“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 30, 2011

အပြောကတော့ ရွှေမန်း..

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဆိုပြုချက်များ

by The Voice Weekly on Tuesday, August 30, 2011 at 5:37pm

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ကျင်းပလျှက်ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (ဩဂုတ်လ ၂၆ ရက်နေ့)တွင် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်၏ "အထွေထွေလွတ်ငြိမ်းချမ်း သာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံရန် အဆို" နှင့်ပတ်သက်သည့် ဆွေးနွေးချက်များ၊ ထောက်ခံ အတည်ပြုချက်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ကြီးကြပ်၊ ထိန်းသိမ်း အတည်ပြုချက် ရယူပုံများကို အရင်းအတိုင်း မချွင်းမချန် စုစည်းဖော်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ။ ဦးသိန်းအောင်၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဦးသိန်းအောင် (သံဖြူဇရပ် မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော်များ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးသိန်းအောင် ဖြစ်ပါတယ်။ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့်အဆိုကို ကျွန်တော့ရှေ့မှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဆွေးနွေးသွားတာ ကျွန်တော့်ဆန္ဒနဲ့ အလားတူဖြစ်သောကြောင့် ကျွန်တော် လည်းပဲ အချိန်မဖြုန်းဘဲ ဦးသိန်းညွန့်ရဲ့ " အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံရန်အဆို " ကို ကျွန်တော့်အနေနဲ့ ထောက်ခံပါကြောင်းနှင့် နိဂုံး ချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (ဩဘာသံများ)

ဥက္ကဋ္ဌ။ ။ ဒီအဆိုကဲ့သို့အဓိပ္ပာယ်သက်ရောက်တဲ့ပန်ကြားချက်များလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကျွန်တော့်ထံ ရောက်ရှိခဲ့ပါတယ်။ ဒီနေရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတူ တပ်မတော်သား ကိုယ်စားလှယ်များကလည်း သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ သဘော ကို တင်ပြခွင့်ပြုပါ ဆိုပြီးတော့ ကျွန်တော့်ကို သီးခြားတင်ပြတဲ့အတွက် အစီအစဉ်မှာ မပါသော်လည်း ကျွန်တော် ခွင့်ပြုပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦး တင်ပြဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ဌေးနိုင် (တပ်မတော်သား) ။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင် ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သား များဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်နေတဲ့သူများ ဖြစ်ပါတယ်။ တချို့သော စစ်သည်များ ဟာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် နယ်ဘက်နဲ့ စစ်ဘက် တရားရုံးများမှာ စစ်ဆေးခံရပြီး အကျဉ်းထောင်များတွင် အကျဉ်းကျနေသူများလည်း ရှိပါတယ်။ ၁၆ - ၅ - ၂ဝ၁၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်အ မှတ် ၂၈/၁၁ ဖြင့် ပြစ်ဒဏ်ခံရသူ ၁၄၇၅၈ ဦး လွတ်မြောက်ခဲ့ပြီး၊ သေဒဏ် ၆၅ရ ဦးဟာလည်း သေဒဏ်မှ လွတ်မြောက် ပြီးတော့ ထောင်ဒဏ်အဖြစ် ပြောင်းလဲကျခံခဲ့ရတာ တွေ့ပါတယ်။ အဲဒီထဲမှာလည်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် စစ်သည်များ လည်း ပါဝင်ခဲ့တာ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အရင်ကလို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သည့်နည်း တူ ထိုက်သင့်သော အချိန်အခါတွင် ထပ်မံပြီး အမိန့်များ ဆက်လက် ထုတ်ပြန်ပေးနိုင်ဖို့အတွက် ကျွန်တော့် အနေနဲ့ လေးစားစွာဖြင့် တင်ပြလိုပါတယ်။ (ဩဘာသံများ)

ဗိုလ်မှူးကြီး တင်ဆန်း (တပ်မတော်သား)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ပြန်တမ်းဝင်အမှတ် ကြည်း - ၁၈၈၄၁ ဗိုလ်မှူးကြီး တင်ဆန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးနှင့် စပ်လျဉ်းပြီးတော့ ဆွေးနွေးတင်ပြရရင် အကြောင်းအမျိုး မျိုးကြောင့် အကျဉ်းကျခံ နေရ သူများထဲမှာ တစ်ချိန်က ကျွန်တော်တို့နဲ့အတူ လက်တွဲပြီးတော့ အသက်ကို ပဓာနမထားဘဲ တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့သူ တပ်မတော်သား ရဲဘော်ရဲဘက်များလည်း ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ တာဝန်ထမ်းဆောင်စဉ် ကာလမှာ မွန်မြတ်တဲ့ စေတနာဖြင့် တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို ရင်းပြီးတော့ စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတို့ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုများ အပေါ် ငဲ့ညှာသောအားဖြင့် ယခင်ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ထုတ်ပြန်ပေးခဲ့သည့် နည်းတူ ထိုက်သင့်သည့် အချိန်အခါတွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေး ကို ထောက်ခံတင်ပြ အပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။ (ဩဘာသံများ)

ဥက္ကဋ္ဌ။ ။ အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးက ရှင်းလင်းဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကျန်းမာရွှင်လန်း ကြပါစေလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ် ချုပ်ကြီး ကိုကို ဖြစ်ပါတယ်။ ယခု ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ စပ်လျဉ်းတဲ့၊ တင်သွင်းတဲ့ အဆိုအပေါ်ကို ဆွေးနွေးကြ တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များကို နားလည် သဘောပေါက်ပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် တစ်ဦးဖြစ်ပါတယ်။ ယခုအဆိုနဲ့ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်မယ့် အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတကြီးထံကို အမြန်ဆုံး တင်ပြပေးသွားမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (ဩဘာသံများ)

ဥက္ကဋ္ဌ။ ။ ဒီအဆိုနဲ့ ပတ်သက်၍ မဲခွဲရန် မလိုတဲ့အဆို ဖြစ်ပါတယ်။ ခုနက ကျွန်တော် တင်ပြခဲ့သလို တော်တော်များများသော လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပေး ဖို့အဆို မဟုတ်ဘဲနဲ့ တင်ပြချက်များလည်း များစွာ ရရှိထားပြီး ဖြစ်ပါတယ်။ အခု ဆွေးနွေးတဲ့အခါမှာလည်း အားလုံးကြား သိပြီး ဖြစ်တဲ့အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်များကို ဆက်လက်ထုတ်ပေးဖို့ တင်ပြကြတဲ့သူ များစွာလည်း ရှိနေပြီးဖြစ်ပါတယ်။ ယမန်နေ့က ဦးသိန်းညွန့် တင်ပြချက်ထဲမှာ ကျွန်တော့်ကို နာမည်ပြောပြီးတော့ တင်ပြသွားတာ ရှိပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင်လည်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်က အမျိုး သား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဝင် ဖြစ်သလို ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အဲဒီနည်းတူပဲ ကျွန်တော် ဟာ ပြည်သူရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့် အပါအဝင် ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ မပြောမီကပင် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီဝင် တစ်ယောက်အနေနဲ့ကော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို အချိန်အခါပေါ် ကြည့်ပြီးတော့ ဆက်လက် ထုတ်ပြန်ပေး ဖို့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုလည်း တင်ပြထားပါတယ်။ သမ္မတကြီးကိုလည်း သီးခြားတင်ပြ ထား တာ ရှိပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကလည်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သင့်မြတ်သော အချိန်တွင် ဆက်လက် ထုတ်ပြန်ပေးရန် တင်ပြကြတာကို တွေ့ရှိရပါတယ်။ ကိုယ်စားလှယ်များရဲ့ တင်ပြချက်ဟာ ပြည်သူများရဲ့ဆန္ဒ ဖြစ်တာကြောင့် ဒီတင်ပြချက်ဟာ မဲခွဲဆုံးဖြတ်ရန် မလိုသော်လည်း လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ရဲ့ဆန္ဒ ရယူပါမယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သင့်မြတ်သောအချိန်တွင် ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါကြောင်း တင်ပြချက်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က သဘောတူပါသလား ခင်ဗျား။
[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်မှ သဘောတူပါသည်။]

ဥက္ကဋ္ဌ။ ။ လွှတ်တော်က သဘောတူတဲ့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သင့်မြတ်သော အချိန်တွင် ဆက်လက် ထုတ်ပြန်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား မေတ္တာရပ်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကို အတည်ပြုကြောင်း ကြေညာပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ် တဲ့ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မိမိတို့ လွှတ်တော်ရဲ့ဆန္ဒ မည်ကဲ့သို့ ရှိပါကြောင်း သမ္မတကြီး အား အမြန်ဆုံး တင်ပြပေးဖို့နဲ့ လွှတ်တော်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထဲရေးဝန်ကြီးအား ကူညီ ဆောင်ရွက်ပေး ဖို့ မေတ္တာရပ်ခံကြောင်း ထပ်လောင်း ပြောချင်ပါတယ်။

ဒီနေ့ ဆွေးနွေးမှုများနဲ့ ဆက်စပ်ပြီး ပြောရရင် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေနဲ့ ဒီတစ်ကြိမ်လုပ်တဲ့ ဒုတိယ အကြိမ် အစည်းအဝေးတွေမှာ ဆွေးနွေးမှုများဟာအင်မတန်မှ ကောင်းပါတယ်။ သို့ရာတွင် ကျွန်တော်တို့ သတိပြုရမယ့်ကိစ္စလေးတွေတော့ ရှိပါတယ်။ ဒီနေ့ဆိုလို့ရှိရင် မလိုအပ်တဲ့ အကြောင်းအရာ၊ မလိုအပ်တဲ့ စကားလုံးများ ပြောကြားခြင်းအားဖြင့် တစ်ဦးပေါ် တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများ ပျက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက် ဆွေးနွေး မယ့် ဆွေးနွေး မှုများမှာ အဓိကကျတဲ့ အနှစ်သာရရှိတဲ့ စကားများကို အခြေခံ ဆွေးနွေးကြပါ။ မလိုအပ်တဲ့ အကြောင်းအရာတွေ မလိုအပ်တဲ့ စကားအသုံးအနှုန်းတွေ ဒီမှာ ဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ မကြာခဏ ပြောနေကြတဲ့ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေကင်းပြီး၊ အများအကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် လုပ်ကြရအောင်ဆိုတဲ့ ကျွန်တော်တို့ ရဲ့ ကောင်းမွန်လှတဲ့ စေတနာတွေ၊ ရည်ရွယ်ချက်တွေ မပျက်စီး စေလိုပါဘူး။
ဒါကို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အလေးအနက်ထား ချင့်ချိန်ပြောဆိုသွားဖို့ လိုပါတယ်။ လွှတ်တော်တစ်ရပ် ကျင်းပတဲ့နေရာ မှာ မလိုအပ်တဲ့ ကြန့်ကြာမှု၊ နှောင့်နှေးမှုများ ပြုခြင်းအားဖြင့် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်များလည်း ထိခိုက်ပါ တယ်။ ဒီလို စုံညီလွှတ်တော် အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ဆိုတဲ့ နေရာမှာ ကိုယ်စားလှယ်များရဲ့ အချိန်တွေ၊ လုပ်အားတွေ အများကြီး ထည့်ရသလို နိုင်ငံတော်ဘက်က ကျခံသုံးစွဲရတဲ့ ငွေကြေးတွေ၊ ပစ္စည်းတွေ များစွာ ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကျင်းပရတဲ့ အချိန်မှာ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဖြစ်သွားဖို့ လိုပါတယ်။ ပြန်တွက်ကြည့်ပါ၊ တစ်ရက်တစ်ရက်ကို ကုန်ကျမယ့် စရိတ်တွေဟာ နိုင်ငံတော်ငွေတွေပါ။ အစိုးရငွေ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ အစိုးရလည်း တခြားစီပါ။ ဒီထက်ပြောမယ်ဆိုရင် ပြည်သူ့ငွေတွေပါ။ ပြည်သူ့ငွေတွေကို ကျွန်တော်တို့ ဖြုန်းတီးရာ မရောက်အောင် ခုန လွှတ်တော် ကျင်းပတဲ့အခါမှာလည်း လိုတဲ့စကားပြော၊ မလိုအပ်တဲ့စကားတွေ မပြောနဲ့ ၊ အကြောင်းအရာ အားဖြင့်ကော၊ စကားလုံးအားဖြင့်ကော အကြောင်းအရာအတွက် ငြင်းခုံရတာတွေ၊ ပြဿနာတွေ ရှိသလိုပဲ ဒီစကားလုံး တစ်လုံးအ တွက် ငြင်းခုံပြောဆိုရ ပြီးတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ၊ ခင်မင်မှုတွေ၊ လေးစားမှုတွေ ပျက်ယွင်းသွား မယ် ဆိုလို့ရှိရင် ခင်ဗျားတို့၊ ကျွန်တော်တို့ လိုချင်တယ်ဆိုတဲ့ လွှတ်တော်ကြီး ခိုင်မာတောင့်တင်းဖို့၊ အရည်အချင်း ရှိဖို့၊ ခိုင်မြဲဖို့ဆို တဲ့ နေရာမှာ သွားပြီးတော့ လျော့ပါးသွားနိုင်ပါတယ်။ လွှတ်တော် မရှိဘူးဆိုရင်၊ လွှတ်တော် မခိုင်မာဘူးဆိုရင် ပြည်သူ့ အာဏာ စိုးပိုင် မှု မရှိဘူးဆိုတဲ့ဟာကို အားလုံးသော လွှတ်တော်ကိုယ်စားလှယ်များက နားလည်ဖို့ လိုပါတယ်။ အဲဒီအတိုင်းပဲကျွန်တော်တို့တွေ ကို ပြည်သူတွေက ယုံကြည်လို့ အပ်နှင်းထားတဲ့ အခွင့်အရေးတွေ အလွဲသုံးစား မလုပ်မိဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က ပြည်သူ့အတွက်၊ နိုင်ငံတော်အတွက်၊ အများပြည်သူအတွက်၊ ပြည်ထောင်စုအတွက် ဒီကိစ္စမှတစ်ပါး လွှတ်တော်ကိုယ်စားလှယ်တွေ အခြား ဒီလွှတ်တော်အတွင်းမှာ လုပ်စရာအကြောင်း မရှိဘူးဆိုတာကိုလည်း ဒီကနေ့ ထပ်လောင်းပြီးတော့ တင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ရှေ့ဆက်သွားတဲ့ ခရီးမှာ ခုန ကျွန်တော်ပြောခဲ့တဲ့ မလိုလားအပ်တဲ့ အကြောင်းအရာများနဲ့ မလိုလားအပ်သော စကားအသုံးအနှုန်းများကို လွှတ်တော်အတွင်း သယ်ဆောင်လာခြင်းအားဖြင့် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု၊ ဒီထက် ပြောရမယ်ဆိုရင် စည်းလုံးညီညွတ်မှုပျက်ပြားစေတဲ့ဟာတွေမဖြစ်ဖို့အားလုံးသတိရှိ ဆောင်ရွက်သွား ဖို့ လိုကြောင်း တင်ပြလိုပါတယ်။ ယခု ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ၂ဝ၁၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ တနင်္လာနေ့ ၁ဝ နာရီအချိန်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ကြောင်း ကြေညာပါတယ် ။ (ဩဘာသံများ)

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြန်လည် ထွက်ခွာပါပြီ ခင်ဗျား။

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဧည့်သည့်တော်များ အားလုံး ထွက်ခွာနိုင်ကြပါပြီ ခင်ဗျား။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */