“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 30, 2011

မြစ်ဆုံအရေး လက်မှတ်ထိုး တောင်းဆိုကြမည်

လင်းသန့် Monday, 29 August 2011 16:37 (ပေးပို့ သူ-ဗမာ့သွေး)
ကချင်ပြည်နယ် မေခ၊ မလိခမြစ် ပေါင်းဆုံသည့်ဒေသ၌ မြစ်ဆုံဆည် စီမံကိန်းကြီး ဆောက်လုပ်နေခြင်းသည် အလွန်အန္တရာယ် များသည့်အတွက် အမြန် ဆုံး ရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း “ဧရာဝတီကို ထာဝရ ရှင်သန်စေ လို သူများ” က ပြောသည်။

တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည်ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြသည်ဟု ဆိုသည်။

“ကျနော်တို့ က သမ္မတဦးသိန်းစိန်ဆီကို စာကတော့ တင်ပြီးသွားပါပြီ။ အဲဒီနောက်ဆက်တွဲ လက်မှတ်ထိုးထားတာတွေက ရန်ကုန်တခွင်မှာတောင် ထောင်ချီ ရှိလာပါပြီ။ အခု နယ်တွေ ဖြန့်ထားတာတွေ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ခက် နေတာတွေကြောင့် မရောက်သေးတာတွေလည်း ရှိပါတယ်။ အခု လက်မှတ်ရေးထိုးမှုက အရှိန် အတော်ရနေပါပြီ” ဟု ဦးဆောင် လှုပ်ရှားနေသူ တဦး ဖြစ်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှ တဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ တရားဝင် ပို့မည်ဟု ဆိုသည်။

ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။

မြစ်ဆုံဆည် စီမံကိန်း ဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းတွင် လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးထွန်းမြင့်နိုင်၏ အေရှဝေါလ် ကုမ္ပဏီက ပါဝင် လုပ်ဆောင်နေကြောင်း သိရသည်။

စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ပြီး အစီရင်ခံစာ တစောင် ပြုစုခဲ့သည်။ မကြာသေးမီကမှ ထိုအစီရင်ခံစာ ပြင်ပသို့ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ငလျင်ကြောပေါ်တွင် တည်ရှိသည့် မြစ်ဆုံဆည်ကြီးသည် ရေထုကြီးမားပြီး သဘာဝ ဖောက်ပြန်မှု တခုခု ဖြစ်ပေါ်ပါက မြစ်ကြီးနားမြို့ အပါအ၀င် အနီးရှိမြို့ဒေသများ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစား ရနိုင်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားကြောင်း သိရသည်။

သို့သော် မြန်မာနှင့် တရုတ်အစိုးရတို့က အစီရင်ခံစာပါ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့် အချက်အများ အပါ အ၀င် အရေးကြီးသည့် ဆိုးကျိုးများကို လျစ်လျူရှုပြီး ဆက်လက် ဆောက်လုပ်နေကြောင်း၊ ဧရာဝတီမြစ် ပျက်စီး ပျောက်ကွယ်မသွားရေးသည် အားလုံးအတွက် အရေးကြီးကြောင်း ကိုမြတ်သူက ပြောသည်။

“မြစ်ဆုံအလှက ကချင်ပြည်နယ်ရဲ့ သင်္ကေတဖြစ်တယ်။ ယဉ်ကျေးမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာ တွေ စတဲ့ အများကြီး ဆက်စပ်နေတဲ့ ကိစ္စ ဖြစ်တယ်။ ကချင်ပြည်နယ်ဒေသတင် မကဘူး။ ဆည်ဆောက်လိုက်တော့ မြစ်ရေက ထိန်းသလိုဖြစ်သွားရင် မြစ်ရေ နည်းသွားမယ်။ ပင်လယ်ဆားငန်ရေ တိုးဝင်လာမယ်။ ဧရာဝတီမြစ်ရိုးတလျှောက် မှီတင်း လုပ်ကိုင်စားသောက်သူ အားလုံး ထိခိုက်သွားမယ့် အရေးလည်း ဖြစ်နေတယ်၊ ဒါက အမျိုးသားရေး တာဝန်တရပ် ဖြစ်လာတယ်” ဟု သူက ဆက်လက် ရှင်းပြသည်။

ရုပ်ရှင်သရုပ်ဆောင်ကျော်သူ အပါအ၀င် ထင်ရှားသည့် အနုပညာရှင်များကလည်း စုပေါင်း လက်မှတ်ရေးထိုးမှုတွင် ပါဝင် လုပ်ဆောင်နေကြသည်။

သတင်းစာဆရာ လူထုစိန်ဝင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ကဲ့သို့ ထင်ရှားသူများက ဧရာဝတီ မြစ်နှင့် မြစ်ဆုံရေကာတာတို့ကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲများအရေးကို စိုးရိမ်ပူပန်ကြောင်း လူသိရှင်ကြား ပြောဆိုကြသဖြင့် အများပြည်သူက ပို၍ စိတ်ဝင်စားလာသည်။

“ဒီလှုပ်ရှားမှုက တခြားသော နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မတူပါဘူးခင်ဗျ။ နိုင်ငံရေး လှုပ်ရှားမှုတွေက နိုင်ငံရေး သီးသန့်အနေနဲ့ လုပ်တာလို့ ထင်မြင်ယူဆကြတဲ့ လူတွေရှိကြတာပဲလေ။ ဒီလှုပ်ရှား မှုက ဧရာဝတီမြစ်ကြီး မတိမ်ကော မပပျောက်အောင် ပင်မအရင်းခံ မိမိရဲ့နိုင်ငံနဲ့ ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးကြတဲ့ အနုပညာရှင်တွေသာ မကပါဘူး။ အားလုံးကလည်း ထောက်ခံ လက်မှတ် ရေးထိုးပေးကြပါတယ်ခင်ဗျ” ဟု Hip Hop အဆိုတော် ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။

မကြာသေးမီက မြန်မာအစိုးရပိုင် သတင်းစာများတွင် ဧရာဝတီမြစ်ဆုံဆည် ကိစ္စနှင့် ပတ်သက်၍ ကာကွယ် ရေးသားလာကြသည်။ စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာမည်ဟု ဆိုပြီး စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်မည်ဟု ဆိုသည်။

“အစိုးရက ဖွံ့ဖြိုးရေးအတွက်၊ အလုပ်အကိုင် အခွင့်အလမ်း စတာတွေအတွက်လို့ ပြောပေမယ့် ကျနော်တို့ကတော့ ပြည်သူတွေဘက်က စိုးရိမ်ပူပန်တဲ့ အကြောင်း ကို လက်မှတ်ထိုး တင်ပြတဲ့အပိုင်းကို လုပ်နေတာပါ။ ဒီရဲ့ ဆိုးကျိုးတွေ ကို ပညာရှင်တွေက ထောက်ပြထားတာတွေနဲ့ ပတ်သက်ပြီး မသိသေးသူတွေကိုလည်း သိအောင်၊ သိပြီးသားသူတွေကလည်း ပူးပေါင်း ပါဝင်ဖို့ လိုတယ်” ဟု ကိုမြတ်သူက ပြောသည်။

ဧရာဝတီတွင် စုစုပေါင်း ဆည် ၈ ခု တည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများက ၂၀၀၇ ခုနှစ် ကတည်းက သဘောတူခဲ့ကြသည်။ ထို ဆည် ၈ ခု မှ ရေအားလျှပ်စစ် ထုတ်ယူကာ တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

မြစ်ဆုံဆည်ကြီးသည် အဆိုပါ ဆည် ၈ ခုထဲတွင် အကြီးဆုံးဖြစ်ပြီး တည်ဆောက် ပြီးစီးသွားလျှင် ဧရာဝတီမြစ်ကြီး၏ မူလ အစ ပြောင်းလဲသွားမည်ဟု လက်မှတ်ရေးထိုးသူ တဦးက ဧရာဝတီကို ပြောသည်။

“မေခ မလိခ မြစ်ဆုံဆိုတာ ပျောက်ကွယ်သွားပြီး မြစ်ဆုံဆည်ကြီးကနေ ဧရာဝတီက မြစ်ဖျားခံတယ် ဆိုတာ ဖြစ်လာမယ်။ ဒါကလည်း တရုတ်ဘက်ကို ဖြစ်ထွန်းမှု လျှပ်စစ်ဓာတ်အားတွေ ရောင်းမှာ ဆိုတော့ တရုတ်အစိုးရပိုင် ဖြစ်သွားမယ့်သဘောပေါ့၊ ဧရာဝတီရဲ့ မြန်မာ့ယဉ်ကျေးမှုကို တရုတ်အစိုးရ လက်ထဲ ၀ ကွက်အပ်လိုက်သလို ဖြစ်နေတာ” ဟု လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းကြီး အမြန်ဆုံး ရပ်တန့်ရေးအတွက် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှု ဦးဆောင်သူများက ပြောသည်။

မကြာသေးမီကာလ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ် နှင့် ရင်ဆိုင်နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ ကြောင့်ဖြစ် သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */