“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 17, 2010

ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်


NEJ / ၁၇ စက်တင်ဘာ ၂၀၁၀

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သည့် သခင်အုန်းမြင့် အသက် (၉၃) နှစ်သည် ယနေ့နံနက် (၄) နာရီခွဲအချိန်တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး၊ သုခ၀တီလမ်း၊ အမှတ် ၃ (ဘီ) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။

သခင်အုန်းမြင့်၏ သားဖြစ်သူ ဦးညီက “ဖြစ်တာတော့ ကြာပါပြီ။ လူကြီးပဲ တဖြည်းဖြည်းဆုတ်တာပေါ့ဗျာ။ (၉၃) နှစ်ဆိုတော့လည်း။ နည်းနည်းလေး အိပ်ရာထဲမှာလဲနေတာတော့ တလလောက်ရှိပြီ။ လူကြီးနာပါပဲ။ ဒီနေ့မနက် (၄) နာရီခွဲမှာ ဆုံးသွားတာပါ” ဟု ပြောကြားသည်။

သခင်အုန်းမြင့်သည် ထူးထူးခြားခြား ခံစားနေရသည့် ရောဂါမရှိဘဲ အသက်ကြီးလာသဖြင့် လူကြီးနာဖြင့် မီးစာကုန်ဆီခန်း ဆုံးပါးသွားခြင်းသာ ဖြစ်ကြောင်း သိရသည်။

သခင်ဦးအုန်းမြင့်သည် ၁၉၃၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၃၈ ခုနှစ်တွင် တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ကာ သခင်အမည်စတင်ခံယူခဲ့သည်။ ထို့နောက် ဦးချစ်မောင်နှင့်အတူ ထုတ်ဝေသူနာမည်ခံကာ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဆောင်းပါးများ ရေးသားခဲ့သည်။

သခင်အုန်းမြင့်သည် နိုင်ငံကို လွတ်လပ်စေချင်သည့်စေတနာ အလွန်ကြီးမားသူဖြစ်သည့်အပြင် လူငယ်မျိုးဆက်များကို နိုင်ငံရေးအသိဉာဏ် ပွင့်လင်းစေသည့် စေတနာအလွန်ကြီးမားသူဖြစ်ကြောင်း မြန်မာသတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဇင်လင်းက ပြောကြားသည်။

“သခင်အုန်းမြင့်ကတော့ လူငယ်မျိုးဆက်သစ်တွေကို နိုင်ငံရေးအသိအမြင် ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်။ နိုင်ငံကို လွတ်လပ်စေချင်တဲ့ စေတနာ အလွန်ကြီးတဲ့သူပါ။ သူက သမိုင်းကို စနစ်တကျ မှန်မှန်ကန်ကန်သိအောင် လုပ်တဲ့သူပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် သခင်အုန်းမြင့်သည် လူငယ်နိုင်ငံရေးသမားများကို အကူအညီပေးခဲ့သူ တဦးလည်းဖြစ်သည်ဟု ဦးဇင်လင်းက ပြောသည်။

၎င်းက “သူ့ဟာ အသက်အရွယ်ကြီးတဲ့တိုင်အောင် ကျောင်းသားသမိုင်းစာအုပ် ကိစ္စတုန်းကလည်း အာဏာပိုင်တွေရဲ့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံလိုက်ရတယ်။ ထောင်ထဲလည်း ၀င်ချည်ထွက်ချည်ပါပဲ။ ထောင်ထဲမှာလည်း လူငယ်နိုင်ငံရေးသမားတွေကို သူကအများကြီး ကူညီပံ့ပိုးခဲ့ပါတယ်။ အပြင်မှာနေခဲ့တဲ့ တလျှောက်လုံးမှာလည်းပဲ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီခဲ့တယ်။ ပံ့ပိုးခဲ့တယ်။ နိုင်ငံရေးအင်အားစုတွေနဲ့ပတ်သက်တဲ့ ပွဲလမ်းစတာတွေမှာလည်း သခင်အုန်းမြင့်ဟာ အမြဲတန်းရှေ့တန်းကနေ လူအား ငွေအား သူတတ်နိုင်သမျှ ၀ိုင်းဝန်းဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

သခင်အုန်းမြင့်သည် ယခင်ကာလများကတည်းက အမြဲမပြတ် ဆုံလေ့ဆုံထရှိသည့် မိတ်ဆွေရောင်းရင်းများ နေအိမ်တို့တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ မျိုးဆက်သစ်လူငယ်နိုင်ငံရေးသမားများနှင့်ပါ ထိတွေ့ဆုံဆည်းမိအောင် အမြဲတန်း ဖန်တီးလေ့ရှိသူတဦးဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအတွက် လူမှုအထောက်အကူသဘောမျိုး လုပ်ဆောင်ရာတွင် အားတက်သရော လုပ်ဆောင်ခဲ့သူဖြစ်သည်ဟုလည်း ဦးဇင်လင်းက ပြောသည်။

“သခင်အုန်းမြင့်ရယ်၊ ကျနော်ရယ်၊ ကွယ်လွန်သွားတဲ့ ဗိသုကာဦးကျော်မင်းတို့ဟာ ၁၉၉၉ မေလမှာ အိုင်စီအာစီ မြန်မာနိုင်ငံလာ ရုံးမစိုက်ခင်မှာ အိုင်စီအာစီ ရောက်လာရင် အစဉ်သင့်ဖြစ်ဖို့အတွက်ဆိုပြီး ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုတဲ့နေရာမှာ သူ့ဟာ အံသြလောက်အောင်ကို တခါတည်းခရီးသွားခဲ့တယ်။ အပြေးအလွှားလုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသား (၁,၆၀၀) ကျော်လောက် ကျနော်တို့ရခဲ့တယ်။ အိုင်စီအာစီအတွက် အခင်းအကျင်းတွေကို သူအများကြီး ကြိုစီစဉ်ပေးခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

သခင်အုန်းမြင့်သည် လွတ်လပ်ရေးခေတ်တိုက်ပွဲများမှာကတည်းက လူငယ်ဘ၀တွင် တာဝန်ကျေခဲ့သည့် နိုင်ငံရေးသမားကြီးတဦးဖြစ်ပြီး ယခုခေတ်တွင်လည်း သူလုပ်စရာရှိသည်များကို တောက်လျှောက် တက်တက်ကြွကြွဖြင့် လုပ်ဆောင်ခဲ့ကြောင်း ဦးဇင်လင်းက ပြောဆိုသည်။

၎င်းက “ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအဖို့တော့ အခုလိုအဘ သခင်အုန်းမြင့် ကွယ်လွန်သွားခြင်းဟာ အင်မတန်ကို ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ ကျနော်တို့အဖို့ တကယ်ကို အားကိုးရာ တောင်ကြီးတခု ပြိုလဲသွားသလိုပါပဲ။ အင်မတန်ကို အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတခုပါပဲ” ဟု ပြောကြားသည်။

သခင်အုန်းမြင်၏ အိမ်ထောင်ဘက်မှာ ဒေါ်မြမြ (ကွယ်လွန်) ဖြစ်ပြီး သားသမီး (၆) ဦးရှိသည့်အနက် သက်ရှိထင်ရှား သားသမီး (၄) ဦးသာ ကျန်ရှိသည်။ သခင်အုန်းမြင့်၏ ဈာပနကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရေဝေးသုဿန်၌ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */