ်တွေ။ ဒါတွေကို ကျနော်တို့ အလွယ်တကူနဲ့ မစွန့်ပစ်နိုင်ဘူးဗျ။ ဒီဟာတွေအပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ရမယ်လို့ ကျနော် ယူဆတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ လူတွေက အမျိုးမျိုး ထင်ကြေးပေးကြ၊ ပြောကြဆိုကြပေါ့။
နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့ အကြောင်းတွေကို ရေးတဲ့နေရာမှာ ရေးတဲ့လူကလည်း ပြည်ပမှာ နေတဲ့ လူဗျာ။ နောက်တခါ ဖော်ပြတဲ့ သတင်းစာကလည်း ပြည်ပက သတင်းစာ။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ကျန်တဲ့ အထောက်အထားနဲ့၊ အကိုးအကားနဲ့၊ စာနဲ့ပေနဲ့ ရှိတဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်လိုတော့ သဘောရှိတယ်ဆိုတာ ရေးတာက အပြင်က လူကလည်း ရေးလို့ရတယ်၊ အထဲကလူကလည်း ရေးလို့ရတယ်။ ဒါပေမဲ့ အတွင်းမှာရှိတဲ့၊ ပြည်ထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တဦး နှစ်ဦးချင်းရဲ့ ဆက်ဆံရေးကို ပြည်ပကနေပြီးတော့ တယ်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထားလည်း မရှိဘူး၊ မှန်လည်း မမှန်ဘူး၊ ကောင်းလည်း မကောင်းဘူး။
အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်ဆိုရင် အမြဲတမ်း ညီညွတ်ရေးကို ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်နေတာပဲ။ အမြဲတမ်း အလျှော့ပေးဖို့၊ အမြဲတမ်း လိုက်လျောဖို့၊ အမြဲတမ်း ညှိနှိုင်းဖို့၊ အမြဲတမ်း ဆက်စပ်မှုကို ဖော်ထုတ်ဖို့ကို ကျနော်တို့ လုပ်နေတာပဲ။ ဒါကြောင့်လည်း ရွှေဂုံတိုင် အစည်းအဝေးမှာ ပြောခဲ့တဲ့ ကျနော့် မိန့်ခွန်းတွေမှာ ဆိုလို့ရှိရင် မူလဘူတ မူဝါဒတွေ၊ မူလဘူတ တောင်းဆိုချက်တွေကို ကျနော်တို့ မစွန့်ပစ်နိုင်ဘူး။ ၂ က ကျနော်တို့ ညီညွတ်ရေးကို လုပ်မယ်။ ၃ က လူထုကို မျက်နှာမငယ်စေမယ့် နိုင်ငံရေးကို လုပ်မယ်ဆိုတဲ့ ကျနော်တို့ သဘောထား ၃ ရပ်ကိုလည်း အတိအလင်း ပြောဆိုကြေညာပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကျနော် ကျင့်သုံးနေပါတယ်။

အဲဒီတော့ ပါတီအတွင်းမှာ ညီညွတ်ရေးတွေဘာတွေ မရှိဘူးဆိုတာက မဟုတ်ပါဘူး။ ပါတီအတွင်းမှာ ကျနော်တို့ ရှိတဲ့အခါရော၊ မရှိတဲ့အခါရောမှာ ……. ဒီနေ့အထိ ညီညွတ်ရေးကို ဦးထိပ်အထားဆုံး၊ အလေးအထားဆုံး ကိစ္စဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ ပါတီဟာ အမျိုးမျိုးသော နိုင်ငံရေးပြဿနာတွေ၊ လူပုဂ္ဂိုလ်ပြဿနာတွေ ရှိနေသော်ငြားလည်း ဒီနေ့အထိ တည်မြဲနေတာဟာ ညီညွတ်ရေးရှိတဲ့ လက္ခဏာပဲလို့ ပြောလိုပါတယ်။ အဲဒါကို ကျနော်တို့ နောက်ထပ် ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းသွားမှာ၊ ကာကွယ်စောင့်ရှောက်သွားမှာ၊ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */