“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 09, 2011

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး နိုင်ငံရေး ခရီးစဉ်သွားမည်

ဧရာဝတီ Monday, 08 August 2011 16:31 (ပေးပို့ သူ ဗမာ့သွေး)
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၄ ရက်နေ့တွင် ပဲခူးနှင့် သနပ်ပင်မြို့များသို့သွားမည့် ၎င်း၏ ပထမဆုံး နိုင်ငံရေးခရီးစဉ်အတွက် အာဏာပိုင်များကို တရားဝင် အကြောင်းကြား ထားပြီး အာဏာပိုင်များ ဘက်ကလည်း ကောင်းမွန်စွာ တုံ့ပြန်ချက်ပေးထားကြောင်း သိရသည်။

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္ထိ စာသင်တိုက်တွင် ယနေ့ကျင်းပသည့် ၈ လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံ ၂၃ နှစ်ပြည့် အခမ်းနားတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပဲခူးနှင့် သနပ်ပင်တို့သို့ ရန်ကုန်မှ နေ့ချင်းပြန်သွားမည့် နိုင်ငံရေးခရီးစဉ်နှင့် ပတ်သက်၍ “ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို တရားဝင် အကြောင်းကြားထားတယ်။ သူတို့ဘက်ကလည်း ကောင်းကောင်းမွန်မွန်ပဲ တုံ့ပြန်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ပါတီက သွားမှာ မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ပါတီအဖွဲ့ဝင်တွေ၊ တခြား လူငယ်ကွန်ရက်တွေနဲ့ တွေ့မှာပါ။ ပါတီအနေနဲ့ မသွားပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်ပါပဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စာကြည့်တိုက်ဖွင့်ပွဲ တခုသို့လည်း တက်ရောက်မည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက NLD သည် နိုင်ငံရေးပါတီိအဖြစ်မှ ဖျက်သိမ်းထားပြီးဖြစ်ကြောင်း၊ ထိုသို့ဖျက်သိမ်းထားသည့်အတွက် နိုင်ငံရေးလှုပ်ရှားမှုများ မပြုလုပ်ရန်နှင့် လူမှုရေးလုပ်လိုပါက အစိုးရထံတွင် လူမှုရေးအသင်းဖွဲ့ခွင့်လျှောက်ရန်လိုကြောင်း NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တရားဝင်စာပေးပို့ခဲ့သည်။

ဇူလိုင်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံမြို့ဟောင်းသို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိသည်ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တခုသို့ ဖိတ်ကြားမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အစိုးရဘက်မှ တစုံတရာ ကမ်းလှမ်းခြင်း မရှိသေးကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည်လည်း တွေ့ဆုံရန် ဖိတ်ကြားမှု မရှိကြောင်း သတင်းထောက်များကို ပြောသည်။

အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ယခင် သဘောထား အတိုင်းသာ ဆက်လက်ရပ်တည်ဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

အခမ်းအနား တက်ရောက်လာသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မြန်မာနိုင်ငံသည် ဒီမိုကရေစီ မရရှိသေးသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ဆက်လက် ကြိုးပမ်းသွားရမည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၈ လေးလုံး အရေးတော်ပုံကြီးနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒအလျောက် ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည့်အတွက် လေးစားရမည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

ယနေ့အခမ်းအနားတွင် အာဏာပိုင်များဘက်က တစုံတရာ အနှောင့်အယှက် မပေးသော်လည်း လုံထိန်းကားများအား သာဓုကျောင်းတိုက် ၀န်းကျင်တွင်ချထားပြီး စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */